မြောက်ကိုရီးယားက တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လက်မခံဟု ငြင်းဆို

မြောက်ကိုရီးယားက တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လက်မခံဟု ငြင်းဆို

တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းကို လက်မခံဟု မြောက်ကိုရီးယားက ငြင်းဆိုလိုက်ပြီး ပိုမိုလိုအပ်နေသည့် နိုင်ငံများကိုသာပေးရန် တိုက်တွန်းလိုက်ကြောင်း ယူနီဆက်က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကမ္ဘာပေါ်တွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားရာ အိမ်နီးချင်းတရုတ်နိုင်ငံမှ ဗို်ငးရပ်စ် ပျံ့နှံ့မှု မရှိစေရန် ယမန်နှစ် ဇန်နဝါရီတွင် မြောက်ကိုရီးယားက ၎င်း၏ နယ်စပ်ကို ပိတ်ပစ်ခြင်းဖြင့် တင်းကျပ်သည့် အသွားအလာတားမြစ်မှုကို ပထမဆုံး ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်သည်။

နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု မတွေ့ရှိသေးကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်အပေါ် လေ့လာသုံးသပ်သူများက သံသယရှိနေပြီး ပိတ်ဆို့မှုကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုများရှိခဲ့သဖြင့် စားနပ်ရိက္ခာအကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း ၎င်းတို့အစိုးရက ဝန်ခံထားသည်။

ဝင်ငွေနည်းနိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကမ္ဘာလုံး ရရှိရေး အစီအစဉ် (Covax) ကို ဆောင်ရွက်နေသည့် ယူနီဆက်အား မြောက်ကိုရီးယားအစိုးရက တရုတ်နို်ငငံထုတ် ကိုဗစ် ကာကွယ်ဆေးများအား အခြားနိုင်ငံများသို့သာ ပေးရန် အကြောင်းကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လိုအပ်ချက်များပြားနေသလို အချို့နိုင်ငံများတွင် ရောဂါပြန်လည်ဖြစ်ပွားမှု မြင့်တက်နေသောကြောင့် Covax အစီအစဉ်မှ မြောက်ကိုရီးယားသို့ ပေးမည့် Sinovac ကာကွယ်ဆေး ၂ ဒသမ ၉၇ သန်းကို အခြေအနေဆိုးရွားသည့် နိုင်ငံများသို့ ပေးရန် မြောက်ကိုရီးယား ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အကြောင်းကြားလာသည်ဟု ယူနီဆက် ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရရှိရန် လာမည့်လများတွင် COVAX အစီအစဉ်နှင့် ဆက်လက်ချိတ်ဆက် လုပ်ဆောင်သွားမည်ဟုလည်း မြောက်ကိုရီးယားအစိုးရက ပြောကြားထားသည်။

Covax အစီအစဉ်ဖြင့် ပေးပို့မည့် AstraZeneca ကာကွယ်ဆေးကိုလည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သောကြောင့် မြောက်ကိုရီးယားက ငြင်းပယ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီနှင့် ချိတ်ဆက်ထားသည့် ပညာရှင်များအဖွဲ့က ဇူလိုင်လအတွင်း ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ဆေးများဟု ထိရောက်မှုအပေါ် သံသယရှိနေသော်လည်း မြောက်ကိုရီးယားတွင် Pfizer နှင့် Moderna ကာကွယ်ဆေးများကို သိုလှောင်နိုင်သည့် အအေးခန်းပစ္စည်းကိရိယာများ မရှိသေးကြောင်း တောင်ကိုရီးယား၏ နို်ငငံတော်လုံခြုံရေး မဟာဗျူဟာဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly