တိဘက်ဖိနှိပ်ခံရမှုသည် ထိုင်ဝမ်အတွက် သတိပေးချက်ဟု အဝေးရောက်အစိုးရအဖွဲ့ ကိုယ်စားလှယ်ပြောကြား

By Focus Taiwan
06 September 2021
တိဘက်ဖိနှိပ်ခံရမှုသည် ထိုင်ဝမ်အတွက် သတိပေးချက်ဟု အဝေးရောက်အစိုးရအဖွဲ့ ကိုယ်စားလှယ်ပြောကြား

တိဘက်လူမျိုးတို့အား တရုတ်အစိုးရက ၁၀စုနှစ်များစွာ ဖိနှိပ်မှုသည် ထိုင်ဝမ်အတွက် သတိပေးမှု တစ်ခုဖြစ်ကြောင်း တိဘက်အဝေးရောက်အစိုးရအဖွဲ့ ကိုယ်စားလှယ် ကယ်စန်ဂျယ်စဆန်းဘာဝါက ထိုင်ဝမ်ဥပဒေပြုလွှတ်တော်၌ ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် စက်တင်ဘာ ၂ ရက်က ပြော ကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် တိဘက်ပညာတတ်များကို ပြည်ပသို့ ထွက်သွားရန် ဖိအားပေးခြင်း၊ မိမိတို့ဒေသ၌ ရက်စက်သည့် ဖိနှိပ်မှုများကို ပြုလုပ်ခဲ့ကြပြီး ၎င်းတို့၏ နာကျင်မှုများသည် ယနေ့တိုင်အောင် ရှိနေဆဲ ဖြစ်သည်ဟုလည်း ကိုယ်စားလှယ်က ပြောကြားသည်။

ဒလိုင်းလားမားအစိုးရနှင့် ကွန်မြူနစ်ပါတီတို့ ၁၉၅၁ ခုနှစ်က ပေကျင်းမြို့တွင် ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိဘက်လူမျိုးများ သွေးနှင့်မျက်ရည်များကျရသည်မှာ နှစ် ၇၀ ကြာမြင့်သွားပြီဟုလည်း ကယ်စန်က ပြောကြားသည်။

တိဘက်သည် တရုတ်၏ အချုပ်အခြာအာဏာပိုင်နယ်မြေဖြစ်သော်လည်း တိဘက်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ကတိပြုခဲ့သည့် သဘောတူညီချက် ၁၇ ချက်ကိုလည်း ၎င်းက ကိုးကားပြောကြားခဲ့သည်။ သို့သော် ၁၉၅၉ ခုနှစ်က တိဘက်မြို့တော် လာဆာတွင် ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်ပြီးနောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် အိန္ဒိယသို့ ထွက်ပြေးခဲ့ရကာ ယင်းနိုင်ငံ၌ပင် အဝေးရောက်အစိုးရကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီသည် ၎င်းတို့၏ လက်ထဲတွင်သာ ရှိလိမ့်မည်ဟု တိဘက်၏ အတွေ့အကြုံများက ထိုင်ဝမ်ကို သတိပေးနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

ဖိနှိပ်ခံနေရသည့် တိဘက်များအား ထောက်ခံသလို ထိုင်ဝမ်ပြည်သူများအနေဖြင့်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခြင်းကို တန်ဖိုးထားမြတ်နိုးရမည်ဟု တစ်သီးပုဂ္ဂလ ဥပဒေပြုအမတ် ဖရက်ဒီလင်းက ပြောကြားသည်။ ၎င်းသည် တိဘက်ဆိုင်ရာ ထိုင်ဝမ်ပါလီမန်အဖွဲ့အား ဦးဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)မှ ဥပဒေပြုအမတ်ဖြစ်သူ ဖန်ယွန်ကလည်း တရုတ်အစိုးရသည် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် ၎င်းတို့၏ ခြိမ်းခြောက်မှုများကိုလည်း သတိထားရမည်ဟု သတိပေးခဲ့သည်။

ထိုင်ဝမ်ပြည်သူများသည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်များတွင် နို်ငငံတကာ အသိုင်းအဝိုင်းနှင့်အတူ ရပ်တည်နေသည့် အရေးကြီးသော တန်ဖိုးများကို ဆက်လက်ယုံကြည်ထားရမည်ဖြစ် ကြောင်း ဖန်က ဆက်လက်ပြောကြားသည်။

တရုတ်သည် ငြိမ်းချမ်းရေး သဘောတူစာချုပ် ရေးထိုးပြီးနောက် မည်သို့ ဆက်လုပ်သည်ကို တွေ့ရှိရပြီး ဖြစ်ကြောင်းလည်း အာဏာရပါတီ၏ ဥပဒေပြုအမတ်တစ်ဦးဖြစ်သူ ဟွန်စွန်ဟန်က ပြောကြားသည်။ ထိုင်ဝမ်ပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အနာဂတ်ကို စဉ်းစားသည့်အခါ တိဘက်၏ အဖြစ်အပျက်ကို သတိပြုရမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly