ဘန်ကောက်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးရေး ရွေးလျားယူနစ်အစီအစဉ် စတင်ဆောင်ရွက် 

ဘန်ကောက်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးရေး ရွေးလျားယူနစ်အစီအစဉ် စတင်ဆောင်ရွက် 
Photo - AFP

စက်တင်ဘာ ၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဘတ်စ်ကားကြီးတစ်စင်း COVID-19 ကာကွယ်ဆေး လိုက်လံထိုးနှံပေးတဲ့ ရွေ့လျားယူနစ် အစီအစဉ်ကို စတင်ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါတယ်။ ဘန်ကောက်က ပိုပြီး အစွန်အဖျားကျတဲ့ အရပ်တွေမှာ နေထိုင်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့နဲ့ ကာကွယ်ဆေး ထိုးနှံခံဖို့ ခရီးဝေးက လူတွေအတွက် ပိုပြီး သွားရလာရ အဆင်ပြေအောင်အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ 

အခု ရွေ့လျား ကာကွယ်ဆေး ထိုးနှံပေးရေးယူနစ်ကနေပြီး တစ်နေ့ကို လူတစ်ထောင်ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်ပါတယ်။ အခု လုပ်ငန်းစဉ်ထဲ နောက်ထပ် ဘတ်စ်ကားတွေ ထည့်သွင်းပြီး ရွေ့လျား ကာကွယ်ဆေး ထိုးနှံပေးရေးယူနစ်တွေကို ပိုပြီး ချဲ့ထွင်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူး အက်ဝင်ကောင်းမောင်က ပြောပါတယ်။ 

အခု အစီအစဉ်အပြင် ဘန်ကောက်ရဲ့ အကြီးဆုံး ဆင်းရဲသား ရပ်ကွက်မှာ မတတ်နိုင်တဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးပေးတာကို ချို့တဲ့သူများ အကူအညီပေးရေးအဖွဲ့တစ်ရပ်ကလည်း ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ 

ခလောင်းတိုအီ ဆင်းရဲသားရပ်ကွက်ကြီးမှာ မိသားစုတွေဟာ တစ်လ အမေရိကန်ဒေါလာ ၁၅၀ လောက်နဲ့ အသက်ရှင်ရပ်တည်ရေး ရုန်းကန်နေရပြီး ကိုရိုနာဗိုင်းရပ်စ် တို့ဖတ်စမ်းသပ်စစ်ဆေးမှုဟာ ဈေးကြီးတာကြောင့် အနည်းငယ်ပဲ တတ်နိုင်ကြတာပါ။ 

ကျဉ်းမြောင်းပြီး လူပြည့်သိပ်တဲ့ နေအိမ်တိုက်ခန်းတွဲတွေမှာ နေထိုင်သူ တစ်သိန်းလောက် ရှိတဲ့ ဒီ ဆင်းရဲသားရပ်ကွက်ကြီးဟာ နိုင်ငံအနေနဲ့ ကပ်ဘေး တတိယလှိုင်းကို တိုက်ထုတ်နေရချိန်မှာ အဓိက စိုးရိမ်ပူပန်စရာ ဖြစ်နေခဲ့တာပါ။ 

အခုမှာတော့ Bangkok Community Help Foundation ဆိုတဲ့ ချို့တဲ့သူများ ကူညီပေးရေးအဖွဲ့က ကူးစက်ခံရသူတွေကို သိရှိခွဲထုတ်နိုင်ဖို့နဲ့ ခလောင်းတိုအီရပ်ကွက်ဟာ တစ်မြို့လုံး ဗိုင်းရပ်စ် ပြန်ကူးစေမယ့် ပိုးကိန်းအောင်းရာအရပ် မဖြစ်လာအောင်အတွက် အကြီးစား စမ်းသပ်စစ်ဆေးပေးမှုကို စတင်လုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ 

ပိုးတွေ့သူတွေအတွက် ဆေးရုံမှာ ကုတင်ရရှိရေးပါ အာမခံချက် ရှိထားတဲ့ အခု စီမံချက်ကို ဖော်ဆောင်တာမှာ အချိန်လင့်ခဲ့ကြောင်း ဖောင်ဒေးရှင်းအဖွဲ့က ပြောပါတယ်။ 

မကြာသေးတဲ့ ရက်ပိုင်းမှာပဲ လူပေါင်း တစ်ထောင်နီးပါးကို တို့ဖတ်စစ်ဆေးမှု ပြုခဲ့ပြီး အယောက် ၅၀ လောက်မှာ ပိုးတွေ့တယ်လို့ အဲဒီ အဖွဲ့က ဆိုပါတယ်။ 

“ကျဉ်းကျုပ်လွန်းတဲ့ နေရာမှာ နေထိုင်ကြရသူတွေ ဒီမှာ အများကြီးပဲ၊ ပိုးတွေ့သူ အများစုဟာ စတုရန်းမီတာ ၂၀ လောက်ပဲရှိနိုင်တယ် အိမ်တစ်အိမ်ထဲ လူ ဆယ်ဦးလောက်နဲ့ အတူနေနေကြတာ ဖြစ်တယ်၊ ဒါကြောင့် တစ်ဦးမှာ ပိုးရှိပြီဆိုတာနဲ့ ကျန်သူတွေမှာလည်း ပိုးကူးနေမှာပဲ”လို့ ဖောင်ဒေးရှင်း ပူးတွဲတည်ထောင်သူ ဖရစ်ဆိုပေါ့ဒါဗက်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ထိုင်းနိုင်ငံဟာ ဧပြီလကစလို့ လူအသေအဆုံးများတဲ့ ကူးစက်ဖြစ်ပွားမှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး တစ်နိုင်ငံလုံး စုစုပေါင်း ကူးစက်ဖြစ်ပွားသူ ၁ ဒသမ ၃ သန်းရှိကာ သေဆုံးသူက ၁၃၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly