ကျေးရွာတစ်ရွာလျှင် လူအယောက် ၃၀ ရှာပေးရန် စစ်ကောင်စီညွှန်ကြား

ကျေးရွာတစ်ရွာလျှင် လူအယောက် ၃၀ ရှာပေးရန် စစ်ကောင်စီညွှန်ကြား

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးကို တစ်ရွာလျှင် လူအယောက် ၃၀ ရှာပေးရန် စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။

"ရဲနဲ့စစ်တပ်က အုပ်ကြီးတွေကို ခေါ်ပြောတာ၊ အုပ်ကြီးတွေကနေတဆင့် ဆယ်အိမ်မှူး ရာအိမ်မှူးတွေကို လူရှာ ခိုင်းထားတာ၊ မှော်ဘီမြို့နယ်ထဲက ရွာတွေအကုန်လုံးကို ပြောထားတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုံထဲရှိ ကုလားကုန်းရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးသည် စက်တင်ဘာလ ၃ရက် ကတည်းကပင် လူစုဆောင်းရန် စီစဥ်ပြီး လူသစ်စုဆောင်းမှုကို ၎င်းက အဓိက ဦးဆောင်နေသည်ဟု သိရသည်။ 

လူရှာဖွေပေးရာတွင် လူငယ်နှင့် လူလတ်များကို အဓိကထား ရှာဖွေပေးရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟုလည်း ဒေသခံများက ပြောသည်။ 

"ကျွန်တော်တို့ကတော့ ဒီကောင်တွေလက်ထဲ လုံးဝ အပါမခံဘူး။ လွတ်အောင်ပြေးမယ်။ ဒီကောင်တွေ လက်ထဲတော့ မရောက်ချင်ဘူး"ဟု ဒေသခံလူငယ် တစ်ဦးက ဆိုသည်။

အဆိုပါ လူများအား အကြမ်းဖက် စစ်ကာင်စီတပ်က တပ်သားအသစ်အဖြစ် အသုံးပြုနိုင်ခြင်း ရှိမရှိနှင့် မည်သည့်အတွက် ခေါ်ယူစုဆောင်းသည် ဆိုသည်ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly