အာဖဂန် တက္ကသိုလ်ကျောင်းသူများ မျက်နှာကာအဝတ် မဖြစ်မနေ ဝတ်ရန် လိုအပ်ကြောင်း တာလီဘန်များ အမိန့်အသစ်ထုတ်

By The News
08 September 2021
အာဖဂန် တက္ကသိုလ်ကျောင်းသူများ မျက်နှာကာအဝတ် မဖြစ်မနေ ဝတ်ရန် လိုအပ်ကြောင်း တာလီဘန်များ အမိန့်အသစ်ထုတ်

အာဖဂန်နစ္စတန်ရှိ ပုဂ္ဂလိက တက္ကသိုလ်များသို့ တက်ရောက်နေသော ကျောင်းသူများသည် မျက်နှာကို အုပ်ထားသည့် အဝတ်နှင့် ခန္ဓာကိုယ် ဝတ်ရုံကို ဝတ်ဆင်ရန်၊ စာသင်ခန်းများကို ယောကျ်ားနှင့် မိန်းမခွဲထားရန် သို့မဟုတ် အနည်းဆုံး ကန့်လန့်ကာဖြင့် ကာထားရမည်ဟု တာလီဘန်များက အမိန့်ထုတ်လိုက်သည်။

ကျောင်းသူများကို ဆရာမများသာ သင်ကြားရမည်ဖြစ်ပြီး အကယ်၍ ဆရာမများမရှိပါက ကိုယ်ကျင့်သီလ ကောင်းမွန်သည့် "လူအိုများ" ကို အစားထိုးနိုင်သည်ဟု တာလီဘန်ပညာရေးအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက် စာရှည်ကြီးတွင် ဖော်ပြထားသည်။

၂၀ဝ၁ ခုနှစ် တာလီဘန်များ၏ ပထမဆုံးအကြိမ် အုပ်စိုးမှုအဆုံးသတ်ပြီးကတည်းက အလျှိုအလျှို ပေါ်ပေါက် လာခဲ့သည့် ပုဂ္ဂလိကကောလိပ်များနှင့် တက္ကသိုလ်များအတွက် ယင်းအမိန့်က အကျုံးဝင်သည်။

စက်တင်ဘာ ၄ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့သောစည်းမျဉ်းသစ်တွင် ကျောင်းသူများအနေဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းထားသည့် ဝတ်ရုံ ဝတ်ဆင်ရန် အမိန့်ထုတ်ပြန်ချက်မပါရှိသော်လည်း မျက်နှာကာအဝတ် သည် မျက်နှာတစ်ပြင်လုံးကို ကောင်းစွာ ဖုံးအုပ်ထားနိုင်ပြီး မျက်စိနေရာသာနေရာလွတ်ကျန်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဝတ်ရုံနှင့် မျက်နှာကာတို့သည် မြို့တော်ကဘူးလ်၏ လမ်းများမှ ပျောက်ကွယ် သွားခဲ့သော်လည်း မြို့ငယ်များနှင့် တခြားမြို့များတွင် ရံဖန်ရံခါတွေ့မြင်ရသေးသည်။ စက်တင်ဘာ ၆ရက်၌ ပုဂ္ဂလိကတက္ကသိုလ်များဖွင့်ရန်ပြင်ဆင်နေစဉ်တွင် ယင်းအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ အခြေအနေပေါ်မူတည်၍ တက္ကသိုလ်များက ကျောင်းသူများအတွက် ဆရာမများကို ခေါ်ယူရန် လိုအပ်သည်” ဟု အမိန့်ထုတ်ပြန်ချက်က ဆိုပြီး ကျောင်းသားနှင့် ကျောင်းသူများ၏ ဝင်ပေါက်နှင့် ထွက်ပေါက်များ အတူမထားသင့်ကြောင်း ထပ်လောင်းဆိုသည်။ အကယ်၍ ဆရာမများငှားရမ်းရန်မဖြစ်နိုင်ပါက ကိုယ်ကျင့်သီလ ကောင်းမွန်သည့် "လူအိုများ" ကို အစားထိုးနိုင်သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကျောင်းသူများသည် သီးခြားစာသင်ရမည်ဖြစ်သလို အပြင်ဘက်တွင် ရောနှောခြင်းမရှိစေရန်အတွက် ကျောင်းသူများ၏ ကျောင်းဆင်းချိန်သည် ကျောင်းသားများထက် ၅ မိနစ်စောရမည်ဖြစ်သည်။

ကျောင်းသူများသည် ကျောင်းသားများအဆောက်အဦမှ ထွက်ခွာသွားသည်အထိ နားနေခန်းများတွင် စောင့်ဆိုင်းနေရမည်ဟု တာလီဘန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly