ယူကရိန်းမှ မြန်မာစစ်တပ်သို့ စစ်လက်နက်ပံ့ပိုးနေမှု ရပ်တန့်ရန် JFM တောင်းဆို

ယူကရိန်းမှ မြန်မာစစ်တပ်သို့ စစ်လက်နက်ပံ့ပိုးနေမှု ရပ်တန့်ရန် JFM တောင်းဆို

စက်တင်ဘာ ၉

ယူကရိန်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ဆို့ရေးကို ပြဌာန်း လုပ်ဆောင်ရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုထားသည်။

ယူကရိန်းနိုင်ငံသည် တရားမဝင်အာဏာသိမ်းပြီး လူ အများအပြားသတ်ဖြတ်မှု၊ ဖမ်းဆီးမှုများနှင့် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်များ ပံ့ပိုးပေးအပ်မှုကို ဆက်လက် လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်တောင်းဆိုရခြင်းဖြစ်ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို ယူကရိန်း နိုင်ငံအား လိုက်နာစေရေး

၎င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုရန်လိုအပ်သည်ဟု JFM ကဆိုသည်။

“ယူကရိန်းနိုင်ငံက နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်ပြီး မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးမှတဆင့် မြန်မာနိုင်ငံ အတွင်း ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို အားပေးထောက်ကူနေပြီး ယင်းရာဇဝတ်မှုတွေ ကနေ အကျိုးအမြတ် ရရှိနေပါတယ်။ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက် ရောင်းချမှုများက စစ်လက်နက် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရရှိနေတဲ့ လျှို့ဝှက်မြန်မာကုမ္ပဏီ အစုအဖွဲ့ကို လောင်စာဖြည့်ပေးနေပြီး မြန်မာစစ်တပ်ရဲ့ လက်ရှိကျူးလွန်နေတဲ့ ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေမှာ အသုံးပြုဖို့အတွက် စစ်လက်နက် ရရှိမှုကို အားပေးထောက်ကူလျက် ရှိပါတယ်။ မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ လူပုဂ္ဂိုလ်များနဲ့ ကုမ္ပဏီများကို ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ၎င်းလက်နက်ပွဲစားအချို့ ရပ်တည်လည်ပတ်နေတဲ့ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့ဈေးကွက်နဲ့ နိုင်ငံတကာ ငွေကြေးစနစ်များကို လက်လှမ်းမှီသုံးစွဲခွင့်ကို ငြင်းဆန် ရပါမယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကဆိုသည်။

ယူကရိန်းနိုင်ငံအတွက် မြန်မာ့အကြီးဆုံးစစ်လက်နက်ပွဲစားသည် အောင်လှိုင်ဦးဖြစ်ပြီး ၎င်းကို ယူကရိန်း နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ချီးမြှင့်ထားသည်။ ယူကရိန်းနိုင်ငံ အနေဖြင့် ၎င်းအား အဆိုပါရာထူးမှ မဖြစ်မနေ ဖယ်ရှားရပါမည်ဟု JFM ကဆိုသည်။

JFM ၏တွေ့ရှိချက်များအရ ယူကရိန်းနိုင်ငံသည် မြန်မာစစ်တပ်သို့ ၂၀၁၅ ခုနှစ်မှစ၍ လေယာဉ်များ၊ သင်္ဘောများ၊ တင့်ကားအစိတ်အပိုင်းများကို တင်ပို့ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

လေကြောင်း ထောက်လှမ်းရေး ရေဒါများကိုလည်း မြန်မာစစ်တပ်နှင့် ပုဂ္ဂလိကမြန်မာစစ်လက်နက်ပွဲစားများထံ ပေးပို့ခဲ့သည်ဟုဆိုသည်။ လက်တလော ကာလအတွင်း ယူကရိန်းကုမ္ပဏီ Motor Sich မှ မြန်မာစစ်တပ်၏ ဝယ်ယူရေးဌာနသို့ တာဘိုင်အင်ဂျင်အစိတ်အပိုင်းများ ပေးပို့ခဲ့သည်ကို တွေ့ခဲ့ရသည်။ အဆိုပါ ပစ္စည်း များကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့ကပေးပို့ခဲ့ပြီး မြန်မာ့လေတပ်က တိုင်းရင်းသားဒေသများ အပေါ် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကာလက ဖြစ်သည်။

မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုဌာနနှင့်အတူ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် စီးပွားရေးလုပ်ငန်းစုများဖြစ်ကြသည့် Ukroboronprom နှင့် Ukrspecexport တို့ ပါဝင်နေသည့် BTR-4 စစ်သည်တင်သံချပ်ကာယာဉ်များ၊ MMT-40 အပေါ့စားတင့်ကားများနှင့် 2SIU ဟောင်ဝဇ္ဇာ များ ထုတ်လုပ်ရေး ပူးတွဲစီမံကိန်းသည် အထူးစိုးရိမ်ဖွယ်ကိစ္စရပ် ဖြစ်သည်။ မြန်မာစစ်တပ်၏ စစ်လက်နက် ပစ္စည်းထုတ်လုပ်နိုင်စွမ်းကို အရှိန်မြင့်အားပေးမည့် အဆိုပါ စီမံကိန်းကို အထူး စိုးရိမ်ဖွယ်ဖြစ်သည်။

ထိုစစ်လက်နက်ပစ္စည်းများသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို လောင်စာဖြည့်ပေးပြီး စစ်လက်နက်တင်ပို့ ရောင်းချမှုများမှတဆင့် မြန်မာစစ်တပ်အတွက် အနာဂတ်ဝင်ငွေရင်းမြစ်လည်း ဖြစ်သည်ဟု JFMက ထုတ်ပြန်ထားသည်။

အဆိုပါလက်နက်ထုတ်လုပ်ရေးစက်ရုံအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင် စာရင်းသွင်းဖော်ပြခဲ့ပြီး စစ်လက်နက်ပစ္စည်း ပံ့ပိုးမှု အရေးယူပိတ်ဆို့ရေးအတွက် အကြံပြုတိုက်တွန်းခဲ့သည်။

ယူကရိန်းနိုင်ငံသည် လက်ရှိအချိန်အထိ တောင်းဆိုအကြံပြုချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက် လျက်ရှိသည်။

Justice For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေးအတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည့်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly