ချင်းပြည်နယ်အစိုးရက ဘာသာရေးဆရာတော်များကို ငွေကျပ် ၁၈၀၀၀ ထောက်ပံ့‌ ခြင်းအပေါ်ဝေဖန်မှုထွက်ပေါ်

ချင်းပြည်နယ်အစိုးရက ဘာသာရေးဆရာတော်များကို ငွေကျပ် ၁၈၀၀၀ ထောက်ပံ့‌ ခြင်းအပေါ်ဝေဖန်မှုထွက်ပေါ်

စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ်အတွင်း ရှိ ဘာသာရေး ဆရာတော်များ၊ပါစတာများ၊ကက်သလစ်ဘုန်းတော်ကြီးများ၊သီလရှင်များအား တစ်ပါးလျှင် ငွေကျပ်၁၈၀၀၀ ထောက်ပံ့ပေးမှုနှင့်ပတ်သက်ပြီးဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

ချင်းပြည်နယ် ၉မြို့နယ်အတွင်းရှိသာသနာ့တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်များ၊ပါစတာများ၊တရားဟောဆရာများ အတွက် ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စများပြည့်စုံစေရန် တစ်ပါးလျှင် ငွေကျပ်- ၁၈၀၀၀ နှုန်းထောက်ပံ့ပေးခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆီကိုထွေအုပ်ကနေစာရင်းကောက်တယ်ဆိုပြီးပြောလာတယ်။ကိုယ်တွေကလည်း ဓမ္မအမှုတော်ဆောင်ဆိုတော့သူတို့နာမည်စာရင်းကောက်တော့လည်းပေးလိုက်ရတာပေါ့။ နောက်မှလိုင်းပေါ်မှာ၁၈၀၀၀ကျပ်သတင်းက ပြန့်နေတယ်။ ဒါကိုပေးဖို့စာရင်းကောက်တာပဲဖြစ်မယ်ဆိုပြီး"ဟုမင်းတပ်မြို့ မှပါစ္စတာတစ်ဦးမှ ပြောသည်။

အဆိုပါထောက်ပံ့ငွေကြေးယူမယူနှင့်ပတ်သက်ပြီး "ကျွန်တော်တို့ကတော့ယူဖို့မရှိဘူး။ သူတစ်ပါးမျက်ရည်ကြီးငယ်ကျအောင်လုပ်ချင်တာလုပ်ပြီးကလေးမုန့်ဖိုးမရှိတဲ့ ငွေနဲ့လာချော့နေသလိုဖြစ်နေတယ်။ ဒီငွေတွေကကောသန့်စင်ရဲ့လား။ သူတစ်ပါးတွေဆီကအနိုင်ကျင့်သိမ်းယူပြီးမှ ဘာသာရေးဆရာတွေကိုလာပေးနေတာတော့မဖြစ်သင့်ဘူး"ဟု၎င်းကပြောသည်။

ချင်းပြည်နယ်အတွင်းအာဏာသိမ်းပြီးနောက်စစ်ကောင်စီ၏ ပစ်ခတ်ဖျက်စီးမှုများကြောင့် ကန်ပက်လက်နှစ်ခြင်းအသင်းတော်ကျည်ထိမှန်ခြင်း၊မင်းတပ်မြို့နယ်အတွင်းရှိချပ်ရွာဘုရားကျောင်းနှင့်ကတ်သလစ်ဘုရားကျောင်းဖျက်စီးခံရခြင်းနှင့် ဖလမ်းမြို့နယ်အတွင်းရှိ တားလ်နှစ်ခြင်းအသင်းတော်ကို ၂ ကြိမ်တိုင်တိုင်ဝင်ရောက်တည်းခိုပြီး ဘုရားကျောင်းထဲက သမ္မာကျမ်းစာ၊ ဓမ္မသီချင်းစာအုပ်များဖျက်စီးခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly