ကိုဗစ်ကာကွယ်ဆေးနဲ့နိုင်ငံတကာကိုဗစ်ကူးစက်မှု

08 September 2021
ကိုဗစ်ကာကွယ်ဆေးနဲ့နိုင်ငံတကာကိုဗစ်ကူးစက်မှု

ကျုးဘားနိုင်ငံမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်မပြုရသေးတဲ့ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို အသက် ၂ နှစ်ကလေးငယ်တွေက စပြီး ထိုးပေးနေပြီလို့ နိုင်ငံကျန်းမာရေးဌာနက တနင်္လာနေ့က ကြေညာပါတယ်။ အသက် ၂ နှစ်ကနေ ၁၈ နှစ် ကလေးတွေကို နိုင်ငံတွင်း အသိအမှတ်ပြု Soberana-2 ကာကွယ်ဆေး နဲ့ အသက် ၁၈ နှစ်အထက်ကို Abdala ကာကွယ်ဆေး ထိုးပေးနေတာပါ။ နိုင်ငံတွင်း လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့လည်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ အစိုးရ သတင်းအချက်အလက်တွေအရ ကျုးဘားမှာ အခုထိ နိုင်ငံလူဦးရေ ထက်ဝက်လောက် ကာကွယ်ဆေး တကြိမ်ထိုးပြီးဖြစ်သလို ၃ ပုံ ၁ပုံလောက်က ဆေး ၂ ကြိမ် အပြည့်ထိုးပြီးဖြစ်ပါတယ်။ လူဦးရေ ၁၁ သန်းလောက်ပဲရှိတဲ့ ကျုးဘားမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နေ့စဉ် ကိုဗစ်ကူးစက်မှုနှုန်း ပျှမ်းမျှ ၇၀၀၀ လောက်ရှိနေတာပါ။ အင်တာနက် အသုံးမပြုနိုင်တဲ့ သူအတော်များများရှိတဲ့ ကျုးဘားနိုင်ငံမှာ အွန်လိုင်း သင်ကြားရေး အခက်အခဲတွေရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကတည်းက ပိတ်ထားတဲ့ကျောင်းတွေကို  အစိုးရက ပြန်ဖွင့်ချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက ခရီးသွားလုပ်ငန်းကိုလည်း ပြန်ပြီး လည်ပတ်စေချင်တာပါ။ တရုတ်၊ ဗင်နီဇွဲလားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှာလည်း ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပေမဲ့ အခု  ကျုးဘား က ပထမဆုံး ကလေးငယ်တွေကိုကာကွယ်ဆေး စပြီးထိုးပေးတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly