ဘန်ကောက်မှာ ဆန္ဒပြသူရာချီ မိုးထဲရေထဲ ချီတက်ရင်း ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေး ဆက်လက် ဆန္ဒပြ

ဘန်ကောက်မှာ ဆန္ဒပြသူရာချီ မိုးထဲရေထဲ ချီတက်ရင်း ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေး ဆက်လက် ဆန္ဒပြ

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ပါလီမန်မှာ ၎င်းအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို ကျော်လွှားအနိုင်ရခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာ ၄ ရက်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ထဲ မိုးထဲရေထဲ ချီတက်ရင်း အစိုးရအပေါ် ၎င်းတို့ရဲ့ အမျက်ဒေါသထွက်မှုတွေကို ဖွင့်ဟထုတ်ဖော်ခဲ့ကြပါတယ်။

ယမန်နေ့က ဆန္ဒပြသူ ၃၀၀ ကျော်လောက်ဟာ မိုးထဲရေထဲမှာပဲ မိုးကာခြုံထည်တွေ ဝတ်ဆင်ပြီး အလံနီတွေ ကိုင်ဆောင်ရင်း ဘန်ကောက်မြို့လယ် အဓိက စျေးဝယ်စင်တာ အရပ်ဆီ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

“ဒီ အစိုးရ ထွက်ပေးသင့်နေပါပြီ၊ အရာကိစ္စတွေဟာ ကောင်းမွန်နေမယ်ဆိုရင် ကျွန်တော်တို့ ခုလို လမ်းပေါ်ထွက် ဆန္ဒပြနေစရာကို မလိုပါဘူး” လို့ အသက် ၂၈ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

“ကျွန်မ ဘာကြောင့် ဒီနေ့ ဒီကို လာရလဲဆိုတော့ ဒီနေ့မှာ အယုံအကြည်မရှိ အဆို မဲခွဲမှု ရှိခဲ့တယ်လေ၊ အဲဒီမှာ ဝန်ကြီးချုပ် ပရာယွတ်က အဆိုကို ကျော်လွှားသွားနိုင်ခဲ့တယ်လေ၊ ကျွန်မ ခံစားမိတာက ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူတွေရဲ့ အသံကို ဘယ်တုန်းကမှ နားထောင်မပေးဘူးဆိုတာပါပဲ၊ ဒါကြောင့် ကျွန်မ ဒီကို လာပြီး တရားမျှတမှုအတွက် ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်” လို့ ဆန္ဒပြအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျတူပွန် ဆေးအူအန်းက ပြောသွားခဲ့ပါတယ်။

လူထုစည်းဝေးမှု မတိုင်မီ ဆန္ဒပြသူတွေ ချီတက်ဖို့ စီစဥ်ထားခဲ့တဲ့ လုမ္ဗနီ ပန်းခြံရှိ ကြေညာထားတဲ့ ဆန္ဒပြနေရာဆီ ဦးတည်ရာ အဓိက လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ရဲတွေက ကုန်သေတ္တာတွေကို အသုံးပြုခဲ့ပါတယ်။

မြို့လယ်ခေါင် ဧရိယာမှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့အတူ ရဲအစောင့်အကြပ် ထူထဲစွာ ရှိနေခဲ့ပြီး အဓိက ရှော့ပင်းမောလ်တွေအနီး ရတ်ချာပရာဆုန် လမ်းဆုံမှာ လူစုခွဲဖို့ မီးသတ်ကားတစ်စီးကိုလည်း ထားရှိခဲ့ပါတယ်။

ပရာယွတ် အစိုးရရဲ့ ကပ်ရောဂါအရေး ကိုင်တွယ်ဆောင်ရွက်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှုတို့အပေါ် ဝေဖန်ပြစ်တင်ရင်း အတိုက်အခံတွေ အစပျိုးတဲ့ အယုံအကြည်မရှိ အဆိုတစ်ခုကို ယခုအပတ်ထဲ ထိုင်းလွှတ်တော်အမတ်တွေ ငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။ စနေနေ့ကတော့ ယင်းနိုင်ငံမှာ ၂၀၁၉ ရွေးကောက်ပွဲနောက်ပိုင်း တတိယအကြိမ်မြောက် အယုံအကြည်မရှိ အဆို မဲခွဲမှုလည်း ဖြစ်ခဲ့ပါတယ်။
ထိုင်းမှာ ကာကွယ်ဆေး ဖြန့်ကျက်မှု ပရိုဂရမ် နှေးကွေးနေမှုနဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် စီးပွား‌ရေးထိခိုက်နစ်နာမှုတွေ ရှိနေခဲ့တာနဲ့အတူ ပရာယွတ် အစိုးရအပေါ် နိုင်ငံရေးဖိအားတွေ ကျရောက်ထားခဲ့ပါတယ်။

ယင်းနိုင်ငံဟာ ၁၉၉၇ အာရှဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်း အဆိုးရွားဆုံး စီးပွား‌ရေး စွမ်းဆောင်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တတိယလှိုင်းတစ်ခုတို့ကြောင့် ထိခိုက်ခံစားနေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required