ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုအပြီး ၅၉(စ) ဆိုင်းငံ့ဖွယ်ရှိ

ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုအပြီး ၅၉(စ) ဆိုင်းငံ့ဖွယ်ရှိ

နေပြည်တော်၊ဒီဇင်ဘာ ၁၅ ။           ။ ဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၅၉(စ) အား ဆိုင်ငံ့ထားရန် ဖြစ်လာနိုင်ကြောင်း သူရဦးအောင်ကိုက   ပြောသည်။

“နိုင်ငံတော်အကြီးအကဲနဲ့ ဒေါ်စုတို့ တွေ့ဆုံပြီးတဲ့နောက် ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ဖြစ်ပါတယ်၊ ကျွန် တော့်ခန့်မှန်းချက်ပါ။ သုံးသပ်ချက်ပါ။ အဲဒီအတိုင်းဖြစ်လာမှာပါ “  ဒီဇင်ဘာလ(၁၅) ရက်နေ့က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ   ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၅၉(စ) အား ပထမ ကြိမ် လွှတ်တော်သက်တမ်း အတွင်း ဆိုင်ငံ့ရန် အတွက် လက်ရှိ အစိုးရနှင့်ပြည်ခိုင်ဖြိုးပါတီ၌ မူတည်နေကြောင်းလည်း သူရဦးအောင်ကိုက   ပြောကြားခဲ့သည်။

“လွှတ်တော်သစ်မှာ ၅၉ ( စ) ကိုဆိုင်းငံ့လို့ ရမရ၊ ဆိုင်းင သင့်မသင့် ဆွေးနွေးပြီးတဲ့အခါမှာ အဆိုတစ်ခုတင်ပြီးမဲခွဲလိုက်လို့ရှိရင် ၅၀ ရာခိုင်နှုန်းကျော်သွားလို့ရှိရင် ဆိုင်းငံ့ လို့ရမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်“ ၎င်းကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)သည် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သား သမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူဆောက်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသို့မဟုတ် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ထိုသူများသည် နိုင်ငံခြားအစိုးရ လက်အောက် ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို  ခံစားရှိသူများ မဖြစ်စေရ ဟု ပြဌာန်းထားသည်။     

အစိုးရ၏နိုင်ငံအကြီး အကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက် မှ အသွင်ကူးပြောင်းရေးအဖွဲ့တို့သည့်  မကြာမီတွင်း တွေ့ဆုံမည်ဟု လည်း NLD ဗ ဟို အလုပ်မှု ဆောင် ဦးဝင်းထိန်က ဒီဇင်ဘာ ၁၄ ရက်နေ့ကပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly