ထိုင်းမှာ ချိုင်းချွေးကနေ ကိုရိုနာဗိုင်းရပ်စ်ကို ထောက်လှမ်းနိုင်မယ့် တီထွင်ဆဲ ကိရိယာနဲ့ လမ်းဘေးဈေးသည်တွေကို စမ်းသပ် 

ထိုင်းမှာ ချိုင်းချွေးကနေ ကိုရိုနာဗိုင်းရပ်စ်ကို ထောက်လှမ်းနိုင်မယ့် တီထွင်ဆဲ ကိရိယာနဲ့ လမ်းဘေးဈေးသည်တွေကို စမ်းသပ် 
Photo - AFP

စက်တင်ဘာ ၉

စိုထိုင်းတဲ့ မုတ်သုံရာသီအတွင်း ဘန်ကောက်က ဈေးသည်တွေအတွက်တော့ သူတို့ရဲ့ တီရှပ်ပေါ်က ချိုင်းချွေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ မသိသာတဲ့ အရိပ်လက္ခဏာတွေ ပါရှိနေကောင်း ပါရှိနေနိုင်တယ်လို့ ထိုင်း သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ 

ချွေးကနေ စမ်းသပ်စစ်ဆေးနိုင်မယ့် သယ်ယူရလွယ်ကူတဲ့ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကိရိယာကို ထိုင်းသုတေသနပညာရှင်တွေဟာ တီထွင်လျက် ရှိနေပြီး အခု သီတင်းပတ်မှာ ဘန်ကောက်က အစားအစာ ဈေးတစ်ဈေးက ဈေးသည်တွေကို လိုက်လံစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

“စမ်းသပ်နမူနာတွေအရ COVID-19 ကူးစက်သူတွေရဲ့ ချွေးမှာ အလွန်ကွဲပြားတဲ့ ဓာတုဓာတ်တွေ ရှိနေတာကို ကျွန်တော်တို့ ကိရိယာကနေ ဖော်ထုတ်တွေ့ရှိပါတယ်”လို့ ဘန်ကောက်က ချူလာလောင်ကွန်းတက္ကသိုလ်မှ ချက်ဒင်ကူဆင်းက ပြောပါတယ်။ 

“ဒီ တွေ့ရှိချက်ကို အခြေတည်ပြီး COVID-19 လူနာတွေရဲ့ ချွေးထဲက ဘတ်တီးရီးယားတစ်မျိုးကနေ ထုတ်လုပ်တဲ့ အနံ့အသက်ကို ထောက်လှမ်းသိရှိနိုင်မယ့် ကိရိယာကို ကျွန်တော်တို့ တီထွင်နေတာပဲ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

တီထွင်ဆဲ ကိရိယာနဲ့ စမ်းသပ်မှုဟာ ၉၅ ရာခိုင်နှုန်း မှန်ကန်တယ်လို့ ပြောဆိုထားတဲ့ ချက်ဒင်အတွက်တော့ အခု ကိရိယာဟာ ဓာတ်ခွဲခန်းစမ်းသပ်မှု လိုအပ်တဲ့ ပိုပြီး ဈေးကြီးတဲ့ တို့ဖတ်နမူနာ စမ်းသပ်မှုနေရာမှာ အစားထိုးနိုင်မယ့် ပိုပြီး တတ်နိုင်တဲ့ ရွေးချယ်စရာ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက် ထားထားပါတယ်။ 

ဒါပေမဲ့ ဒီ ကိရိယာဟာ တီထွင်စမ်းသပ်ဆဲ အဆင့်တာ ရှိသေးပြီး သုတေသနကို အများပြည်သူသိ ထုတ်ပြန်တာနဲ့ ပြန်လည်သုံးသပ် ဆောင်ရွက်တာမျိုးအဆင့်ထိ မရောက်ရှိသေးပါ။ 

သဘာဝပတ်ဝန်းကျင်အတွင်း အဆိပ်ဖြစ်စေတဲ့ ဓာတ်ကို ထောက်လှမ်းရာမှာ အသုံးပြုနေကျဖြစ်တဲ့ ကိရိယာတစ်ခုကို သင့်လျော်အောင် ပြင်ဆင်ပြီး ထိုင်းသိပ္ပံပညာရှင်တွေက တီထွင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ 

ဒီ ကိရိယာနဲ့ အစမ်းသပ်ခံသူတွေဟာ သူတို့ လက်မောင်းအောက် ဝါဂွမ်းစကို ၁၅ မိနစ် ဦးစွာ ထားရှိရပါတယ်။ အဲဒီနောက်မှာ ဝါဂွမ်းစကို ဆေးမှန်သားပေါ် တင်ပြီး UV ရောင်ခြည်နဲ့ ပိုးသတ်ရပါတယ်။ 

“အဲဒါလို လုပ်ပြီးရင် နည်းပညာရှင်က စုပ်ပိုက်တစ်ခုကနေပြီး ဝါဂွမ်းစက ဓာတုဓာတ် နမူနာတွေကို သင့်တော်တဲ့ ပမာဏတစ်ခု ရယူရပါတယ်။ ပြီးရင် ဆန်းစစ်ကိရိယာထဲ ထည့်ပြီး ရလဒ်ကို စစ်ဆေးရတာပဲ ဖြစ်ပါတယ်”လို့ ချက်ဒင်က ပြောပါတယ်။ 

စမ်းသပ်နမူနာ ရယူဖို့အတွက် အချိန် ၁၅ မိနစ် ယူရပြီး ရလဒ်ကိုတော့ စက္ကန့် ၃၀ အတွင်း အသင့်ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခု ချွေးကနေ ကိုရိုနာဗိုင်းရပ်စ်ကို ထောက်လှမ်းဖော်ထုတ်တဲ့ စမ်းသပ်မှုမှာ သဘောတူပါဝင်ခဲ့ကြတဲ့ ဘန်ကောက်က ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေကတော့ နှာခေါင်းပေါက်ထဲကနေ တို့ဖတ်နမူနာ ရယူစမ်းသပ်ခံရတာထက် ပိုပြီး အများကြီး ကျေနပ်လက်ခံစရာ ကောင်းတယ်လို့ ပြောကြပါတယ်။ 

“ဒီ ချွေးနမူနာ ရယူစမ်းသပ်မှုဟာ ပိုပြီး အဆင်ပြေတယ်၊ ရလဒ်စောင့်နေတဲ့အချိန်မှာ ကိုယ်လုပ်စရာရှိတာ ကိုယ်သွားလုပ်နေလို့လည်း ရတယ်လေ”ဆိုပြီး အသက် ၄၃ နှစ်အရွယ် ဖရဲသီးရောင်းသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ အဆိုးဆုံးကြုံနေရတဲ့ COVID-19 တတိယလှိုင်းကို တွန်းလှန်နေရတဲ့ အချိန်မှာ ဒီကနေ့ ကြာသပတေးနေ့မှာတင် အသစ်ကူးစက်သူ ၁၆၀၀၀ ရှိတာကြောင့် ကပ်ဘေးစတင်ချိန်ကစလို့ စုစုပေါင်း ကူးစက်ဖြစ်ပွားသူနှုန်းထားဟာ ၁ ဒသမ ၃၄ သန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly