မြန်မာနိုင်ငံဆီ လာရောက်ခွင့် သတ်မှတ်ရက်ချိန်း ရရှိရေး အာဆီယံ အထူးသံတမန် ကြိုးပမ်းနေရဆဲ ဖြစ်

မြန်မာနိုင်ငံဆီ လာရောက်ခွင့် သတ်မှတ်ရက်ချိန်း ရရှိရေး အာဆီယံ အထူးသံတမန် ကြိုးပမ်းနေရဆဲ ဖြစ်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် Erywan Mohd Yusof သည် မြန်မာနိုင်ငံသို့ လာရောက်ခွင့် သတ်မှတ်ရက်ချိန်း ရရှိရေးအတွက် ကြိုးစားနေရဆဲ ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ပြောသည်။ 

Erywan နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံစကားပြောဆိုရာ၌ လာမည့်လ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာခရီးစဉ် သွားရောက်နိုင်ရေးသည် အကောင်းဆုံးဖြစ်ကြောင်း အပါအဝင် ၎င်း၏ သဘောထားအမြင်များကို အသိပေးပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒုတိယသက်တမ်း ပြန်လည်ရရှိသူ Saifuddin က ပြောသည်။ 

“အထူးသံတမန်ဟာ လက်ရှိ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်နေတာကို ကျွန်တော် သိရှိနားလည်ပါတယ်၊ သူ့အနေနဲ့ မြန်မာနိုင်ငံဆီ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် သွားရောက်ခွင့်ရဖို့အတွက် တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားနေရတယ်”ဟု စက်တင်ဘာ ၃ ရက်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ Saifuddin က သတင်းထောက်များအား ပြောသည်။ 

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan သည် မြန်မာအရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အရ ဖြစ်နိုင်သမျှ အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံခွင့်ရရှိသင့်ကြောင်းလည်း Saifuddin က အလေးအနက် ပြောသည်။ 

“မြန်မာအာဏာပိုင်တွေက အဓိကပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခွင့် ပေးပါ့မလားဆိုတာ ကျွန်တော်တို့ စိုးရိမ်ပူပန်ပါတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်ကတော့ Erywan ကို ပြောခဲ့တယ်၊ သူ့ တာဝန်ယူသက်တမ်းအတွင်းမှာ မြန်မာနိုင်ငံဆီ တစ်ကြိမ်မက သွားရောက်နိုင်ဖို့ ဖြစ်နိုင်သမျှ မြန်မြန် ကြိုးစားသင့်ကြောင်းနဲ့ အဓိကလူ တော်တော်များများနဲ့ တွေ့ဆုံရဖို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံဆီ အကူအညီများ ပေးပို့မည်ဖြစ်သော အာဆီယံလူသားချင်းစာနာထောက်ထားရေးအကူအညီ AHA စင်တာက ပဋိပက္ခဇုန်အတွင်း လူသားချင်းစာနာထောက်ထားရေးအကူအညီအတွက် အသင့်မရှိခြင်းကို စိုးရိမ်မိကြောင်း Saifuddin က ထုတ်ဖော်ပြောသည်။ 

“ဒါဟာ AHA စင်တာအတွက် ပြဿနာကြီးပါ၊ Erywan ကတော့ လမ်းကြောင်းတွေ ရှာတွေ့ဖို့ ကြိုးပမ်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဆိုလိုတာကတော့ဗျာ၊ ဒီလိုမှပဲ အဟန့်အတားတွေကို ဂရုစိုက်နေစရာ မလိုဘဲ လိုအပ်သူအားလုံးဆီ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးပို့နိုင်ရမှာဖြစ်တယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required