အီမရန်ခန်း အစိုးရကာလအတွင်း ပါကစ္စတန်၏ ကြွေးမြီ ရူပီး ၁၄၉ ထရီလီယံထိ မြင့်တက်ခဲ့

အီမရန်ခန်း အစိုးရကာလအတွင်း ပါကစ္စတန်၏ ကြွေးမြီ ရူပီး ၁၄၉ ထရီလီယံထိ မြင့်တက်ခဲ့

ပါကစ္စတန်နိုင်ငံ၏ ဘဏ္ဍာရေးကြွေးမြီသည် ဆက်လက် များပြားလာလျက် ရှိပြီး လက်ရှိဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော ပါကစ္စတန် Tehreek-i-Insaf (PTI) အစိုးရလက်ထက် သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ ကြွေးမြီစုစုပေါင်းသည် ရူပီး ၁၄၉ ထရီလီယံအထိ ထပ်မံ မြင့်တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်က ထုတ်ပြန်သည့် တစ်နှစ်တာ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားကြောင်း ယင်းနိုင်ငံ၏ ပြည်တွင်းမီဒီယာက ဖော်ပြသည်။

“ပါကစ္စတန် ဘဏ်ရဲ့ တစ်နှစ်တစ်ကြိမ် ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အစိုးရ ကြွေးမြီတွေဟာ ၃၉၉ ထရီလီယံမှာ ရှိနေပြီး အဲဒီအနက်မှာ PTI အစိုးရလက်ထက် သုံးနှစ်အတွင်း ကြွေးမြီတွေဟာ ရူပီး ၁၄၉ ထရီလီယံအထိ မြင့်တက်ထားခဲ့တာကို ပြသနေပါတယ်၊ PTI အစိုးရလက်ထက် တိုးပွားခဲ့တဲ့ ဒီကြွေးမြီပမာဏဟာ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နဲ့ ပါကစ္စတန်မွတ်ဆလင် အဖွဲ့ချုပ်-န၀က်ဇ် (PML-N) တို့ သူတို့ရဲ့ အုပ်ချုပ်မှု ၁၀ နှစ်တာအတွင်း တိုးပွားစေခဲ့တဲ့ ကြွေးမြီတွေရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်” ဟု ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြသည်။

တချိန်တည်းမှာပင် COVID-19 ကပ်ရောဂါကာလအတွင်း အသုံးစရိတ် လိုအပ်ချက်များကို ဖြည့်ဆည်းရန် အစိုးရ ငွေချေးယူမှု မြင့်တက်ခဲ့မှုကြောင့် ဇွန်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်၏ ၁၁ လတာအတွင်း ပါကစ္စတန်၏ အစိုးရကြွေးမြီသည် ၈ ရာခိုင်နှုန်းကျော် မြင့်တက်ထားခဲ့သည်ဟု ဇူလိုင်လ အစိုးရဒေတာအချက်အလက်များကို ကိုးကားပြီး The News International က ဖော်ပြသည်။

၂၀၂၂ ဘဏ္ဍာနှစ်တွင် ဘက်ဂျက် လိုငွေပြမှုက ၇ ဒသမ ၀ မှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေမည်ဟု အကဲခတ်များက ခန့်မှန်းပြီး အဆိုပါ လိုငွေပြမှု တစိတ်တဒေသကို လက်ရှိနှင့် အသစ်လုပ်ဆောင်မည့် အသုံးစရိတ်ပိုင်းတွင် လျှော့ချဖြတ်တောက်ခြင်းဖြင့် ထေကာလိမ့်မည် ဖြစ်ကြောင်း သိရသည်။ အဓိကပဓာန လိုငွေပြမှုက ၁ ဒသမ ၀ မှ ၁ ဒသမ ၅ ရာခိုင်နှုန်း အထိ ရှိနေဖွယ် ရှိသည်ဟု အဆိုပါ သတင်းဌာနက ဖော်ပြသည်။

ဘက်ပေါင်းစုံ ပါဝင်သော ဖွံ့ဖြိုးရေးပါတနာများနှင့် နှစ်နိုင်ငံပါဝင်သော ဖွံ့ဖြိုးရေးပါတနာများထံမှ ပြင်ပငွေကြေး စီးဝင်မှု လယ်ဗယ် မြင့်တက်ခြင်းက ပါကစ္စတန်တွင် ငွေရေးကြေးရေးနှင့် ကြွေးမြီ စီမံခန့်ခွဲမှု၊ စွမ်းအင်ကဏ္ဍ စသည့် ဦးစားပေးနယ်ပယ်များတွင် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခြင်းနှင့် စီးပွားရေး လုပ်ရကိုင်ရ လွယ်ကူစေရန် ဖြေလျှော့ခြင်း အပါအဝင် အစိုးရ၏ ဖွံ့ဖြိုးရေး ဦးစားပေးကိစ္စများနှင့် မူဝါဒများအပေါ်တွင် ၎င်းတို့ဘက်က ယုံကြည်မှု ရှိခြင်းကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း ပါကစ္စတန် သတင်းမီဒီယာက ယင်း၏ ဖော်ပြချက်တွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly