ဂျပန်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယက Sukhoi Su-30 တိုက်လေယာဉ်များကို အသုံးပြုမည်

ဂျပန်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယက Sukhoi Su-30 တိုက်လေယာဉ်များကို အသုံးပြုမည်

လာမည့်လများတွင် ပြုလုပ်မည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွက် အိန္ဒိယလေတပ်က Sukhoi Su-30 တိုက်လေယာဉ် ၆ စင်းကို ဂျပန်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်သည်။

ဂျပန်နှင့် အိန္ဒိယ နိုင်ငံတို့သည် ၄ နိုင်ငံပါဝင်သည့် Quad သဘောတူစာချုပ်အရ လုံခြုံရေးနှင့် သံတမန်ရေးရာကဏ္ဍများတွင် ဆက်ဆံရေးတိုးမြှင့်ရန် လုပ်ဆောင်လျှက်ရှိကြသည်။

ရုရှားလုပ် Su-30 တိုက်လေယာဉ်များကို တရုတ်တို့က အရှေ့တရုတ်ပင်လယ်၌ ပျံသန်းခြင်း၊ ရုရှားတို့က အငြင်းပွားကျွန်းများအနီးတွင် ပျံသန်းခြင်းတို့ကြောင့် စစ်ပွဲတွင် အမှန်တကယ် ကြုံတွေ့လာရပါက အဆိုပါ လေယာဉ်များအကြောင်းကို ပိုမိုနားလည်ရန် ဂျပန် တိုက်လေယာဉ်မှူးများအနေဖြင့် ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ယင်းတိုက်လေယာဉ်များ ပါဝင်စေရန် မျှော်လင့်ထားဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားသည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေတပ် (JASDF) သည် အိန္ဒိယလေတပ်ဖွဲ့များနှင့် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။ နောက်တစ်နှစ်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများနှင့် စမ်းသပ်မှုများတွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး လေ့ကျင့်မှုများသာ ပါဝင်ခဲ့သည်။

တိုက်လေယာဉ်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂ ကြိမ်တိုင်တိုင် ရွေ့ဆိုင်းခဲ့ရသည်။

အိနိ္ဒယမှ လေယာဉ်များနှင့် လေယာဉ်မှူးများသည် ဂျပန်နိုင်ငံသို့ မတ်လကုန်မတိုင်မီသွားရောက်ကာ Su-30 များနှင့် အမေရိကန်လုပ် JASDF F-15 Eagle တိုက်လေယာဉ်များကို ဂျပန်မြောက်ဘက်ကမ်းရိုးတန်း အီရှီကာဝါ စီရင်စုတွင် အခြေစိုက်၍ နှိုင်းယှဉ် စမ်းသပ်လေ့ကျင့်မည်ဖြစ်သည်။

တရုတ်လေတပ်တွင် Su-30 စင်းကို အသုံးပြုနေကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်၏ Su-30 လေယာဉ်တစ်စင်းကို ၂၀၁၆ ခုနှစ်က အိုကီနာဝါစီရင်စုအနီး ခြေရာခံတွေ့ရှိခဲ့သလို နောက်တစ်နှစ်တွင်လည်း ဂျပန်ပင်လယ်ပြင်၌ တွေ့ရှိခဲ့သည်။

Su-30 လေယာဉ်အပေါ်များစွာ အခြေခံထားသော်လည်း ပြုပြင်မွမ်းမံမှုများကိုသာ လုပ်ဆောင်ထားသည့် Shenyang J-15 တိုက်လေယာဉ်ကို တရုတ်ရေတပ်က ၎င်းတို့၏ လေယာဉ်တင်သင်္ဘောမှ ပျံသန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly