စစ်ကောင်စီတပ် ဖမ်းဆီးသွားစဉ် သေဆုံးသွား‌သူ၏ ဇနီးအပါအဝင် ၂ ဦး ထပ်မံဖမ်းဆီးခံရ

စစ်ကောင်စီတပ် ဖမ်းဆီးသွားစဉ် သေဆုံးသွား‌သူ၏ ဇနီးအပါအဝင် ၂ ဦး ထပ်မံဖမ်းဆီးခံရ

ပြည်မြို့တွင် ယမန်နေ့က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံရပြီး သေဆုံးသွားသူ ကိုဇော်လင်းထက်၏ ဇနီးဖြစ်သူနှင့် ၎င်းတို့၏  အိမ်နီးချင်းအသက်၃၀အရွယ် အမျိုးသားတစ်ဦး ယနေ့ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီ ဝန်းကျင်တွင် ကျောင်းကြီးအိုးတန်း ရပ်ကွက်၊ ရုံးလမ်းကို စစ်တပ်မှ အင်အားအများအပြားနှင့် ရောက်ရှိလာပြီး သေဆုံးသူ၏နေအိမ်ကို ဝင်ရောက်ဖျက်ဆီးကာ ၎င်းတို့ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
 
“မနက်အစောကြီး စစ်‌ခွေးတွေရောက်လာတယ်။ အိမ်မှာ လက်လုပ်မိုင်းရှိတယ်ဆိုပြီး လာရှာတာ မတွေ့ဘူးဗျ။ အိမ်က ပစ္စည်းတွေကို ရိုက်ခွဲသွားတယ်။ သေဆုံးသွားတဲ့ ဇော်လင်းထက်ရဲ့ မိန်းမနဲ့ ဘေးအိမ်က ကောင်လေးတစ်ယောက်ကို ဖမ်းသွားကြတယ်။ အိမ်သားတွေရဲ့ ဖုန်းတွေကို အကုန်သိမ်းသွားတာ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးထံက သိရသည်။ 

မည်သည့်အတွက်ကြောင့် ၎င်းတို့ကို ဖမ်းဆီးခဲ့သည်ကို  အတိအကျ မသိရှိရသေးဘဲ ရပ်ကွက်အတွင်းရှိ အခြားသူများကလည်း  ထပ်မံဖမ်းဆီးမှုများရှိလာမည်ကို စိုးရိမ်နေကြသည်။ သေဆုံးသူ ကိုဇော်လင်းထက်၏ရုပ်အလောင်းကို မိသားဝင်များက လက်ရှိအချိန်ထိ ပြန်လည်ရရှိခဲ့ခြင်း မရှိသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly