မြန်မာစစ်ခေါင်ဆောင်ရဲ့ မိသားစု စီးပွားများ

မြန်မာစစ်ခေါင်ဆောင်ရဲ့ မိသားစု စီးပွားများ
လေတပ်နှစ်ပတ်လည် ၂၀၁၉ ခုနှစ်ပွဲတွင် တပ်မတော်စစ်ဦးစီးချုပ်မင်းအောင်လှိုင် ဂျက်တိုက်လေယာဉ်ထဲ တွင်ထိုင်နေစဉ် လေတပ်ဦးစီးချုပ် မောင်မောင်ကျော် (ရပ်နေသူ) ကြည့်နေပုံ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏အစိုးရဝက်ဆိုက်/ ရိုက်တာသတင်းဌာနပုံ

ယခုနှစ်ဆန်းပိုင်းက မြန်မာ့ဒီမိုကရေစီကို ဖြိုချလိုက်သည့် စစ်အစိုးရတွင် လေတပ်ဦးစီးချုပ် မောင်မောင်ကျော်သည် အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူ့သားနှင့်တူမှာ စစ်တပ်မိသားစု၏ငယ်ရွယ်သောမျိုးဆက်သစ် ဖြစ်ပြီး ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေသည်။ ထိုအထဲတွင် စစ်တပ်အတွက် ပစ္စည်းများ တင်သွင်းခြင်းလည်း ပါသည်။

POPPY MCPHERSON, READE LEVINSON, JOHN GEDDIE, WA LONE, SIMON LEWIS နှင့် STEPHEN GREY တို့ရေးသည်။

၇ စက်တင်ဘာ ၂၀၂၁။ နံနက် ၁၁ နာရီ ဂရင်းနစ်စံချိန်

မြန်မာစစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် ဆယ်စုနှစ်တစ်ခုနီးပါး ငြိမ်သက်ပျောက်ကွယ်နေခဲ့သော တွစ်တာအကောင့်တစ်ခုသည် ပြန်လည်အသက်ဝင်လာသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား ထိုအကောင့်ပိုင်ရှင်က သရော်လှောင်ပြောင်သည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ကတည်းက ဖြစ်ပွားခဲ့သော ထိုဆန္ဒပြပွဲများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်က မြို့တော် နေပြည်တော်တွင် ဆန္ဒပြသူများကို မီးသတ်ပိုက်ဖြင့် ထိုးခွဲနှိမ်နင်းနေပုံကို ကြည့်ပြီး သူက တိုင်းပြည်၏ ရိုးရာသင်္ကြန်ပွဲနှင့် တူသည်ဟုဆိုကာ “သင်္ကြန်ပွဲကစောလိုက်တာလို့” ဟု လှောင်ပြောင်ပြောဆိုခဲ့သည်။

ရက်သတ္တပတ်အနည်းငယ်အကြာ ထိုအကောင့်ပိုင်ရှင်ကပင် “ ငါ…အနီတွေ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို ရည်ညွှန်း ဆဲဆိုခဲ့သည်။ ဒေါ်စုသည် နိုဗယ်ဆုရှင်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် သူ့အစိုးရပြုတ်ကျကာ သူလည်း အဖမ်းခံခဲ့ရသည်။

ဖေဖော်ဝါရီလဆန်းတွင် ရန်ကုန်မှဆန္ဒပြသူများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ရွေးချယ်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်တောင်းဆိုနေပုံ (ရိုက်တာ/ကော်လံစားသတင်းထောက်)

ထိုအကောင့်ကို ပြန်လည်စစ်ဆေးကြည့်ရှုရာ စစ်အာဏာသိမ်းအဖွဲ့၏ အဓိကပုဂ္ဂိုလ်ဖြစ်သော လေတပ်ဦးစီးချုပ်၏ အသက် ၃၃ နှစ်အရွယ်သား အိုင်ဗင်ထက်၏ အကောင့်ဖြစ်ကြောင်း သိရှိရသည်။

သို့သော် အိုင်ဗင်ထက်သည် တပ်မတော်ကို ယခင်က လှိုက်လှိုက်လှဲလှဲထောက်ခံခဲ့သူတော့ မဟုတ်ပေ။ တပ်မတော်ဆိုသည်မှာ မြန်မာစစ်တပ်ကို ပြောခြင်းဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက မြန်မာပြည် (ထိုစဉ်က ဗမာပြည်) နိုင်ငံရေးကို လွှမ်းမိုးခဲ့သော အဖွဲ့အစည်းဖြစ်သည်။ သူသည် သူ့ဇနီး လင်းလက်သီရိနှင့်အတူ စစ်တပ်ကို လက်နက်တင်သွင်းခြင်းဖြင့် ငွေရှာရန်နေသူလည်းဖြစ်သည်။ သူတို့ ဇနီးမောင်နှံသည် မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းတင်သွင်းရန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကိုပူးတွဲတည် ထောင်ခဲ့သူများဖြစ်ကြောင်း ရိုက်တာက တွေ့ရှိခဲ့သည်။

ကော်ပိုရိတ်စာရွက်စာတန်းများနှင့် စစ်တပ်ပစ္စည်းဝယ်ယူမှု စာရွက်စာတန်းများကို ရိုက်တာကကြည့်ရှုစစ်ဆေးခဲ့ပြီး အိုင်ဗင်ထက်မိသားစုနှင့် အဆက်အသွယ်ရှိသူများ၊ ၎င်းတို့၏မိတ်ဆွေများအပြင် ကာကွယ်ရေးပစ္စည်း ကန်ထရိုက်တာများကို တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းမှရရှိခဲ့သော အချက်အလက်များအရ စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းအကျိုးစီးပွားများရှိနေသည့် စစ်တပ်မိသားစုများ၏ မျိုးဆက်သစ်လူငယ်များဖြစ်ကြောင်း တွေ့ရှိရသည်။

သားနှင့် ချွေးမအပြင် လေတပ်ဦးစီးချုပ်၏တူနှင့်တူမတို့မှာလည်း ထိုစီးပွားရေးလုပ်ငန်းများနှင့် ကြီးပွားနေသူများဖြစ်ကြသည်။ သူတို့သည် တိုင်းပြည်လေကြောင်းကဏ္ဍကို ပစ္စည်းပေးသွင်းနေသည့် ကုမ္ပဏီတစ်ခုကို ပိုင် ဆိုင်ထားကြသည်ဟု ကော်ပိုရိတ်စာရွက်စာတန်းများနှင့် မီဒီယာအင်တာဗျူးများက ပြသနေသည်။ လေတပ်ဦးစီးချုပ်၏တူသည် မြန်မာစစ်တပ်ကို ပစ္စည်းပေးသွင်းနေသည့် အရောင်းအဝယ်များတွင် ပါဝင်ပတ်သက်နေသည်ဟု ကာကွယ်ရေးကန်ထရိုက်တာနှစ်ဦးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် မြန်မာလေကြောင်း လိုင်းအရာရှိတစ်ဦးတို့က ရိုက်တာကို ပြောပြခဲ့သည်။

မောင်မောင်ကျော် (အသက် ၅၇ နှစ်) သည် ၂၀၁၈ ခုနှစ်တွင် လေတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး လေတပ်ခေတ်မီရေး အစီအစဉ်များကို ဦးဆောင်ပြုလုပ်ခဲ့သည်။ လေယာဉ်များအဆင့်မြှင့်တင်ရေးအတွက် ဒေါ်လာ သန်းပေါင်းရာချီ အသုံးပြုခဲ့သည်။ ထိုလေယာဉ်များသည် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျူးလွန်သည်ဟု ဆယ်စုနှစ်ပေါင်းများစွာ စွပ်စွဲခံနေရသော စစ်တပ်ကို အထောက်အကူပြုမည့် ယာဉ်များဖြစ်သည်။ ထိုကျူးလွန်မှုများတွင် “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့်” ရိုဟင်ဂျာလူနည်းစုများကို ၂၀၁၇ ခုနှစ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ပါဝင်သည်။ စစ်တပ်ကမူ ထိုအချက်ကို ငြင်းဆိုခဲ့ပြီး ရဲစခန်းများကို တိုက်ခိုက်သည့် စစ်သွေးကြွများကို တရားဝင် စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ဧရာဝတီတိုင်းဒေသကြီးတွင် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်နေသည်ကို လေ တပ်ဦးစီးချုပ် မောင်မောင်ကျော် (ယာ) နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ကြည့်ရှုနေကြစဉ်။ (ရိုက်တာ/ကော်လံစားသတင်းထောက်)

စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်ပေါ်လာခဲ့သောဆန္ဒပြပွဲများတွင် လူပေါင်း ၁,၀၀၀ ကျော် အသတ်ခံခဲ့ရသည်ဟု ဒေသခံလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ကပြောသည်။ ထိုဆန့်ကျင်ဆန္ဒပြမှုများကို နှိမ်နင်းရာတွင် စစ်တပ်ဖွဲ့ဝင်များ ပို့ဆောင်ရေးအတွက် လေတပ်ကို အသုံးပြုခဲ့သည်။ မျက်မြင်သက်သေများ၏ အပြောအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်လေယာဉ်မှ ဗုံးကြဲရာတွင် အရပ်သားများလည်း သေဆုံးခဲ့သည်ဟုဆိုသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ ဓာတ်ပုံများနှင့်ရေးသားချက်များအရ လေတပ်ဦးစီးချုပ်၏မိသားစုသည် မြန်မာနိုင်ငံသား အများစုမတတ်နိုင်သော လက်လှမ်းမမီသော နေပုံထိုင်ပုံမျိုးဖြင့် နေထိုင်ခဲ့သည်ကို တွေ့ရသည်။ စင်္ကာပူရှိ ဈေးကြီးသော နေရာများတွင် ပါတီပွဲများ ကျင်းပကြသည်။ ဘန်ကောက်၊ လန်ဒန်နှင့် Santorini ကျွန်းတို့ သို့ အလည်အပတ်ခရီးများ သွားရောက်ခဲ့သည်။

အိုင်ဗင်ထက်သည် အခွင့်ထူးခံဘဝဖြင့် ကြီးပြင်းလာခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာက ကျင်းပခဲ့သည့် သူ၏ လက်ထက်ပွဲကို သူ့ဖခင်နှင့် ယခုအာဏာသိမ်း ခေါင်းဆောင်တိုင်းပြည်၏အမြင့်ဆုံး စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ရှေ့မှောက်တွင် ပြုလုပ်ခဲ့သည်။ ကော်ပိုရိတ်မှတ်တမ်းများအရ နောက် ၃ လအကြာ ဗြိတိသျှနိုင်ငံတွင် ပညာသင်ကြားခဲ့သော ဗိသုတာတစ်ဦးဖြစ်သည့် အိုင်ဗင်၏ဇနီးသစ်ကလေးနှင့်အတူ Alliance Engineering Services Co. Ltd. ကို တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီ၏ လုပ်ငန်းတာဝန်မှာ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့များကို ခေတ်မီအောင်လုပ်ရန်ဖြစ်သည်ဟု ယင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးလုပ်ငန်း ကန်ထရိုက်တာနှစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ကို ရိုက်တာကတွေ့ဆုံမေးမြန်းခဲ့ရာ ထိုကုမ္ပဏီကို အိုင်ဗင်ထက်ကိုယ်တိုင် ဦးဆောင်သည်ဟုဆိုသည်။ သူသည် အိုင်ဗင်ထက်တို့နှင့် စီးပွားရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး အချို့မှာ အရောင်းအဝယ်ဖြစ်မြောက်ခဲ့သည်ဟု ဆိုသည်။ ထိုပစ္စည်းများထဲတွင် ဒရုန်းများအတွက် အပိုပစ္စည်းများမှသည် ဆိုနာနှင့် ရေဒါပစ္စည်းများ ဝယ်ယူခြင်းအထိ ပါဝင်သည်။

Alliance Engineering Services မှ ပစ္စည်းပေးပို့သူများထံ ၂၀၂၀ ခုနှစ်က ပေးပို့သည့် စာကို ရိုက်တာက စစ်ဆေးကြည့်ရှုခဲ့ရာ အစ္စရေးလုပ် ကင်းထောက်ဒရုန်းများအတွက် အပိုပစ္စည်းများ၏ ဈေးနှုန်းများကို တောင်းခံ ထားသည်ကို တွေ့ရသည်။ အဆိုပါစာရွက်စာတန်းကို အိုင်ဗင်ထက်က လိုက်လံပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအကြောင်းအရာများကို သိရှိသူတစ်ဦးက ပြောသည်။ ထိုဒရုန်းများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် စစ်ပွဲဆင်နွှဲရာတွင် အသုံးပြုခဲ့သည်ဟု အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက ရိုက်ယူထားသည့် ဓာတ်ပုံတစ်ပုံတွင်မြင် တွေ့ရသည်။ အဆိုပါ အရောင်းအဝယ်ဖြစ်မြောက်ခဲ့ခြင်းရှိမရှိနှင့် တန်ဖိုးမည်မျှဆိုသည်ကို ရိုက်တာက မစုံစမ်းနိုင်ခဲ့ပါ။

လေတပ်ဦးစီးချုပ်၏ တူ လင်းထက် (၃၃ နှစ်) နှင့် တူမ မွန်ရည် (၃၁ နှစ်) တို့သည် စင်္ကာပူအခြေစိုက် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားကြပြီး မြန်မာ့လေကြောင်းကဏ္ဍနှင့်အခြားဈေးကွက်များအတွက် အတိုင်ပင်ခံလုပ်ငန်း၊ အပိုပစ္စည်းလုပ်ငန်း၊ ငှားရမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးနေကြသည်။ လင်းထက်သည် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ အမေရိကန်မှ အဓိကလေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့် Bell နှင့် Cessna တို့အတွက်လည်း မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သည်ဟု မြန်မာမီဒီယာသတင်းများနှင့် ကိုယ်စားပြု ကုမ္ပဏီ ဝက်ဆိုက်ဒ် မှတ်တမ်းဟောင်းများအရ သိရသည်။

လင်းထက်သည် စစ်တပ်အတွက်လည်း လေယာဉ်မျိုးမျိုး၏ အပိုပစ္စည်းများတင်သွင်းနေသူဖြစ်သည်ဟု ရိုက်တာက တွေ့ဆုံမေးမြန်းခဲ့သည့် ကာကွယ်ရေး ကန်ထရိုက်တာများနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဖြေကြားပေးသူအားလုံးမှာ ရိုက်တာသတင်းဌာန၏ မေးမြန်းချက်များကို စစ်အစိုးရလက်တုံ့ပြန်မည်ကိုစိုး၍ အမည်မဖော်ဘဲ ပြောခဲ့ကြသည်။

မြန်မာလေကြောင်းလိုင်းတစ်ခု၏အမှုဆောင်အရာရှိက လေတပ်ဦးစီးချုပ်၏ တူဖြစ်သူနှင့် အရောင်းအဝယ်လုပ်ခဲ့ပုံကို ပြောပြသည်။

မြန်မာလေကြောင်းလိုင်းတစ်ခုဖြစ်သော Air Mandalay ၏အမှုဆောင်အရာရှိချုပ် ဂယ်ရီဗီးလီးယာဒ် (Gary Villiard) ကမူ သူလင်းထက်နှင့်စီးပွားရေးလုပ်ခဲ့ကြောင်း၊ လေတပ်ဦးစီးချုပ်၏တူဖြစ်သူသည် အရပ်ဘက်နှင့် စစ်ဘက် မြန်မာ့လေကြောင်းလုပ်ငန်း၏ စီးပွားရေးလုပ်ငန်းအားလုံးတွင် ပါဝင်ပတ်သက်နေသည်ကို ဖုံးကွယ်ရန် မကြိုးစားခဲ့ကြောင်း ပြောသည်။ လေတပ်က တာယာများ၊ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အပိုပစ္စည်းများ၊ ဘီးနှင့်ဘရိတ်စနစ်များကို သူ့ထံမှတဆင့်ဝယ်ယူခဲ့ကြောင်း ဗီးလီးယားဒ်က ပြောသည်။

သူတို့မိသားစု၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လေတပ်ဦးစီးချုပ်နှင့် သူ့မိသားစုဝင်များကို ရိုက်တာက အသေးစိတ်မေးခွန်းများ ပေးပို့မေးမြန်းခဲ့သည်။ သို့သော် အိုင်ဗင်ထက်နှင့်သူ့ဇနီးက ထိုမေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်း မပြုပါ။ မေးခွန်းများပေးပို့အပြီး နှစ်ရက်အကြာတွင် အိုင်ဗင်ထက်၏တွစ်တာအကောင့်မှာ ပိတ်သွားသည်။ အိုင်ဗင်ထက်၏ဖုန်းကိုလက်ခံဖြေကြားခဲ့သူတစ်ဦးကလည်း သတင်းထောက်က သူဖုန်းခေါ်ရခြင်းအ ကြောင်း ရှင်းပြသည့်အခါ ဖုန်းချသွားခဲ့သည်။

စစ်တပ်ကို ပေးပို့သည့်မေးခွန်းများကို မောင်မောင်ကျော်ကလည်း တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့ပါ။

လေတပ်ဦးစီးချုပ်၏ တူနှင့်တူမပိုင်ဆိုင်သည့် မိသားစုစီးပွားရေးလုပ်ငန်း LTR က အီးမေးလ်ဖြင့်ဖြေကြားရာတွင် “မည်သည့်လက်နက်အရောင်းအဝယ်၊ လေယာဉ်အပိုပစ္စည်း တင်သွင်းခြင်းမှ မပြုလုပ်၊ မပတ်သက်ခဲ့ကြောင်း နှင့် မည်သည့်ကုန်ပစ္စည်းမျှ မြန်မာစစ်တပ်သို့ တင်သွင်းခြင်းမရှိခဲ့ကြောင်း” ပြောဆိုခဲ့သည်။ တူဖြစ်သူ လင်းထက်ကမူ မေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်းမပြုပါ။ သူ့ညီမဖြစ်သူ မွန်ရည်ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ သူက ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အရောင်းအဝယ်များတွင် အများစုမပတ်သက်ခဲ့ကြောင်း၊ သူ့မိသားစုအနေဖြင့် ‘အထူးအခွင်အရေးများရရှိနေသည်’ ဆိုသည့်စကားကိုလည်း မယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

Bell, Beechcraft နှင့် Cessna အမျိုးအစားလေယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများကို ပိုင်ဆိုင်သည့် နယူးရောက် စတော့အိပ်ချိန်းစာရင်းဝင် Textron Inc ၏ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်မေးနတ် (Michael Maynard) က လည်း လင်းထက်နှင့်သူ၏မိသားစုတို့နှင့် Textron Inc ကုမ္ပဏီ၏ဆက်ဆံရေးအကြောင်း မေးမြန်းသည့် မေးခွန်းများကို ဖြေဆိုခြင်းမပြုပါ။ ကုမ္ပဏီအနေဖြင့် လက်ခွဲကုမ္ပဏီများအကြောင်း ဆွေးနွေးခြင်းမပြုပါဟုသာ မေးနတ်က ပြောကြားခဲ့သည်။

မြန်မာစစ်တပ်သည် မြန်မာ့စီးပွားရေး၏ကြီးမားသောအစိတ်အပိုင်းကို ကာလရှည်ကြာကတည်းကပင် ထိန်းချုပ်ထားခဲ့သည်။ အထူးသဖြင့် ရေနံ၊ ဓာတ်ငွေ့၊ ကြေးနီနှင့် ကျောက်စိမ်းတို့ကဲ့သို့သော သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ဖြစ်သည်။ စစ်ခေါင်းဆောင် အဆက်ဆက်လက်ထက်တွင် အရပ်ဘက်ထိန်းချုပ်မှုမှ လွတ်ကင်းသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်ထားခဲ့ကြသည်။ စီးပွားရေးကန်ထရိုက်များကို ‘ခရိုနီကုမ္ပဏီများ’ ပါဝင်သည့် ပုဂ္ဂလိက ကဏ္ဍကွန်ရက်ကြီးသို့သာ ပေးအပ်ခဲ့ကြသည်ဟု ကုလသမဂ္ဂ ၏ မြန်မာစစ်တပ်အကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ဒေသခံကုမ္ပဏီမှတ်တမ်းများက အတည်ပြုထားသော Open Corporates မှ အချက်အလက်များကို ဆန်းစစ်လေ့လာချက်များက စစ်အာဏာသိမ်းခေါင်းဆောင်များ၏ မိသားစုများသည် စီးပွားရေး၏ကဏ္ဍအသီးသီးတွင် ပါဝင်ပတ်သက်နေမှု အတိုင်းအတာကို ပြသနေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုခေါ်သည့် စစ်အစိုးရအဖွဲ့ဝင် လေးဦး၏ သားသမီးများသည် ကုမ္ပဏီ ၂၇ ကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ညွှန်ကြားထိန်းချုပ်ခြင်းပြုလုပ်နေကြကြောင်း ရိုက်တာက တွေ့ရှိခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းများမှာ ဆောက်လုပ်ရေး၊ ဆေးဝါးထုတ် လုပ်ရေးမှသည် ဖျော်ဖြေရေးလုပ်ငန်းများအထိ ကျယ်ပြန့်စွာ ပါဝင်သည်။ ယူနိုက်တက်ကင်းဒမ်းဆိုင်ရာ မြန်မာ သံအမတ်ဟောင်းဖြစ်သူ ဦးကျော်စွာမင်းက ‘ဗိုလ်ချုပ်ကြီးတွေက သူတို့အကျိုးစီးပွားတွေ၊ ဥစ္စာပစ္စည်းတွေ၊ ဓနဥစ္စာတွေကိုပဲ ထိန်းသိမ်းကာကွယ်နေတယ်ဆိုတာ လူတိုင်းသိပါတယ်’ဟု ပြောသည်။ သူသည် မြန်မာစစ်တပ်တွင် လေထီးစစ်သည်တစ်ဦးဖြစ်ခဲ့သည်ဟု ရိုက်တာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီးနောက် ဦးကျော်စွာမင်းက ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အတွက် သူ့အား ရာထူးမှ ထုတ်ပယ်ခဲ့သည်။ သူသည် ယူကေနိုင်ငံတွင် ရှိနေဆဲဖြစ်သည်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်၏ သားသမီးများမှာ အစိုးရထံမှ အကျိုးအမြတ်များသော လုပ်ငန်းများကို ရရှိခဲ့သည်။ မြန်မာစစ်တပ်သို့ ပေးပို့ခဲ့သော မေးခွန်းများကို မင်းအောင်လှိုင်က ဖြေဆိုခြင်း မပြုခဲ့ပါ။

အသက် ၆၅ နှစ်ခန့်၊ လူကောင်ခပ်သေးသေး မျက်မှန်နှင့် မင်းအောင်လှိုင်သည် စစ်မှုထမ်းဘဝတွင် မထင်မရှားဘဝမှ တိုင်းရင်းသားဒေသများအတွင်း စစ်ဆင်ရေးများ ဆင်နွှဲရင်း တဖြည်းဖြည်း ရာထူးအမြင့်သို့ ရောက်လာသည်။ ထိုစစ်ဆင်ရေးများအတွင်း ရွာသားများကို စစ်သားများက သတ်ဖြတ်ခြင်းများ၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းများရှိခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုကြသည်။ တိုင်းရင်းသား လူနည်းစုများ အပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်များကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲမှုများကို မြန်မာစစ်တပ် အကြီးအကဲအဖြစ် ခန့်အပ်ခံရပြီးနောက် မင်းအောင်လှိုင်က ငြင်းပယ်ခဲ့သည်။

စစ်အစိုးရခေါင်းဆောင်ဟောင်း သန်းရွှေက သူ့နေရာတွင် ဆက်ခံရန် မင်းအောင်လှိုင်ထက် ရာထူးလုပ်သက်ရင့်သူများကို ကျော်၍ မင်းအောင်းလှိုင်အား ခေါင်းခေါက်ရွေးချယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများကို သိန်းနှင့်ချီ၍ မြန်မာနိုင်ငံမှ မောင်းထုတ်ခြင်းကို သူက ကြီးကြပ်ပြုလုပ်ခဲ့သည်။

၂၀၁၇ အောက်တိုဘာလက မြန်မာစစ်တပ်၏နှိမ်နင်းမှုကြောင့် မြန်မာနိုင်ငံမှသစ်သားလှေဖြင့်ဘင်္ဂလားဒေ့ရှ် သို့ထွက်ပြေးရောက်ရှိစဉ် ပင်ပန်းလွန်း၍ပျော့ခွေလဲကျနေသောဇနီးသည် ရှာကီရာကို အာရစ်ဖ်အူလာ က နှစ်သိမ့်ပေးနေပုံ (ရိုက်တာ/ဒါမီယာဆာဂိုလ်ဂျ်)

နိုင်ငံအတွင်း စီးပွားရေးမညီမျှကွာဟမှုများအကြောင်း လွန်ခဲ့သည့်နှစ်က ပြောကြားခဲ့သည့်မိန့်ခွန်းတွင် သူက မြန်မာနိုင်ငံအတွင်း ‘ဆင်းရဲချမ်းသာ’ ကွာဟမှုများကို ကျဉ်းမြောင်းအောင် လုပ်ရန်လိုသည်ဟု ပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းအပြီး ယခုနှစ်ဆန်းပိုင်းက သူ့သားသမီးများကို အမေရိကန်ပြည်ထောင်စုက အမည်ပျက်စာရင်းသွင်းခဲ့ပြီး သူတို့၏ စီးပွားရေးလုပ်ငန်း အကျိုးစီးပွားများအကြောင်း အသားပေးဖော်ပြခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဌာန၏ အပြောအရ မင်းအောင်လှိုင်သား သားအောင်ပြည့်စုံသည် ၂၀၁၃ ခုနှစ်က စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ရာတွင် မြေငှားခကို ဈေးကွက်ပေါက်ဈေး၏ ၁% ထက်ပင် လျော့၍ ပေးခဲ့သည်ဟု ဆိုသည်။ သူ့သမီး ခင်သီရိသက်မွန်ကလည်း ကုမ္ပဏီတစ်ခုကို အချိုးကျပိုင်ဆိုင်ပြီး ထိုကုမ္ပဏီက စစ်တပ်ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးလုပ်ငန်းသို့ မိုဘိုင်းတာဝါတိုင်များ ပေးသွင်းသည့် လုပ်ငန်းကို ရရှိခဲ့သည်ဟု မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပေါက်ကြားထွက်လာပြီး ရိုက်တာမှ ကြည့်ရှုခွင့်ရရှိခဲ့သော မှတ်တမ်းများတွင် တွေ့ရှိရသည်။ ထိုသဘောတူညီချက်စာချုပ်ကို Deutsche Welle က အရင် ဖော်ပြခဲ့သည်။

ရိုက်တာက ပေးပို့မေးမြန်းသော မေးခွန်းများကို အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့နှစ်ဦးလုံးက တုံ့ပြန်ဖြေကြားခြင်း မပြုကြပါ။

ဤအကြောင်းအရာနှင့်စပ်လျဉ်းသည့် မေးခွန်းများကို မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူကလည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပါ။

ကြီးထွားလာခြင်း

လေတပ်ဦးစီးချုပ် မောင်မောင်ကျော်ကို ၁၉၆၄ ခုနှစ် ဂျူလိုင်လတွင် ရေပေါ်ဆီ စစ်တပ်မိသားစုမှ မွေးဖွားခဲ့ သည်။ သူ့ဖခင်မှာ ဦးကျော်ထင်ဖြစ်ပြီး စစ်အာဏာရှင် နေဝင်းလက်ထက်တွင် သာမန်စစ်သားလေးဘဝမှ ၁၉၇၆ ခုနှစ်တွင် တပ်မတော်၏ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သည်။

မောင်မောင်ကျော်သည်လည်း စစ်တပ်အတွင်း သူ့အဖေခြေရာကို နင်းသည်။ တိုက်လေယာဉ် လေသူရဲအဖြစ် လေ့ကျင့်သင်ကြားခဲ့သည်ဟု သူ့မိသားစုအကြောင်းသိသူ ယူကေသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းက ပြောသည်။ ကြီးမားသည့် သူ့စစ်တပ်နောက်ခံကြောင့် လျင်မြန်စွာ ရာထူးတက်ခဲ့သည်ဟု သူက ပြောသည်။

မောင်မောင်ကျော်သည် လေတပ်ဦးစီးချုပ်ဖြစ်ပြီးနောက် ၂၀၁၈ ခုနှစ်က မော်စကိုသို့ သွားရောက်ခဲ့ပြီး ဆူခွိုင်း (Sukhoi) စစ်လေယာဉ်ကို တွဲဘက်လေယာဉ်မှူးအဖြစ် မောင်းနှင်နေသည်ကို ရုရှအစိုးရသတင်းဌာနဖြစ်သော တပ်စ် (TASS) က ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ထိုလေယာဉ် ၆ စီးကို ဝယ်ယူရန်ရှိကြောင်း အဆိုပါသတင်းအေဂျင်စီက ပြောသည်။

မောင်မောင်ကျော်သည် သားသမီးများကို ရန်ကုန်သီးသန့်ရပ်ကွက်တွင် ကြီးပြင်းစေခဲ့သည်။ အိုင်ဗင်ထက်၏ ကျောင်းနေဘက်များက ပြောသည်မှာ အိုင်ဗင်ထက်ကို သူ့ညီနှင့်အတူ ရန်ကုန်ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်ကြီးပြင်းစေခဲ့သည်ဟု ဆိုသည်။ ရွှေတောင်ကြားရပ်ကွက်မှာ အရိပ်အာဝါသ စိမ်းစိမ်းစိုစိုနှင့် လူကုံထံများနေထိုင်သည့်နေရာဖြစ်ပြီး ဂန္ဓဝင်သစ်ဟန် အိမ်ကြီးအိမ်ကောင်းများရှိပြီး ကြီးမားခန့်ထည်သည့် ဂိတ်တံခါးများနှင့် သံဆူးကြိုးအကာအရံများဖြင့် လုံခြုံစွာနေထိုင်ကြသည့် ရပ်ကွက်ဖြစ်သည်။ ဇိမ်ခံကားကြီးကားကောင်းများကို ကျင်းတွေချိုင့်တွေနှင့် လမ်းထဲ ဖြတ်သန်းသွားလာနေသည်ကို မြင်ရမည်ဖြစ်သည်။

သူတို့ညီအကိုကို ရေပေါ်ဆီများသာ နေထိုင်သည့် ကျောင်းသို့ ကားမောင်းသူက ဇိမ်ခံကားကြီးဖြင့် အကြိုအပို့ လုပ်ရသည်။ ညနေခင်း အင်္ဂလိပ်စာသင်တန်းများသို့လည်း တက်ရောက်ကြပြီး ပုဂ္ဂလိက ရေကူးကန်ကလပ်တွင်ရေကူးကြသည်ဟု ကျောင်းနေဖက်ဟောင်းတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ပညာသင်ကြားပြီးသည့်အခါ အိုင်ဗင်ထက်သည် စင်္ကာပူရှိ ကောလိပ်တစ်ခုတွင် ဆက်လက်ပညာသင်ကြားခဲ့ပြီး အထက်တန်းကျသည့် ကွန်ဒိုမီနီယံတစ်ခုတွင် နေထိုင်ခဲ့သည်ဟု သူ့သူငယ်ချင်းတစ်ဦးက ပြောသည်။

သူသည် စင်္ကာပူတွင် သူ့တစ်ဝမ်းကွဲမောင်နှမများဖြစ်သော လင်းထက်၊ မွန်ရည်တို့နှင့် အတူနေထိုင်ခဲ့သည်။ သူတို့သည် မောင်မောင်ကျော်၏အမဖြစ်သော သီတာမြင့်၏သားသမီးများဖြစ်သည်။ သီတာမြင့်သည် သူ့ခင်ပွန်းနှင့်အတူ လေကြောင်းလုပ်ငန်း ပစ္စည်းပေးသွင်းသည့် စီးပွားရေးလုပ်ငန်းဖြစ်သော LTR ကို ပိုင်ဆိုင်သည်။

ထိုကုမ္ပဏီသည် မြန်မာနှင့် စင်္ကာပူတို့တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။ ထိုအကြောင်း သဘောထားမှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို သီတာမြင့်က တုံ့ပြန်ခြင်းမရှိပါ။

လင်းထက်သည် ၂၀၁၂ ခုနှစ်တွင် LTR စင်္ကာပူဌာနခွဲ၏ ဒါရိုက်တာဖြစ်လာခဲ့သည်။ နောက်ထပ်နှစ်အနည်းငယ်အကြာတွင် မွန်ရည်လည်း အလားတူဒါရိုက်တာဖြစ်လာခဲ့သည်ဟု ကုမ္ပဏီမှတ်တမ်းများက ဖော်ပြနေသည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း အမေရိကန်လုပ်လေယာဉ်ကို ပထမဆုံးမြန်မာနိုင်ငံသို့ ရောင်းချခဲ့ရာတွင် လင်းထက်နှင့်မိသားစုကုမ္ပဏီက အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အမေရိကန်အခြေစိုက် လေကြောင်းမဂ္ဂဇင်းက ၂၀၁၄ ခုနှစ်တွင် ရေးသားဖော်ပြခဲ့သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines) သို့ ဆက်စနာအမျိုးအစား တာဘိုအင်ဂျင်တပ်ပန်ကာလေယာဉ် ၂ စီး ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုလေကြောင်းလိုင်းကို နောင်တွင် မြန်မာ့လေကြောင်း (Myanma Airways) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ထိုအကြောင်း သဘောထားမှတ်ချက်ပေးပါရန် မေတ္တာရပ်ခံချက်ကိုလည်း မြန်မာအမျိုးသားလေကြောင်းလိုင်းက တုံ့ပြန်ဖြေဆိုခြင်း မပြုပါ။

ထိုတစ်ဝမ်းကွဲမောင်နှမများသည် စင်္ကာပူတွင် အထက်တန်းကျကျ နေထိုင်ခဲ့ကြသည်။ မွန်ရည်၏ ၂၀၁၃ ခုနှစ်က အင်စတာဂရမ်ပို့စ်တစ်ခုတွင် ပါရီ၌ညဘက် အလည်အပတ်ထွက်ကြပုံအကြောင်း တင်ထားသည်။ ထိုပို့စ် တွင် သူငယ်ချင်းတစ်စုကို ရှန်ပိန်ပုလင်းထည့်ထားသည့်ခြင်းနှင့်အတူ တွေ့ရသည်။ နေ့စွဲမပါသည့် ထိုပုံပါ ရှန်ပိန်ပုလင်းမှာ ကလပ်၏အွန်လိုင်းဈေးနှုန်းစာရင်းအရ တစ်ပုလင်းလျှင် ယူရို ၇၅၀ ရှိသည်။

မြန်မာလေတပ်ဦးစီးချုပ်၏တူနှင့်တူမများဖြစ်ကြသော လင်းထက် (ဝဲဘက်မှဒုတိယ) နှင့် မွန်ရည် (ယာ ဘက်မှဒုတိယ) တို့ကို ၂၀၁၉ ခုနှစ်က စင်္ကာပူရှိ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုတွင်တွေ့ရစဉ်။ ရင်းမြစ်- Instagram/Screenshot မှတဆင့် 

အင်စတာဂရမ်ဓာတ်ပုံများတွင် အိုင်ဗင်ထက်ကို ဝမ်းကွဲမောင်နှမ နှစ်ဦးနှင့်အတူ လည်ပတ်သွားလာနေသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ၂၀၁၈ ခုနှစ်ပါတီပွဲများ တက်ရောက်နေပုံမှသည် နောက်နှစ်၌ ပြင်ဦးလွင်မြို့ရှိ ကိုလိုနီခေတ်ပုံစံ အပျံစားဟိုတယ်တစ်ခုတွင် ကပွဲဝတ်စုံများ ဖြင့် ဇိမ်ခံကားများနှင့် အတူရိုက်ထားသည့်ပုံများအထိ ပါဝင်သည်။ ပြင်ဦးလွင်သည် မန္တလေးမြို့အနီး စစ်တက္ကသိုလ် အခြေစိုက်သည့်မြို့ဖြစ်သည်။ အင်စတာဂရမ်ဓာတ်ပုံများတွင် ပါရှိသည့် သူ့၏နေထိုင်မှုဘဝပုံစံသည်

စစ်ဘက်အရောင်းအဝယ်များနှင့်သော်လည်းကောင်း အခြားအလားတူ ကိစ္စရပ်များနှင့်သော်လည်းကောင်း ပတ်သက် သက်ဆိုင်မှုမရှိကြောင်း မွန်ရည်က ရိုက်တာသတင်းဌာနကို ပြောသည်။

လုပ်ငန်းခွဲများ ခွဲထုတ်ခြင်း

၂၀၁၂ ခုနှစ်တွင် ရန်ကုန်သို့ မပြန်မီ အိုင်ဗင်ထက်သည် ထိုအတောအတွင်း ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်း စီမံခန့်ခွဲမှုပညာရပ်ကို လေ့လာနေခဲ့သည်။ ရန်ကုန်သို့ပြန်ရောက်သည့်အခါ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းရှင်ကြီး၏ လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ရန်ကုန်မြို့ပြင်ဇိမ်ခံလူနေတိုက်ခန်းများ ဆောက်လုပ်သည့် ထိုစီမံကိန်းတွင် လုပ်ကိုင်နေစဉ် နောင်တွင် သူ့ဇနီးဖြစ်လာမည့် လင်းလက်သီရိနှင့်တွေ့ဆုံခဲ့သည်ဟု ထိုဇနီး မောင်နှံ၏ မိတ်ဆွေနှစ်ဦးက ပြောသည်။ သူသည် အင်္ဂလန်ဘတ်သ်တက္ကသိုလ် (Bath University) မှ ဗိသုကာဘွဲ့ရရှိလာသူဖြစ်သည်ဟု အွန်လိုင်းပရိုဖိုင်းများမှ တစ်ဆင့်သိရသည်။

ကော်ပိုရိတ်မှတ်တမ်းများအရ ၎င်းတို့ဇနီးမောင်နှံသည် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများ၊ ပွဲလမ်းစီစဉ် ကျင်းပခြင်းလုပ်ငန်းများ၊ ဗိသုကာကုမ္ပဏီများ တည်ထောင်လုပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ မှတ်တမ်းများအရ သိရသည်မှာ ၂၀၂၀ ခုနှစ်က မှတ်ပုံတင်ခဲ့သော လုပ်ငန်းတစ်ခုကို တပ်မတော်စစ်ဦးစီးချုပ် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက ပူးတွဲပိုင်ဆိုင်ခဲ့သည်ဟုဆိုသည်။ စစ်တပ်တွင်း အဆက်အသွယ် ကောင်းရှိသော စစ်တပ်ထိပ်သီးများ၏ သားသမီးများက နိုင်ငံခြားတွင် ပညာသင်ကြားကြပြီး မြန်မာပြည်သို့ ပြန်လာကာ သူတို့၏အဆက်အသွယ်များမှတဆင့် အခွင့်ထူးများရရှိပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်သွားကြသည့် ပုံစံတစ်ရပ်ရှိနေသည်ဟု ယူကေသံအမတ်ဟောင်းဦးကျော်စွာမင်းက ပြောသည်။

“ဒီလို အဆက်အသွယ်ကောင်းတွေရှိတာကြောင့် သူတို့မှာလိုနေတာက ပညာရေးပဲ။ သူတို့က ချမ်းသာပြီးသားတွေပဲ”ဟု သူက ပြောသည်။

အိုင်ဗင်နှင့်သူ့ဇနီးသည် ၂၀၁၇ ခုနှစ်တွင် မီးထွန်းပွဲတော်တစ်ခုကို စီစဉ်ကျင်းပပြီးနာမည်ကြီးလာခဲ့သည်။ LED မီးလုံး သန်းနှင့်ချီ၍ပြုလုပ်ထားသော ပန်းပုရုပ်များကို ရန်ကုန်မြို့တွင် မတ်လက ပြသခဲ့ခြင်းဖြစ်သည်။ ထိုပွဲသို့ ဒေသခံနိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြသည်။

အိုင်ဗင်ထက် (ယာ) ၂၀၁၇ ခုနှစ်က စီစဉ်ကျင်းပသော မီးထွန်းပွဲတစ်ခုတွင် ထိုအချိန်က တိုင်းဒေသကြီးအစိုးရ ဝန်ကြီးတစ်ဦးဖြစ်သော ဦးဇော်အေးမောင်ကို တွေ့ရစဉ်။ ဦးဇော်အေးမောင်သည်ယခုအခါ စစ်အစိုးရ ပြည်နယ်ကောင်စီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ရင်းမြစ် - Facebook/Screenshot မှတဆင့်

၅ လအကြာတွင် စစ်တပ်က ရိုဟင်ဂျာများအပေါ် နှိမ်နင်းမှုစတင်သည်။ သိန်းပေါင်းများစွာသော ရိုဟင်ဂျာများကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည်။ မျက်မြင်သက်သေများ၏ အပြောအရ ထိုနှိမ်နင်းမှုတွင် စစ်တပ်သည် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ အလားတူပင် ရိုဟင်ဂျာ နေအိမ်အများအပြားကိုလည်း မီးတင်ရှို့ခဲ့သည်။ စစ်တပ်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ် နှစ်ဆန်းတွင် ရိုက်တာကထုတ်ဖော်ခဲ့သော သတင်းတွင် အဆိုပါ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကို ပထမဆုံးအကြိမ် သက်သေသာဓကများဖြင့် တင်ပြနိုင်ခဲ့သည်။ စစ်သားများက ရိုဟင်ဂျာ ၁၀ ဦးကို ပစ်သတ်ပြီး တွင်းတိမ်တိမ်လေးထဲတွင် အစုလိုက်မြှုပ်နှံခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေရဆဲဖြစ်သည်။ အိုင်ဗင်ထက်သည် နောက်ထပ်မီးထွန်းပွဲတစ်ခုကို ပုသိမ်တွင် ကျင်းပပြသခဲ့သည်ကို ထိုပွဲအကြောင်းဓာတ်ပုံများ တင်ထားသည့် Facebook စာမျက်နှာတွင် တွေ့ရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မောင်မောင်ကျော်သည် လေတပ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက်လ အနည်းငယ်အကြာတွင် သူ့သား၏ကုမ္ပဏီက တပ်မတော်နေ့အခမ်းအနားကျင်းပရာတွင် နောက်ထပ် မီးထွန်းပွဲတစ်ခု စီစဉ်ကျင်းပခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် အိုင်ဗင်ထက်နှင့်သူ့ဇနီးတို့ ရန်ကုန် စစ်တပ်ပိုင်ဝင်းရှိ ကပွဲခန်းမတွင် ခမ်းနားကြီးကျယ်စွာ ကျင်းပသည့် မင်္ဂလာပွဲပြုလုပ် လက်ထပ်ခဲ့သည်။ ရိုက်တာက ကြည့်ရှုခဲ့ရသည့် မင်္ဂလာပွဲဓာတ်ပုံများတွင် တပ်မတော်ဦးစီးချုပ် မင်းအောင်လှိုင်ကို ဇနီးမောင်နှံအသစ်နှင့် ဓာတ်ပုံတွဲရိုက်ထားသည်ကို တွေ့မြင်ခဲ့ရသည်။

၂၀၁၉ ခုနှစ်တွင် အိုင်ဗင်ထက်သည် နိုင်ငံရေးပါတီသစ်ဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီတွင် အကြံပေးတစ်ဦးဖြစ်လာသည်။ ထိုပါတီကို စစ်တပ်ထောက်ခံသူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို မကြည်ညိုသူများက ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု အိုင်ဗင်၏သူငယ်ချင်းတစ်ဦးက ပြောသည်။ ပါတီတွင်းသူ၏ပါဝင်ပတ်သက်မှုကို ပါတီတက်ကြွလှုပ်ရှားသူနှစ်ဦးက အတည်ပြုပြောဆိုသော်လည်း သူပါဝင်သည့် အခန်းကဏ္ဍအတိအကျကိုမူ မသိကြောင်း ပြောဆိုကြသည်။ သို့သော် ထိုပါတီသည် ရွေးကောက်ပွဲတွင် အခြေမလှဖြစ်ခဲ့ပြီး တစ်နေရာမှာပင် အနိုင်မရခဲ့ပါ။

ထိုအတောအတွင်း အိုင်ဗင်၏ဇနီး လင်းထက်သီရိကလည်း ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းစုကြီးဖြစ် သော Alliance Engineering Services ကို ပူးတွဲတည်ထောင်ခဲ့ပြီး အစုရှယ်ယာ ၆၀% ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီတည်ထောင်ပြီး လအနည်းငယ်အကြာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ထိုကုမ္ပဏီ၏ အဆိုပါရာထူးမှ နှုတ်ထွက်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုများလည်း မရှိတော့ပေ။

“ဗိုလ်ချုပ်တွေက သူတို့အကျိုးစီးပွားပဲ ကာကွယ်ချင်တာ၊ ပစ္စည်းဥစ္စာပဲ ကာကွယ်ချင်တာ လူတိုင်းသိပါတယ်”ဟု ယူကေနိုင်ငံဆိုင်ရာမြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက ပြောသည်။

ကန်ထရိုက်တာတစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကို တွေ့ဆုံမေးမြန်းမှုများနှင့် ကုမ္ပဏီမှတ်တမ်းများအရ ကုမ္ပဏီ၏နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲသူမှာ ဝင်းမင်းဟိန်းဖြစ်သည်ဟု ဆိုသည်။ ဝင်းမင်းဟိန်းသည် အိုင်ဗင်ထက်နှင့်အတူ စင်္ကာပူတွင် တစ်ကျောင်းထဲ အတူတက်ခဲ့သူများဖြစ်သည်ဆိုသည်ကို သူ၏ LinkedIn ပရိုဖိုင်းအရ သိရသည်။ သဘောထားမှတ်ချက်ပေးပါရန် မေတ္တာရပ်ခံချက်ကို သူက ပြန်လည်ဖြေကြားခြင်း မပြုပါ။

၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွက် လေတပ်၏ နိုင်ငံခြားစစ်လက်နက်ပစ္စည်းဝယ်ယူရန် ရန်ပုံငွေမှာ ဒေါ်လာ ၃၆၀ သန်း ဖြစ်သည်။ ယင်းပမာဏသည် ရေတပ်ဘတ်ဂျက်၏ ၂ ဆ ရှိပြီး စစ်တပ်ဖွဲ့အားလုံးတွင် အများဆုံးဖြစ်သည် ကို ရိုက်တာက စစ်ဆေးကြည့်ရှုထားသော တရားဝင်သုံးစွဲမှု မှတ်တမ်းများအရ သိရသည်။ တပ်ဖွဲ့များအဆင့် မြှင့်တင်ရေးတွင် လေတပ်ကို ဦးစားပေးအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ထားသည်ဟု နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ဘတ်ဂျက်သုံးစွဲမှုမှတ်တမ်းများအရ လေတပ်ဘတ်ဂျက်သည် လေယာဉ်သစ်များဝယ်ယူရေးအတွက် သာမကပဲ ရှိရင်းစွဲလေယာဉ်များကို အဆင့်မြှင့်တင်ရန်ပါသည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံခြားမှ ပစ္စည်းဝယ်ယူရေး လေတပ်ဘတ်ဂျက် ဒေါ်လာ ၃၇၇ သန်းတွင် သုံးပုံတစ်ပုံမှာ အပိုပစ္စည်းဝယ်ယူရေးနှင့် လေယာဉ်ပြုပြင်ရေးတို့အတွက်ဖြစ်သည်ဟု ဘတ်ဂျက်သုံးစွဲမှုမှတ်တမ်းများကို ရိုက်တာက စိစစ်လေ့လာချက်အရ သိရသည်။ ထို့ကြောင့်လေယာဉ်အပိုပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းသည် အကျိုးအမြတ်များသော ကုန်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်ဟု စစ်ကန်ထရိုက်တာများက ပြောသည်။

Alliance Engineering Services ဝက်ဆိုက်တွင် ဖော်ပြထားသော ပုံများတွင် အခြားလေယာဉ်များနှင့်အတူ ရုရှ တိုက်လေယာဉ်များလည်းပါသည်။ ကုမ္ပဏီ၏လုပ်ငန်းတာဝန်မှာ ‘မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းတွင် ခေတ်သစ်တစ်ရပ်ပေါ်ထွန်းလာစေရေး’ ဟု သူ့ဝက်ဆိုက်တွင် ရေးသားထားသည်။ အထူးသဖြင့် လေယာဉ်များပြုပြင်ထိန်းသိမ်းရေးနှင့် အရေးပါသော လေယာဉ်အစိတ်အပိုင်းများ ရရှိရေးဖြစ်သည်ဟုလည်း ဆို သည်။ ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်တို့တွင် မော်စကိုမြို့တွင်ကျင်းပသည့် MAKS နိုင်ငံတကာလေကြောင်းပြပွဲတွင် ပြသသည့် ကုမ္ပဏီများစာရင်းတွင် ထိုကုမ္ပဏီလည်း ပါဝင်လာသည်။ ထိုလေကြောင်းပြပွဲမှာ ရုရှလေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများက သူတို့ထုတ်ကုန်များ ပြသရာနှင့် နိုင်ငံခြားဖောက်သည်များကို ဆွဲဆောင်ရာ နေရာဖြစ်သည်။

ရခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင် လွန်ခဲ့သောနှစ်က သူတို့ မြန်မာစစ်တပ်ထံမှသိမ်း ဆည်းရမိခဲ့သော စကိုင်းလပ် (Skylark) ဒရုန်းကိုပြသနေကြပုံ။ မူရင်း ပုံတွင်ပုံမှာမထင်မရှားဖြစ်နေသည်။ (ရခိုင့်တပ်မတော်/ရိုက်တာပုံများမှတဆင့်)

ရိုက်တာကကြည့်ရှုခဲ့ရသော ၂၀၂၀ ခုနှစ် နိုဝင်ဘာ Alliance Engineering ၏စာရွက်စာတန်းများတွင် အစ္စရေးထုတ်လုပ်သူ Elbit Systems ထံမှ သူတို့ကုမ္ပဏီထုတ် စကိုင်းလပ် စစ်သုံးဒရုန်းများအတွက် အပိုပစ္စည်းဈေးနှုန်းစုံစမ်း တောင်းခံသည့်စာတစ်စောင်ကို တွေ့ရှိခဲ့သည်။ တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် စစ်ပွဲများတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာနေသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောစစ်ပွဲများလည်း ပါဝင်သည်။ ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ပျက်ကျခဲ့သော စကိုင်းလပ်ဒရုန်း၏ဓါတ်ပုံကို တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့ကက ထုတ်ဖော်ပြသခဲ့သည်။

မြန်မာနိုင်ငံသို့ စကိုင်းလပ်ဒရုန်းသို့မဟုတ် ယင်း၏အပိုပစ္စည်းများ ပေးသွင်းခဲ့ခြင်းရှိမရှိမေးမြန်းခဲ့ရာ ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် မည်သည့်လုပ်ဆောင်မှုမျှ မရှိခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ်ကတည်းက မည်သည့်ကုန်ပစ္စည်း မည်သည့်ဝန်ဆောင်မှုမျိုးကိုမျှ မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ခြင်း မရှိကြောင်း Elbit Systems က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

စင်္ကာပူရှိ ဝမ်းကွဲမောင်နှမများ

စင်္ကာပူတွင် အိုင်ဗင်၏ဝမ်းကွဲ အကိုလင်းထက်သည် မြန်မာ့လေကြောင်းလုပ်ငန်းသို့ အဓိကပစ္စည်းပေးသွင်း ထောက်ပံ့သည့်သူဖြစ်လာခဲ့သည်ဟု မှတ်တမ်းများနှင့် မီဒီယာသတင်းများက ဖော်ပြနေသည်။ လင်းထက်သည် LTR ကို ပူးတွဲပိုင်ဆိုင်သူအပြင် အခြားစင်္ကာပူကုမ္ပဏီဖြစ်သော Asian Aviation Resources ၏ မြန်မာအကြီးအကဲဖြစ်သည်။ ထိုကုမ္ပဏီ၏ ဝက်ဆိုက်တွင် ဖော်ပြထားချက်အရ ယင်းသည် Textron Aviation ၏ အခွင့်ရ အရောင်းကိုယ်စားလှယ်လည်း ဖြစ်သည်။

ကုမ္ပဏီတွင် လင်းထက်ပါဝင်ပတ်သက်နေမှုအပေါ် သဘောထားမှတ်ချက်ပေးရန် Asian Aviation Resources ၏အမှုဆောင်အရာရှိက ငြင်းဆိုသည်။ ထိုကုမ္ပဏီကို ရိုက်တာကဆက်သွယ်လာသည့်အခါ ကုမ္ပဏီဝက်ဆိုက်ရှိ လင်းထက်၏ပရိုဖိုင်ကို ဖြုတ်ချသွားခဲ့သည်။

Textron ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ မေးနတ်ဒ် (Maynard) က “ကျနော်တို့ရဲ့ကုမ္ပဏီခွဲတွေ၊ အခြားပုဂ္ဂိုလ်တွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို ကုမ္ပဏီက ထုတ်ဖော်မပြောဆိုနိုင်ပါဘူး”ဟု ပြောဆိုခဲ့သည်။

လေတပ်ဦးစီးချုပ်၏ တူမနှင့်တူဖြစ်သော မွန်ရည်နှင့် လင်းထက် (ဝဲဘက်မှ ဒုတိယ နှင့် တတိယ) တို့ကို ၂၀၁၈ ခုနှစ် စင်္ကာပူလေကြောင်းပြပွဲတွင် Bell 505 Jet Ranger X နောက်ခံထား၍တွေ့ရပုံ။ Asian ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြထားချက်အရ လင်းထက်က မြန်မာအကြီးအကဲဖြစ်နေသည့် Aviation Resources ပို့စ်တွင် ဖော်ပြထားသည့် အရောင်းအဝယ်သည် “ဖြစ်မြောက်ခြင်းမရှိခဲ့” ဟု Textron ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကပြောသည်။ ရင်းမြစ် - Facebook/Screenshot မှတဆင့်

လင်းထက်ကို မေးမြန်းကိုးကား၍ မီဒီယာများတွင် ရေးသားဖော်ပြချက်များအရ လင်းထက်မိသားစု စီးပွားရေးလုပ်ငန်းသည် ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်နှင့် ရဟတ်ယာဉ်များပေးသွင်းခဲ့သည်ဟုဆိုသည်။ ရဟတ်ယာဉ် အရောင်းမြှင့်တင်ရေးအတွက် လုပ်ဆောင်ရာတွင် လင်းထက်က တည်ရှိဆဲ အမေရိကန်နှင်ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် ပြဿနာတစ်ရပ်မဟုတ်တော့ဟု ၂၀၁၆ ခုနှစ်က ပြောဆိုခဲ့သည်။ မြန်မာအစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် “ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု နှင့်ပတ်သက်၍ မည်သည့်ပြဿနာမှမရှိဘဲ Bell ရဟတ်ယာဉ်များကို လွယ်ကူစွာ ဝယ်ယူနိုင်သည်”ဟု သူက Myanmar Times ကို ပြောကြားခဲ့သည်။ ထိုအချိန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု အများအပြားကို ဖယ်ရှားလိုက်ပြီးဖြစ်သော်လည်း နိုင်ငံခြားကုမ္ပဏီအများအပြားမှာ ပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ စိုးရိမ်နေကြဆဲရှိသေးသည်။

လေကြောင်းလုပ်ငန်းအမှုဆောင်အရာရှိ ဗီးလီးယားဒ် (Villiard) နှင့် ကန်ထရိုက်တာနှစ်ဦး၏အပြောအရ စစ်တပ်သို့ ပစ္စည်းတင်သွင်းမှု အများအပြားတွင် လင်းထက်ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုသည်။ သူသည် မြန်မာ စစ်တပ်သို့ ပစ္စည်းပေးသွင်းသူ Aero Sofi နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ကန်ထရိုက်တာတစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အမေရိကန်ဒေါ်လာ ၃၈.၆ သန်းတန်ဖိုးရှိ Airbus C295 စစ်သုံးသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၂ စီးကို ဂျော်ဒန်လေတပ်မှ ဝယ်ယူရန် ၂၀၂၀ ခုနှစ်တွင် Aero Sofi ကုမ္ပဏီက ကြိုးစားခဲ့သည်။

ထိုအရောင်းအဝယ်တွင် Aero Sofi ၏ပါဝင်ပတ်သက်မှုကို ပေါက်ကြားထွက်လာသော စစ်ဘတ်ဂျက် စာရွက်စာတန်းများအပေါ်အခြေခံကာ ‘ဂိုဏ်းဖွဲ့ရာဇဝတ်မှုကျူးလွန်ခြင်းများနှင့် အကျင့်ပျက်ခြစားခြင်းများကို အစီရင်ခံခြင်းစီမံကိန်း’က ရေးသားဖော်ပြခဲ့သည်။

ထိုစာရွက်စာတန်းများကို ရိုက်တာကလည်း ကြည့်ရှုစစ် ဆေးခဲ့ပြီးဖြစ်သည်။ ထိုအရောင်းအဝယ် ပြီးမြောက်ခဲ့ခြင်းရှိမရှိ သတင်းဌာနက သိရှိနိုင်ခြင်း မရှိခဲ့ပါ။

Aero Sofi ၏ကော်ပိုရိတ်စာရွက်စာတန်းများ တင်သွင်းမှုတွင် လင်းထက်၏အမည်ကို ဖော်ပြထားခြင်းမရှိသော်လည်း သူ့မိသားစုကုမ္ပဏီနှင့် ထိုစီးပွားရေးလုပ်ငန်းမှာ နီးစပ်သော ဆက်ဆံမှုများရှိသည်။ သာဓကအနေဖြင့်ပြောရလျှင် LTR ၏ ဒုတိယလုပ်ငန်းဆောင်ရွက်မှုမန်နေဂျာဖြစ်သော ဟိန်းထွတ်ဝင်းမှာ Aero Sofi ကိုပူးတွဲတည်ထောင်သူနှင့် ရှယ်ယာ သုံးပုံတစ်ပုံပိုင်ဆိုင်သူဖြစ်သည်ဟု ကော်ပိုရိတ်မှတ်တမ်းများက ပြသနေသည်။

ဖုန်းဆက်မေးမြန်းသည့်အခါ ဟိန်းထွတ်ဝင်းက သူသည် Aero Sofi နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတော့ပါဟု ပြောဆိုခဲ့ပြီး နောက်ထပ်မေးခွန်းများကို ဖြေကြားရန်ကိုမူ ငြင်းဆိုခဲ့သည်။ Aero Sofi ကမူ သဘောထားမှတ်ချက်ပေးရန် မေတ္တာရပ်ခံမှုများကို တုံ့ပြန်ခြင်းမပြုပါ။

မွန်ရည်သည်လည်း မြန်မာစစ်တပ်သို့ ပစ္စည်းများပေးသွင်းနေသည့် ကုမ္ပဏီများမှ အမှုဆောင်အရာရှိများနှင့် ဆက်သွယ်မှုရှိသည်ကို ကော်ပိုရိတ်မှတ်တမ်းများက ပြသနေသည်။ Aero Sofi မှ အရာရှိတစ်ဦးဖြစ်သူ သီဟမျိုး ညွန့်နှင့် အတူစင်္ကာပူတွင် ကုန်သွယ်ရေးလုပ်ငန်းတစ်ခုကို မွန်ရည်က ပိုင်ဆိုင်ထားသည်။ King Royal Technologies ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ ရဲအောင်အောင်တင်နှင့်လည်းအလားတူ ဆက်ဆံမှုရှိသည်။ ထိုကုမ္ပဏီသည် တပ်မတော်ကို ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းများ ရောင်းချခဲ့မှုကြောင့် ဂျူလိုင်လအတွင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရသည်။

Maxi Road Trading ကုန်သွယ်ရေးလုပ်ငန်းသည် အများပြည်သူသို့ လူသိရှင်ကြားထုတ်ပြန်သည့် ပရိုဖိုင်းမရှိဘဲ ထိုကုမ္ပဏီနှင့် ပတ်သက်သည့်မေးခွန်းများကို မွန်ရည်က ဖြေဆိုခြင်းမပြုပါ။ Aero Sofi နှင့် Maxi Road Trading တို့မှာ လုပ်ငန်းလုပ်ဆောင်ခြင်းမရှိတော့ပါဟု သီဟမျိုးညွန့်က ပြောသည်။ လွန်ခဲ့သော လအနည်းငယ်ကစပြီး Maxi Road Trading သည် လုပ်ငန်းများရပ်ဆိုင်းပြီးဖြစ်သည်ဟု ကုမ္ပဏီက စင်္ကာပူကုမ္ပဏီများမှတ်ပုံတင်ဌာနကို အကြောင်းကြားသည့်စာတွင် ဖော်ပြထားသည်။ King Royal က မေးခွန်းများကိုတုံ့ပြန်ဖြေ ဆိုခြင်းမရှိပါ။ သဘောထားမှတ်ချက်တောင်းခံရန်အတွက် ရဲအောင်အောင်တင်ကို ဆက်သွယ်၍မရပါ။

Textron သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း လေယာဉ်စုစုပေါင်း ၅ စင်း မြန်မာနိုင်ငံသို့ တိုက်ရိုက်ရောင်းချပြီးဖြစ်သည်ဟု မေးနတ်ဒ် (Maynard) က ပြောသည်။ အာဏာမသိမ်းခင်ကမူ ‘လေယာဉ်အပိုပစ္စည်းများ တိုက် ရိုက်ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီဖြစ်သည်’ဟုလည်း ဆိုသည်။

ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြသူများက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေကြစဉ်။ ဖေ ဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်။ (ရိုက်တာ/ကော်လံစားသတင်းထောက်)

မှောင်ရိပ်ခို

စစ်အာဏာသိမ်းပြီးကတည်းက စစ်အစိုးရခေါင်းဆောင်များ၏ မိသားစုများသည် ၎င်းတို့၏ အွန်လိုင်းပရိုဖိုင်းများကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသည်။

အိုင်ဗင်ထက်၏ ဇနီးတည်ထောင်သည့် Alliance Engineering Services ၏ ကုမ္ပဏီဝက်ဆိုက်မှာ အသစ်နှင့်အစားထိုးထားပြီး ‘တည်ဆောက်ဆဲ’ဟု မှတ်ချက် ရေးသားထားသည်။

မောင်မောင်ကျော်၏ မိသားစုက သူတို့ပရိုဖိုင်းများကို လျှော့ချ၍ ခပ်မှိန်မှိန်နေချိန်တွင် စစ်အစိုးရ၏အာဏာကို မြန်မာနယ်စပ်များအပါအဝင် ခိုင်မာအောင် လုပ်ပေးနေသည့် လေတပ်၏အခန်းကဏ္ဍတွင် သူသည် အရေးပါ သော အခန်းမှ ပါဝင်နေသည်။ ထိုနေရာများတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် လူများစု ဗမာတိုင်းရင်းသားများ နေထိုင်သည့် အဓိကနယ်များမှ ပိုမိုကြီးမားသော လွတ်လပ်ရေးရရှိရေးအတွက် ဆယ်စုနှစ် ပေါင်းများစွာ ကြာအောင် တိုက်ပွဲဝင်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏အစိုးရသည် ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ကြိုးစားခဲ့သည်။ သို့သော် ငြိမ်သက်သွားသော ပဋိပက္ခများသည် စစ်အာဏာသိမ်းပြီးကတည်းက အသစ်တစ်ဖန်ပေါ်ထွက်လာပြီး အချို့အုပ်စုများမှာ အရပ်သား ကန့်ကွက်ဆန္ဒပြသူများကို ခိုလှုံခွင့်ပေးထားကြသည်။ ထိုဆန္ဒပြသူများသည် စစ်တပ်ဆန့်ကျင်ရေးတွင် သူတို့နှင့်အတူ တူညီသည့် ဘုံအရေးတော်ပုံရှိကြသူများ ဖြစ်သည်။

ဥပမာအားဖြင့် တိုင်းပြည်တွင်းမှ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်ပြည်နယ်မှ ကရင်အမျိုးသားအစည်းအရုံးသည် ဆန္ဒပြသူများနှင့် သွေးစည်းညီညွတ်မှုရှိကြောင်းပြသခဲ့ကြသည်။ ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Free Burma Rangers ၏အဆိုအရ ကရင်ပြည်နယ်ကို မတ်လအတွင်းက တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ငါးနှစ်သားကလေးငယ်တစ်ဦးအပါအဝင် အများအပြား သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့သည်၊ သို့သော် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ လူထောင်ပေါင်းများစွာမှာ တောတွင်းသို့ ထွက်ပြေးကြရပြီး အချို့လည်း ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်၍ ထွက်ပြေးကြရသည်။

လူသားချင်း စာနာထောက်ထားသည့်အဖွဲ့ Free Burma Rangers ၏အပြောအရ ဗုံးကြဲခံရသည့်အတွက် ပျက်စီးနေသည့်စာသင်ခန်း။ အဆိုပါ စာသင်ခန်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ် သည့် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့် နယ်မြေတွင်ရှိသည်။ Free Burma Rangers/Handout via REUTERS

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် စင်္ကာပူရှိ ပြင်သစ်စားသောက်ဆိုင် Bar-A-Thym တွင် လင်းထက် နှင့် မွန်ရည်တို့အခြားလူ ၃ ဦးနှင့် အတူညစာစားနေကြသည့် ပုံကို ဧပြီ ၁၅ ရက် အင်စတာဂရမ်ပို့စ်တွင် မွန်ရည်က ‘အလုပ်’ နှင့် ‘ဘဝ’ ဆိုသည့် စာသားနှင့်အတူ တင်ခဲ့သည်။

ထိုအထဲမှ တစ်ဦးမှာ ဘဲလ်ရဟတ်ယာဉ်ကုမ္ပဏီမှ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ Eric Ng ဖြစ်သည်။ ထိုမိသားစုနှင့်တွဲ၍ သူလုပ်ကိုင်နေသည်များရှိပါသလားဟု မေးမြန်းသည့်ရိုက်တာ၏မေးခွန်းများကိုသူက တုံ့ပြန်ခြင်းမရှိပါ။

ထိုအတောအတွင်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် လူပုဂ္ဂိုလ်များစာရင်းတွင် အိုင်ဗင်ထက်ကို မေလ ၁၇ ရက်က ထပ်ထည့်ခဲ့သည်။ ထိုစာရင်းထဲတွင် စစ်အစိုးရခေါင်းဆောင်များနှင့် စစ်အစိုးရနှင့် နီးစပ်သူတို့ ပါဝင်သည်။ အိုင်ဗင်ထက်ကိစ္စနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်ပေးရန် အမေရိကန်ဘဏ္ဍာရေးဌာန ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုပါသည်။ သို့သော် ဗိုလ်ချုပ်များ၏သားသမီးများကို နာမည်ပျက်စာရင်းသွင်းရာတွင် ‘စစ်အစိုးရကို အကျိုးဖြစ်ထွန်းစေသည့် အရောင်းအဝယ်များကို ကူညီလုပ်ဆောင်ပေးခဲ့ခြင်းရှိမရှိ (သို့မဟုတ်) မိသားစုဝင်များတွင် ပိုင်ဆိုင်မှုပစ္စည်းများရှိမရှိ၊ စစ်အာဏာသိမ်းမှုတွင် တာဝန်ရှိသည့်သူများကို ပုတ်ခတ်ပြောဆိုခဲ့သူများနှင့် ဆက်စပ်သူ မိသားစုဝင်များဟုတ်မဟုတ် ဆိုသည့် အချက်များ’ကို အခြေခံစဉ်းစားပါသည်ဟု သူက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်းတွင်မူ အိုင်ဗင်ထက်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြသူများအတွက် ဆိုရှယ်မီဒီယာပေါ်တွင် ပစ်မှတ်တခုဖြစ်နေသည်။ ထိုဆန္ဒပြသူများက မြန်မာဗိုလ်ချုပ်များ၏ မိသားစုဝင်များကို နာမည်ဖော်ထုတ် အရှက်ရအောင်လုပ်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပြီး သူတို့သူငယ်ချင်းများကိုလည်း ထိုသူများကို ဝိုင်းပယ်ကြပါရန်လည်း တောင်းဆိုခဲ့ကြသည်။

ယခုအခါ ပိတ်ထားပြီဖြစ်သည့် အိုင်ဗင်ထက်၏ Facebook ပရိုဖိုင်လိုဂိုတွင် သူသည် အနိုင်ကျင့်လှုပ်ရှားမှု၏ သားကောင်ဖြစ်နေရပါသည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required