အာဖဂန်အစိုးရ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ သဘောကွဲလွဲပြီး တာလီဘန်နှင့် ဟက်ကာနီအုပ်စုအကြား အချင်းများမှု ဖြစ်

By English Jagran
09 September 2021
အာဖဂန်အစိုးရ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ သဘောကွဲလွဲပြီး တာလီဘန်နှင့် ဟက်ကာနီအုပ်စုအကြား အချင်းများမှု ဖြစ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ကို သြဂုတ် ၁၅ ရက်က သိမ်းပိုက်ခဲ့သည့် တာလီဘန်တို့သည် ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အစိုးရဖွဲ့စည်းကြောင်း ကြေညာရန် နှောင့်နှေးကြန့်ကြာနေခဲ့သည်။ ယင်းကဲ့သို့နှောင့်နှေးကြန့်ကြာမှုနှင့်ပတ်သက်ပြီး တာလီဘန်အဖွဲ့က တစုံတရာ မှတ်ချက်မပေးခဲ့သော်လည်း ယင်းနိုင်ငံရှိ ပြည်တွင်းမီဒီယာတစ်ခု၏ အဆိုအရ အစိုးရဖွဲ့စည်းမှု နှောင့်နှေးနေခဲ့ခြင်းမှာ တာလီဘန်နှင့် ဟက်ကာနီကွန်ရက်အကြား အာဏာဝေမျှမှုနှင့်ပတ်သက်ပြီး သဘောကွဲလွဲမှုများ ရှိနေခဲ့၍ ဖြစ်ကြောင်း သိရသည်။

Panjshir Observer က ဖော်ပြခဲ့သည့် ဖော်ပြချက်တစ်ခုအရ တာလီဘန် ခေါင်းဆောင်များနှင့် အေနက်စ် ဟက်ကာနီကို သစ္စာခံသော တပ်ဖွဲ့များအကြား အာဏာဝေမျှမှု၊ ပန်ဂျ်ရှီးယား အခြေအနေ ဖြေရှင်းမှုနည်းလမ်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က အပြန်အလှန် အချင်းများ ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

ယင်း သတင်းဖော်ပြချက်အရ တာလီဘန် အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် မူလာ အဗ္ဘဒူလ် ဂါနီ ဘာရာဒါသည် အချင်းများမှုအတွင်း ဒဏ်ရာရခဲ့ပြီး ယခုအခါ ပါကစ္စတန်တွင် ကုသမှုခံယူနေရကြောင်း သိရသည်။

အာဖဂန်နစ္စတန်ရှိ ခုခံတော်လှန်ရေး တပ်ဖွဲ့များအနက် တစ်ခုဖြစ်သည့် Northern Alliance ကလည်း ဘာရာဒါ ဒဏ်ရာရခဲ့ကြောင်းနှင့် ယင်းအတွက်ကြောင့် အာဖဂန်နစ္စတန်တွင် အစိုးရဖွဲ့စည်းမှု နှောင့်နှေးနေခဲ့ရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ပြင် ဘာရာဒါက ၎င်း၏ တပ်ဖွဲ့ဝင်များ ပန်ဂျ်ရှီးယားကို မတိုက်ခိုက်ကြရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့ကို ကဘူးလ်ဆီ ပြန်ခေါ်ခဲ့သည်ဟုလည်း ယင်းက ပြောသည်။

“ခုတော့ တာလီဘန်ရဲ့ ဝိညာဥ်ဟာ ပန်ဂျ်ရှီးယားမှာ ဖိနှိပ်ခံလိုက်ရပြီ၊ သူတို့ ခေါင်းဆောင်တွေဟာ အာဏာပါဝါအတွက် အချင်းချင်း ပြန်တိုက်နေကြပြီ” ဟု Northern Alliance အကောင့်က ရေးခဲ့သည်။

“မူလာ ဘာရာဒါ ကိုယ်တိုင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလို့ သူ့ကို ခု ပါကစ္စတန်ကို ခေါ်သွားပြီး ဆေးကုသခံယူထားစေနေရပါတယ်” ဟုလည်း ယင်းက ရေးခဲ့သည်။

ဘာရာဒါသည် အာဖဂန်နစ္စတန်အစိုးရအဖွဲ့သစ်တွင် လူနည်းစု အစုအဖွဲ့များမှ လူတစ်ချို့ကို ထည့်သွင်းပါဝင်‌စေရန် ဆန္ဒရှိခဲ့ကြောင်း ဒေသတွင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။ သို့သော် ဟက်ကာနီ ကွန်ရက်က အာဖဂန်အစိုးရသစ်တွင် “အလွန်အကျွံ ရှေးရိုးစွဲသည့် အစဥ်အလာ တာလီဘန်ပုဂ္ဂိုလ်များ” သာ ပါဝင်စေလိုခဲ့သည်ဟု သိရသည်။

“ခုချိန်မှာ ကဘူးလ်ကို အောင်နိုင်ထားပြီး နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်တာနဲ့အတူ ဘာရာဒါကို ၎င်းရဲ့ စိတ်ကူးစွန့်ပယ်ဖို့ ဟက်ကာနီ ကွန်ရက်ဘက်က ပြောခဲ့ပါတယ်။ မူလာ ယာကွတ်ဘ် ဟာလည်း ကန်ဒါဟာမှာပဲ ရှိနေဆဲပါ၊ အလွန်အကျွံ ရှေးရိုးစွဲတဲ့ အစဥ်အလာ တာလီဘန်ပုဂ္ဂိုလ်တွေနဲ့ အစိုးရဖွဲ့မှုနဲ့ပတ်သက်လို့ လုံးလုံးလျားလျား ရှုပ်ထွေးမှုလည်း ရှိနေပါတယ်” ဟု ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို Hindustan Times က ကိုးကားဖော်ပြသည်။

တချိန်တည်းမှာပင် ယခုကဲ့သို့ တာလီဘန်နှင့် ဟက်ကာနီအကြား အမြင်သဘောကွဲလွဲမှုများဖြစ်နေစဥ် ပါကစ္စတန် ထောက်လှမ်းရေး (ISI) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖိုင်ဇ် ဟာမိဒ်သည်လည်း အစ္စလမ်မာဘတ်ကနေ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ ကဘူးလ်သို့ စက်တင်ဘာ ၄ ရက်က ရောက်ရှိခဲ့သည်ဟု သိရသည်။ ၎င်းကို တာလီဘန်တို့က ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း TOLOnews က ဖော်ပြသည်။

အာဖဂန်အစိုးရသစ်ကို အဗ္ဘဒူလ် ဂါနီ ဘာရာဒါ ဦးဆောင်ခြင်း မပြုနိုင်စေရေး သေချာစေရန် ဟာမိဒ်က ကဘူးလ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း အာဖဂန်အမျိုးသမီးအမတ်ဟောင်းတစ်ဦးဖြစ်သည့် မာရီယမ် ဆိုလိုင်မန်ခီလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly