ဧရာဝတီတိုင်းရှိ မြို့ဝင်ပေါက်များကို စစ်ကောင်စီကလုံခြုံရေး အထူးကြပ်မတ်နေ

ဧရာဝတီတိုင်းရှိ မြို့ဝင်ပေါက်များကို စစ်ကောင်စီကလုံခြုံရေး အထူးကြပ်မတ်နေ

ဧရာဝတီတိုင်းသို့ အခြားတိုင်းနှင့်ပြည်နယ်များမှကုန်းလမ်းခရီးဖြင့် ဝင်ရောက်လာနိုင်သည့်ဝင်ပေါက် ခြောက်နေရာအနက် သုံးနေရာကို စစ်ကောင်စီက အထူးကြပ်မတ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် တပ်စွဲထားပြီး ဖြတ်သန်းသွားလာသည့် ပြည်သူများကို တစ်ယောက်ချင်း ကျန်းမာရေးစစ်ဆေးသည်ဟုအကြောင်းပြကာ မှတ်ပုံတင်နှင့် လူပုံကို တိုက်ဆိုင်စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

မအူပင် မလက်တိုဂိတ်နှင့် ဒေးဒရဲဂိတ်တွင်လည်း တစ်ဦးချင်း မှတ်ပုံတင်နှင့် လူပုံကို တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ဆောင်နေပြီး COVID-19 ကို အကြောင်းပြကာ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ တင်းကျပ်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ထားသော ဝင်ပေါက် သုံးခုဖြစ်သည့် ကျောက်ချွန်ဂိတ်၊ သီတာကုန်းပြင်ဂိတ်နှင့် ဘက်ရဲဂိတ်များတွင် ပုံမှန်စစ်ဆေးမှုများသာ လုပ်ဆောင်နေပြီး အဓိက ရန်ကုန်တိုင်းနှင့် ထိစပ်နေသည့် ဝင်ပေါက်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်နေခြင်း ဖြစ်သည်။

စစ်သင်တန်းတက်ရောက်ပြီးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဧရာဝတီတိုင်းသို့ ပြန်လည်ဝင်ရောက်လာနေသည်ဟု သတင်းရရှိထား၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုသည်။

မြို့နယ်တိုင်းတွင် ညစဉ် လူငယ်များကို ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး စက်တင်ဘာလအတွင်း ကန်ကြီးထောင့်မြို့နယ်တွင် PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သူ လေးဦး၊ ပုသိမ်မြို့တွင် ၁၀ဦးကျော်၊ လပွတ္တာမြို့တွင် ခြောက်ဦးနှင့် ဝါးခယ်မမြို့တွင် လေးဦးအပြင် အခြား အတည်ပြုသတင်းအချက်အလက် မရရှိသေးသည့် ဖမ်းဆီးခံထားရသော လူငယ်များ ရှိနေသေးသည်။

စစ်ကောင်စီက တိုင်းရင်းသားဒေသများတွင် စစ်ရေးတိုးချဲ့ရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှ လူအင်အားတိုးချဲ့ပို့ဆောင်ထားခြင်းကြောင့် တိုင်းအတွင်း စစ်သည်အင်အားနည်းပါးနေပြီး ယခုကဲ့သို့ တင်းကျပ်မှုများလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required