သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကဘူးလ်တွင် သံတမန်ရေးရာ လုပ်ငန်းများ ပြန်လုပ်ဆောင်မည်ဟု ဂျာမနီပြော

သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကဘူးလ်တွင် သံတမန်ရေးရာ လုပ်ငန်းများ ပြန်လုပ်ဆောင်မည်ဟု ဂျာမနီပြော

တာလီဘန်တို့ အနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဂျာမနီက အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်တွင် သံတမန်ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမတ်စ်က စက်တင် ဘာလ ၂ ရက်တွင် ပြောကြားခဲ့သော်လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကမူ တာလီဘန်တို့အနေဖြင့် အပြုသဘောပြောင်းလဲမှုများ မတွေ့ရှိသေးကြောင်း ပြောကြားလိုက်သည်။

“ အာဖဂန်နစ္စတန်မှာ အခြေခံလူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးကို လေးစားပြီး အားလုံးပါဝင်တဲ့ အစိုးရ တစ်ရပ်ကို တွေ့မြင်ချင်ပါတယ်။ ဒါမှသာ အာဖဂန်နစ္စတန်က နိုင်ငံတကာအကြမ်းဖက်ဝါဒီတွေ မွေးထုတ်ပေးတဲ့ နေရာတစ်ခုဖြစ်လာမှာ မဟုတ်ပါ ဘူး” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမတ်စ်က ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ဆလိုဗေးနီးယားနိုင်ငံတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီး လုံခြုံဘေးကင်းတယ်ဆိုရင်တော့ ကဘူးလ်မြို့မှာ သံတမန်ရေးရာ ကိစ္စရပ်တွေ ပြန်လည်စတင်ဖို့အဆင်သင့်ပါပဲ” ဟု သူက ဆိုသည်။

ရုရှားနှင့် တရုတ်ကဲ့သို့မဟုတ်ဘဲ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံအများစုသည် ကဘူးလ်မြို့ရှိ သံရုံးများကို ပိတ်လိုက်ပြီး အစိုးရသစ်တစ်ဖွဲ့ဖွဲ့အား တိုက်ရိုက်သြဇာလွှမ်းမိုးရန် အခွင့်အလမ်းများကို လျှော့ချလိုက်သည်။

ပြင်သစ်က တာလီ ဘန်များက လူများအား တိုင်းပြည်မှ ထွက်ခွာခွင့်ပြုခြင်း၊ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ များကို ခွင့်ပြုခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအားလုံးနှင့် လုံးဝလမ်းခွဲခြင်းနှင့် အထူးသဖြင့် အမျိုးသမီးများနှင့် လူအခွင့်အရေးများကို လေးစားလိုက်နာခြင်း အပေါ်မူတည် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီဒါရီအန်က Le Figaro သတင်းစာသို့ ပြောကြားခဲ့သည်။

“ အခုလောလောဆယ်မှာတော့ ဒီလမ်းကြောင်းကို ဦးတည်နေတာမတွေ့ရပါဘူး” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီဒါရီအန်က ပြောကြားခဲ့သည်။

အစောပိုင်းရက်များက အနာဂတ်တွင် အလားတူ အကျပ်အတည်းများအား ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ရန် နည်းလမ်းများကို အာရုံစိုက်ဆွေးနွေးခဲ့သည့် ဥရောပ ကာကွယ်ရေးဝန်ကြီးများကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးများ ကလည်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော့်တို့ ကြိုက်ကြိုက်မကြိုက်ကြိုက် အာဖဂန်နစ္စတန်မှာ ဖြစ်ရပ်မှန်အသစ်တစ်ခုရှိနေတယ်” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမတ်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly