အင်ဒိုနီးရှား အကျဉ်းထောင် မီးလောင်မှု လူ ၄၀ ကျော် သေဆုံး

အင်ဒိုနီးရှား အကျဉ်းထောင် မီးလောင်မှု လူ ၄၀ ကျော် သေဆုံး
Photo - AFP

စက်တင်ဘာ ၈

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ စက်တင်ဘာ ၈ ရက်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့လို့ လူ ၄၁ ဦး သေဆုံးပြီး အခြား လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြို့တော် ဂျကာတာရဲ့ အနီးအနားရှိ တန်ဂါရန် အကျဉ်းထောင်မှာ မနက်အစောပိုင်းအချိန် အကျဉ်းသား အများစု အိပ်ပျော်နေချိန်မှာ မီးလောင်မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မူးယစ်ဆေးမှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ထားရှိတဲ့ အဆောက်အအုံတစ်ခုမှာ လောင်ကျွမ်းခဲ့တဲ့ မီးကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက မနက် ၃ နာရီလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။

“အကျဉ်းသား ၄၁ ယောက် သေဆုံးခဲ့ပါတယ်၊ အခြားရှစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရသွားပါတယ်၊ ၇၂ ယောက်လောက်ကတော့ အသေးစား ဒဏ်ရာတွေ ရခဲ့ကြပါတယ်” လို့ ဂျကာတာ ရဲချုပ် ဖာဒီလ် အီမရန်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ဒဏ်ရာအပြင်းအထန် ရခဲ့သူတွေကိုတော့ တန်ဂါရန် အထွေထွေဆေးရုံတွေကို ပို့ဆောင်ကုသမှုခံယူထားစေလျက် ရှိပြီး ဒဏ်ရာအသေးစား ရတဲ့ အကျဉ်းသားတွေကိုတော့ ကျန်းမာရေးဆေးခန်းတစ်ခုမှာ ကုသပေးခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင် မီးလောင်ကျွမ်းမှုရဲ့ အကြောင်းရင်းကို သိရဖို့ အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ဖြစ်မှုကြောင့် မီးလောင်တာ ဖြစ်နိုင်တယ်လို့ ကနဦး ကောက်ချက်ချထားပါတယ်။

“ကျွန်တော် အဲဒီကို သွားစစ်ထားပြီးပါပြီ၊ ကနဦး တွေ့ရှိချက်အရတော့ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်” လို့ အီမရန်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly