COVID-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နှစ်ကုန်အထိ ဆိုင်းငံ့ထားကြရန် WHO တိုက်တွန်း 

COVID-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နှစ်ကုန်အထိ ဆိုင်းငံ့ထားကြရန် WHO တိုက်တွန်း 
Photo - AFP

စက်တင်ဘာ ၉

COVID-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို နှစ်ကုန်အထိ တရားဝင်ဆိုင်းငံ့ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတွေကို ပြောဆိုတိုက်တွန်းရင်း ကမ္ဘာတစ်ဝန်းမှာ ပြည်သူသန်းပေါင်းများစွာဟာ ကာကွယ်ဆေး ပထမအလုံးတောင် မထိုးနှံကြရသေးတာကို ထောက်ပြသွားခဲ့ပါတယ်။ 

“ကာကွယ်ဆေး ကမ္ဘာလုံးဆိုင်ရာ ဖြန့်ဝေမှုကို ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံတွေက ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေဟာ လက်ကျန်ကာကွယ်ဆေးတွေနဲ့ ကျေနပ်သင့်တယ်ဆိုပြီး တွေးထင်နေချိန်မှာ ကျွန်တော့်အနေနဲ့ နှုတ်ဆိတ်ပြီး နေနေမှာ မဟုတ်ပါ”ဆိုပြီး WHO အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ် ဂျီဘရီယေဆက်စ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆေးထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ ကာကွယ်ဆေး ဆေးရှိန်မပြတ်အောင် ဆက်ပေးသည် ဆေး boosters ကို ထိုးနှံပေးဖို့ လုပ်နေတာထက် ဆင်းရဲတဲ့ နိုင်ငံတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ခုခံအားနည်းတဲ့ လူဦးရေကို ကာကွယ်ဆေး ပထမအလုံး ထိုးနှံပေးဖို့ကိုသာ ဦးစားပေးကြဖို့ ဂျီနီဗာက WHO ရုံးချုပ်မှာ တက်ဒရော့စ်က ပြောဆိုပါတယ်။ 

“ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးတဲ့ ကျန်းမာတဲ့ ပြည်သူတွေအတွက် ထပ်ဆောင်းဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေတာမျိုးကို ကျွန်တော်တို့ မမြင်လိုပါဘူး”လို့ သူက ပြောပါတယ်။ 

ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြား ကာကွယ်ဆေး ဖြန့်ဖြူးမှု စိုးရိမ်စဖွယ် မျှတခြင်း မရှိတာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် boosters ဆေး ထိုးနှံပေးတာကို စက်တင်ဘာလကုန်အထိ ဆိုင်းငံ့ထားကြဖို့ WHO က ပြီးခဲ့တဲ့လမှာ တိုက်တွန်းထားခဲ့တာပါ။ 

ဒါပေမဲ့ အဲဒီအချိန်ကစလို့ ကမ္ဘာ့အခြေအနေဟာ အနည်းငယ်ပဲ ပြောင်းလဲကြောင်း တက်ဒရော့စ်က ဗုဒ္ဓဟူးနေ့မှ ဝန်ခံပြောဆိုပါတယ်။ 

“ဒီအတွက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတာကို အနည်းဆုံး နှစ်ကုန်အထိ တရားဝင်ဆိုင်းငံ့ဖို့ ဒီကနေ့မှာ ထပ်တိုးတောင်းဆိုရတာပဲ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။ 

ဝင်ငွေမြင့် နိုင်ငံတွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေဆီ ကာကွယ်ဆေး တစ်ဘီလီယံကျော် လှူဒါန်းမယ်လို့ ကတိပြုထားကြပေမယ့် ဒီ ကာကွယ်ဆေးတွေရဲ့ ၁၅ ရာခိုင်နှုန်းအောက်ပဲ လှူဒါန်းကြသေးကြောင်း တက်ဒရော့စ်က ဆိုပါတယ်။ 

“ကတိကဝတ်တွေ ကျွန်တော်တို့ မလိုချင်ဘူး၊ ကာကွယ်ဆေးပဲ ကျွန်တော်တို့ လိုတယ်”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

ခုလို တရားဝင်ဆိုင်းငံ့ပေးဖို့ တောင်းဆိုထားတဲ့ကြားကပဲ အချို့နိုင်ငံတွေဟာ ထပ်ဆောင်းကာကွယ်ဆေးကို ခုခံစွမ်း နည်းသူတွေတင်မက လူဦးရေ ကျယ်ကျယ်ပြန့်ပြန့်ကို ထိုးနှံပေးဖို့ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ ကူးစက်မှု ပိုမြန်တဲ့ Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအပေါ် ကာကွယ်ဆေးရဲ့ ထိရောက်စွမ်း လျော့ပါးတဲ့ လက္ခဏာတွေကို ကိုးကားရင်း ခုခံငြင်းဆန်ကြတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly