အာဖဂန်နစ္စတန်သည် အကြမ်းဖက်လုပ်ငန်းများအတွက် နေရာဖြစ်လာမည်ကို အိန္ဒိယအစိုးရ စိုးရိမ်

အာဖဂန်နစ္စတန်သည် အကြမ်းဖက်လုပ်ငန်းများအတွက် နေရာဖြစ်လာမည်ကို အိန္ဒိယအစိုးရ စိုးရိမ်

တာလီဘန်တို့က အစိုးရတစ်ရပ် ဖွဲ့စည်းရန် လုပ်ဆောင်နေချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံပိုင်နက်အား အိန္ဒိယဆန့်ကျင်ရေး ဆောင်ရွက်ချက်များနှင့် အကြမ်းဖက်လုပ်ငန်းများအတွက် အသုံးချမည်ကို အိန္ဒိယအစိုးရက စိုးရိမ်ပူပန်လျှက်ရှိသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ စက်တင်ဘာ ၃ ရက် ထုတ်ပြန်ချက်တွင် အဓိကဦးစားပေးလုပ်ငန်းသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ ကျန်ရှိနေသည့် အိန္ဒိယနိုင်ငံသား အနည်းငယ်ကို ကယ်ထုတ်ရန်ဖြစ်သော်လည်း ကဘူးလေဆိပ်အခြေအနေကို ပုံမှန်အတိုင်းဖြစ်အောင် ပထမဆုံး လုပ်ဆောင်ရကြောင်း ဖော်ပြထားသည်။

တာလီဘန်ခေါင်းဆောင် မိုဟာမက်စတန်နီကာဇိုင်းနှင့် အိန္ဒိယသံအမတ်ကြီး ဒီပက်ခ်မစ်တယ်တို့ ကာတာနိုင်ငံ ဒိုဟာမြို့၌ တွေ့ဆုံရာတွင် အဆိုပါကိစ္စရပ် ၂ ခုစလုံးတွင် အိန္ဒိယနိုင်ငံ၏ အနေအထားကို တာလီဘန်တို့က ပြုသဘောတုံ့ပြန်ခဲ့ကြောင်း ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်အာရင်ဒမ်ဘက်ချီက ပြောကြားသည်။ သို့သော် တာလီဘန်တို့အား အသိအမှတ်ပြုမည်ဟု ပြောရန် စောလွန်းသေးကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးမှုမျိုး နောင်တွင် ထပ်မံလုပ်ဆောင်ရန်ပင် မသေချာသေးကြောင်းလည်း ၎င်းကပြောသည်။

တာလီဘန်များကို အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခြင်း မသတ်မှတ်ခြင်းထက် အာဖဂန်နစ္စတန်အား အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုများ မလုပ်ဆောင်စေရန် စောင့်ကြည့်နေကြောင်း၊ ကဘူးလ်တွင် မည်သည့်အစိုးရမျိုးဖွဲ့မည်ကို အိန္ဒိယက အသေးစိတ်မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက် ဆွေးနွေးကို အိန္ဒိယက အမြန်ဆုံး သတင်းထုတ်ပြန်ခဲ့သော်လည်း တာလီဘန်တို့က နှုတ်ဆိတ်နေခဲ့သည်။ ယင်းအခြေအနေသည် တာလီဘန် အကြီးအကဲ စတန်နီကာဇိုင်းက အခြားသံအမတ်ကြီးများ၊ ဝန်ကြီးများနှင့် တွေ့ဆုံမှုကို တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက တွစ်တာ၌ ဖော်ပြခြင်းများနှင့် များစွာ ကွာခြားလျှက်ရှိသည်။

တာလီဘန် အကြီးအကဲဖြစ်သလို ကာတာနိုင်ငံရှိ တာလီဘန်အဖွဲ့၏ နိုင်ငံရေးရုံးဒုတိယအကြီးအကဲ စတန်နီကာဇိုင်းအား အိန္ဒိယ သံအမတ်ကြီး မစ်တယ်က ဒိုဟာမြို့ရှိ သံရုံး၌ အောက်တိုဘာ ၃၁ ရက် တွင် လက်ခံတွေ့ဆုံပြီးနောက်ပိုင်း စတန်နီကာဇိုင်းသည် တရုတ်၊ တူရကီ၊ ကနေဒါနိုင်ငံတို့မှ သံအမတ်ကြီးများ၊ ဒတ်ချ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမှုများကို တာလီဘန်တို့က တရားဝင် တွစ်တာတွင် အတည်ပြုခဲ့သည်။

တာလီဘန်တို့က အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံမှုအား ထုတ်ပြန်မှုမရှိခြင်းအပေါ် အံ့အားသင့်စရာဖြစ်ခဲ့သည်။ အိနိ္ဒယအစိုးရ၏ ထုတ်ပြန်ချက်တွင် တာလီဘန်တို့၏ တောင်းဆိုမှုကြောင့် အဆိုပါ အစည်းအဝေးကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းထုတ်ပြန်ခြင်း၊ မထုတ်ပြန်ခြင်းသည် တာလီဘန်တို့နှင့်သာ သက်ဆိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဘက်ချီက ပြောကြားခဲ့သည်။ တာလီဘန်တို့က အစည်းအဝေးဓာတ်ပုံထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပေါ် မေးမြန်းရာတွင် ဓာတ်ပုံရိုက်ခဲ့သည့် အစည်းအဝေးမျိုးမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သတင်းမထုတ်ပြန်တာတော့ အကြောင်းတစ်ခုခု ရှိမယ်မထင်ပါဘူး။ ကျွန်တော်တို့မှာ ဓာတ်ပုံမရှိပါဘူး၊ သူတို့ဘက်ကလည်း ဓာတ်ပုံမရိုက်ခဲ့ကြဘူး” ဟုလည်း ဘတ်ချီက ပြောသည်။

တာလီဘန်တို့ဘက်မှ အစည်းအဝေးအပေါ် နှုတ်ဆိတ်နေခြင်းသည် စတန်နီကာဇိုင်းနှင့် အခြားသူများက အိန္ဒိယတာဝန်ရှိသူများနှင့် တွေ့ဆုံမှုအပေါ် ပါကစ္စတန်တွင် စိုးရိမ်မှုများ လျော့ကျစေရန် ဖြစ်နို်ငကြောင်း ယူဆမှုများလည်း ရှိနေသည်။

ယခုကဲ့သို့ တွေ့ဆုံခဲ့သည်ဆိုသော သတင်းသည် အကြမ်းဖက်အုပ်စုများက အိန္ဒိယကို ပစ်မှတ်ထားတိုက်ခိုက်မှုအား ခွင့်ပြုမပေးခြင်းနှင့် အိန္ဒိယ တာဝန်ရှိသူများက အာဖဂန်နစ္စတန်တွင် စီးပွားရေး ဆက်လက်လုပ်ကိုင်နေကြောင်းကို တာလီဘန်တို့က အာမခံလိုက်ခြင်းဖြစ်ကြောင်း သတ်မှတ်ထားသည်။

သို့သော် ဒိုဟာမြို့မှ တာလီဘန်ခေါင်းဆောင်များက ပေးသည့်အာမခံချက်များကို ယုံကြည်လက်ခံရန် အိန္ဒိယအစိုးရအနေဖြင့် ခက်ခဲနေသည်။ ပါကစ္စတန်က တာလီဘန်ခေါင်းဆောင်များကို လေ့ကျင့်ပေးပြီး ၎င်းတို့အား ကာလအတော်ကြာ စောင့်ရှောက်ထားခဲ့သည့်ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ်ခ်ရာရှစ်၏ ပြောကြားမှုကို ၎င်းတို့အစိုးရက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်လိုက်ခြင်းကြောင့် အိန္ဒိယအစိုးရအတွက် ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့သည်။

တာလီဘန်ထိပ်ပိုင်းခေါင်းဆောင်အားလုံးသည် ပါကစ္စတန်တွင် မွေးဖွားကြီးပြင်းခဲ့ကြသူများဖြစ်သည်ဟုလည်း ရှိတ်ခ်ရာရှစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly