စီမံကိန်းပိုလျှံမြေများရောင်းချနေသာ မြေစာရင်းဦးစီးမှူးနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများကို အရေးယူပေးရန် တိုင်ကြား

စီမံကိန်းပိုလျှံမြေများရောင်းချနေသာ မြေစာရင်းဦးစီးမှူးနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများကို အရေးယူပေးရန် တိုင်ကြား
 ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဒီဇင်ဘာ ၁၅ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာ၊ ရွေးစုကြေးရွာနှင့် ပုဏ္ဏားကုန်းကျေးရွာတို့မှ ဒေသခံတောင်သူများ ပိုင်ဆိုင်ခဲ့သော ကွင်းအမှတ် (၅၀၇၊၅၀၉၊၇၀၄) တို့မှ  လယ်ယာမြေဧက ၇၀၄ ဧက အား ၁၉၈၉ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့က မန္တလေးနည်းပညာတက္ကသိုလ် တည်ဆောက်ရန်အတွက် သိမ်းယူထားရာ ဧက ၃၀၀ သာအသုံးပြုပြီး ကျန်မြေများကို ရောင်းချနေသဖြင့် အရေးယူပေးရန် တိုင်ကြားထားကြောင်းသိရသည်။

စီမံကိန်းပိုလျှံမြေပေါ်တွင် အကွက်များရိုက်ရောင်းချနေသူများအား အရေးယူပေးရန်နှင့် မြေများပြန်လည်စွန့်လွှတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံ ဒီဇင်ဘာလ ၁၆ ရက်တွင် မူလပိုင်ရှင် ၆၇ ဦးမှ လက်မှတ်ထိုး၍ တိုင်ကြားစာပေးပို့သွားမည်ဟုဒေသခံများကဆိုသည်။

အဆိုပါတိုင်ကြားစာထဲတွင် မန္တလေးနည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်ပုသိမ်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကိုယ်ကျိုးအတွက် အကွက်များရိုက် ငှားရမ်းခြင်းများနှင့် ရောင်းချများပြုလုပ်နေခြင်းကို တားဆီးအရေးယူပေးရန်တို့ပါရှိသည်။

ပိုလျှံသော ဧက ၄၀၀ကျော်ကို မူလပိုင်ရှင်ဒေသခံတောင်သူများအား ပြန်လည်စွန့်လွှတ်ခြင်းမပြုလုပ်ပဲ အကွက်များရိုက်၍ အဆောက်အဦးများတည်ဆောက်နေခြင်းကို ဒေသခံများက ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီတွင် စတင်တားဆီးမှုများပြုလုပ်ပြီး ဒေသခံများလက်ဝယ် ပြန်လည်စွန့်လွှတ်ရန် တောင်းဆိုလျှက်ရှိသည်ဟု ရှင်တော်ကုန်းကျေးရွာမှ ဧက ၂၀ သိမ်းယူခံထားရသူ ဦးတင်သောင်း က မဇ္ဈိမ ကိုပြောသည်။

အကွက်ရိုက်ရောင်းချမှုကို သိန်းထောင်ချီပေး၍ ဝယ်ယူထားသူတစ်ဦး၏ ကိုယ်စားလှယ်တစ်ဦးက “ကျွန်တော့်သူဌေး ဝယ်ထားတာပါ။ ကျွန်တော်က လာပြီး ကြီးကြပ်ပေးရတာပါ။ အခုဆက်မလုပ်ဖို့   ဒေသခံတွေတားလို့ ခြံခတ်တာခဏရပ်ထားတယ်။ ပြသနာဖြစ်မှာစိုးတဲ့ အတွက်ရပ်ထားတာပါ။ သိန်း တစ်ထောင်ကျော်တယ်။ ဒီလောက်ပဲသိတယ်။”ဟုပြောသည်။

အဆိုပါမြေများသိမ်းယူခဲ့စဉ်က  နစ်နာကြေးလျှော်ကြေးပေးခဲ့ခြင်းမရှိဘဲ သိမ်းယူခဲ့ခြင်းကြောင့် အိမ်ထောင်စု ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ကာ ယနေ့အချိန်အထိ တစ်ချို့အိမ်ထောင်စုဝင်များသည် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေရဆဲဖြစ်ပြီး တစ်ချို့မိသားစုဝင်များမှာ နေရပ်စွန့်ခွာသွားကြသူများလည်း ရှိသည်ဟု ဦးဆောင်သူများနှင့် လယ်သိမ်းခံတောင်သူများက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ကျောင်းစီမံကိန်းအတွက်လုပ်တယ်ဆိုရင် ဘာမှမပြောဘူး။ မတောင်းဆိုဘူး။ အခုဟာက ကျောင်းဧရိယာပြင်ပမှာပိုလျှံနေတဲ့မြေတွေကို ပြန်ရချင်တာပါ။ ဘာလို့ပြန် ရချင်လည်း ဆိုရင် ခြံတွေလာခတ်ပြီး အဆောက်အဦးတွေဆောက်နေလို့ပါ။ အခုဆောက်နေတာတွေက ကုမ္ပဏီတွေဖြစ်နေတယ်။ ကျောင်းနဲ့လည်းမသက်ဆိုင်ပါဘူး"ဟု ဦးတင်သောင်းက ပြောသည်။

၅ ဧကသိမ်းဆည်းခံထားရသူ ဒေါ်ခင်မြင့်ကြည် က “ကိုယ်ပိုင်ခဲ့တဲ့မြေကို သူတောင်းစားလိုပြန်တောင်းနေရတယ်။ပိုနေပြီပဲ ပြန်ပေးပေါ့။ အခုတော့မပေးဘဲ ရောင်းစားနေတာကတော့   ပြည်သူကိုဆက်ပြီး   နှိပ်စက်သလိုခံစားရတယ်။ “ဟု ပြောသည်။

အဆိုပါပိုလျှံမြေများကို ရောင်းချနေသူများအား အရေးယူပေးရန်နှင့် ပြန်လည်စွန့်လွှတ်ပေးရန်တို့ကို ယနေ့ မွန်းလွဲပိုင်းက မန္တလေးနည်းပညာတက္ကသိုလ်အနီး လန်းဆန်းအောင် ကဖေးတွင်   ဒေသခံများက သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်။

ပိုလျှံမြေများ အကွက်ရိုက်ရောင်းချထားနေမှုများနှင့် ပတ်သက်၍ မန္တလေးနည်းပညာတက္ကသိုလ် မှ တာဝန်ရှိသူများနှင့်ပုသိမ်ကြီးမြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး တို့နှင့်တွေ့ဆုံမေးမြန်းခွင့် ရရန် အတွက် မန္တလေးအခြေစိုက် သတင်းထောက်များဖြစ်သည့် မဇ္ဈိမ၊DVB၊RFA၊ ELEVEN ၊7 DAY၊VOICE ၊ကုမုန္ဒြာ၊ မော်ဒန်၊ မန္တလေးအလင်း၊ မန္တလေးခေတ်၊ ရွှေမန္တလေး စသည့် သတင်းထောက် များက ညနေရုံးဆင်းချိန်ထိတိုင် တွေ့ခွင့်မရခဲ့ပေ။

ဒေသခံတောင်သူများအနေဖြင့် တိုင်ကြားစာပို့ပြီး ၁၀ ရက်အတွင်း သက်ဆိုင်ရာအကြောင်းပြန်ကြားလာခြင်းမရှိပါက အဆိုပါပိုလျှံ မြေများထဲသို့ဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်မည်ဟု လယ်သိမ်းခံတောင်သူများ က တစ်ညီတစ်ညွှတ်တည်းဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly