၄လကြာအပစ်ရပ်ဖို့ အာဆီယံကမ်းလှမ်းမှု TNLA အပြုသဘောကြိုဆို 

07 September 2021
၄လကြာအပစ်ရပ်ဖို့ အာဆီယံကမ်းလှမ်းမှု TNLA အပြုသဘောကြိုဆို 

 မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof က မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အွန်လိုင်းမှာ ဆွေးနွေးစဉ်  လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် နှစ်ကုန်တဲ့အထိ အပစ်အခတ်ရပ်စဲထားဖို့ ကမ်းလှမ်းတင်ပြခဲ့ပါတယ်။ ဒါကို စစ်ကောင်စီဘက်က သဘောတူကြောင်း Mr. Yusof ရဲ့ပြောကြားချက်ကို သတင်းမီဒီယာတွေက ထုတ်ပြန်ကြပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်ပေးနိုင်အောင် အပစ်ရပ်ထားဖို့ အာဆီယံအထူးသံတမန်ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး TNLA ခေါ် တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။  

 “ ဟုတ်ကဲ့။ ဒီအပစ်ရပ်တာကတော့ ကောင်းပါတယ်ပေါ့နော်။ ဒါပေမဲ့ သေချာတယ်- ထုတ်ပြန်တဲ့အတိုင်း လက်တွေ့ကျဖို့တော့ လိုတယ်။ လိုက်နာဖို့တော့ လိုတယ်။ တပ်ဘက်က သဘောတူတယ်ဆိုလည်း အဓိကတော့ ထိုးစစ်မပြုဖို့တော့ လိုတယ်ပေါ့နော်။ သူတို့ ထိုးစစ်ကြောင့် ကျနော်တို့ဘက်မှာလည်း တိုက်ပွဲထိတွေ့မှုရှိတာဖြစ်တယ်။ ”  

 TNLA တအန်း(ပလောင်)၊ AA ရခိုင်နဲ့ MNDAA ကိုးကန့်အဖွဲ့တွေပါ၀င်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က Covid 19 ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲတွေ လျော့ချဖို့  သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဒီလ ၄ ရက်နေ့ကပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ပါဝင်တဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားမှာတော့ ဇူလိုင်လက စတင်ပြီး ဒီလ ၅ရက်နေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာမှာ ပုန်းခိုနေကြရပြီး လူသားချင်းစာနာစရာ အကူအညီတွေ အလွန်အမင်းလိုအပ်နေကြပါတယ်။   

မြန်မာနိုင်ငံရဲ့ မြေပြန့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့တိုင်းဒေသကြီးတွေမှာတော့ PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အချင်းချင်းမဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ဖို့ ကြေညာချက် ထုတ်ပြန်တာတွေ လည်း ရှိနေပါတယ်။ လက်ရှိ PDF တွေနဲ့ စစ်တပ်ကြား အပြန်အလှန် ပစ်ခတ်မှုတွေရှိတဲ့ ဒေသတွေက စစ်ဘေးဒုက္ခသည်တွေဟာလည်း စားရေးနေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အပါအဝင် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်ရင်းသား လက်နက်ကိုင် ၁၀ဖွဲ့ကတော့  အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံထားသလို အထူးသံတမန်ရဲ့ ကြားဝင်ဆောင်ရွက်မှုကို မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။ စစ္တပ္ဘက္ကေတာ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ထိပါးလာတာမှ အပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို သြဂုတ်လ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားပါတယ်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags