မီးသတ်ကားတွေ၊ တစ်ကိုယ်ရည်သုံး အကာအကွယ်ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ မြောက်ကိုရီးယား စစ်ရေးပြ 

မီးသတ်ကားတွေ၊ တစ်ကိုယ်ရည်သုံး အကာအကွယ်ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ မြောက်ကိုရီးယား စစ်ရေးပြ 

စက်တင်ဘာ ၁၀

မြောက်ကိုရီးယားနိုင်ငံဟာ အရင်ပုံစံ တင့်ကားတွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့အစား နောက်တွဲယာဉ်ဆွဲ အမြောက်တွေ၊ မီးသတ်ကားတွေနဲ့ တစ်ကိုယ်ရည် အကာအကွယ်ဝတ်စုံ လိမ္မော်ရောင်ဝတ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်ရေးပြအခမ်းအနားကို ပြုံယမ်းမှာ ကြာသပတေးနေ့ အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းကို မကြာသေးတဲ့ နှစ်တွေက သံတမန်ဆက်ဆံရေး အကောင်အထည် ဖော်တဲ့ကာလအတွင်းမှာတောင် ဆက်လက်ဖော်ဆောင်နေခဲ့ပြီး စစ်ရေးပြပွဲတွေမှာလည်း နောက်ဆုံးထုတ် လက်နက်တွေကို ပြသလေ့ ရှိခဲ့တာပါ။ 

နောက်ဆုံးတစ်ခုအနေနဲ့ ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာမဆိုခင် ရက်ပိုင်းအလို ဇန်နဝါရီလအတွင်း ကင်အီဆွန်းရင်ပြင်မှာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပြုံးပျော်ရယ်မောနေတဲ့ ခေါင်းဆောင် ကင်ဂျုံးအွန်ရှေ့ လှည့်လည်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ပဲ့ထိန်းဒုံးကျည်တွေဟာ ‘ကမ္ဘာမှာ စွမ်းအားအပြင်းဆုံး လက်နက်’အဖြစ် နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ မီးရထားဝန်ကြီးဌာန၊ Air Koryo လေကြောင်းလိုင်းနဲ့ Hungnam Fertilizer Complex ဓာတ်မြေဩဇာစက်ရုံတွေက တပ်ဆွယ်အင်အားတွေ ပါဝင်တယ်လို့ KCNA သတင်းအရ သိရတဲ့ ‘အရန်တပ်များနှင့် အများပြည်သူလုံခြုံရေးတပ်များ’ စစ်ရေးပြပွဲကတော့ သိသိသာသာ မာန်ထောင်ပလွှားမှု နည်းပါးခဲ့ပါတယ်။ 

ရိုင်ဖယ်ကိုင်ဆောင် ကျောင်းသားတွေ၊ ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ လိမ္မော်ရောင် အကာအကွယ်ဝတ်စုံဝတ် အမှုထမ်းတွေနဲ့ ယန္တရားအရန်တပ်ဖွဲ့ဝင်တွေနဲ့ ဒီ စစ်ရေးပြပွဲမှာ ပါဝင်သူတွေနဲ့ ပရိသတ်တွေဟာ နှာခေါင်းစည်း မတပ်ဆင်ထားကြတာကိုလည်း ဗီဒီယိုပုံရိပ်တွေအရ မြင်တွေ့ရပါတယ်။ 

ပြသတဲ့အထဲမှာ အကြီးဆုံး လက်နက်တွေကတော့ နောက်တွဲယာဉ်ဆွဲ အမြောက်ငယ်အပိုင်းအစပဲ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ လယ်ယာမြေလုပ်သားတွေ မောင်းနှင်တဲ့ ဒီ နောက်တွဲယာဉ်တွေဟာ အရေးပေါ်အခြေအနေမှာ သုတ်သင်ချေမှုန်းရေး မီးသတ်အင်အားနဲ့အတူ ကျူးကျော်သူတွေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ရင်ဆိုင်ချေမှုန်းမှာ ဖြစ်တယ်ဆိုပြီး KCNA သတင်းက ပြောဆိုတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ရေးပြပွဲတစ်ရပ်ရဲ့ အထွဋ်အထိပ်အဖြစ် အကြီးစား ဒုံးကျည်တွေအစား ရင်ပြင်ထဲ နောက်ဆုံး ယူနစ်အဖြစ် ဝင်ရောက်လာတာကတော့ အများပြည်သူလုံခြုံရေးတပ်ရဲ့ မီးသတ်တပ်ရင်း ချီတက်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

စစ်ရေးပြပွဲ ညလယ်မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်ချိန် ကောင်းချီးပေးကြွေးကြော်ကြတဲ့ လူအုပ်ရှေ့ မီးခိုးဖျော့ရောင် အနောက်တိုင်းဝတ်စုံနဲ့ လည်စည်း ချည်နှောင်ထားတဲ့ ခေါင်းဆောင် ကင်ဂျုံးအွန် ထွက်ပေါ်လာခဲ့ပြီး နိုင်ငံက ပြည်သူအားလုံးကို နွေးထွေးစွာ နှုတ်ခွန်းဆက်သခဲ့တယ်လို့ KCNA သတင်းက ဖော်ပြပါတယ်။ ကင်ဂျုံးအွန် မိန့်ခွန်းပြောမပြောကိုတော့ ယင်းသတင်းဌာနက ဖော်ပြခဲ့ခြင်း မရှိပါ။ 

“ဒီ အခြေအနေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေတယ်၊ နောက်ထပ် အကဲဖြတ်နိုင်ဖို့ အသေးစိတ်အချက်အလက်တွေ ပိုလိုအပ်တယ်”ဆိုပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly