ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့တွင် ကမ္ဘာ့ရတနာဘဏ်က CDM ၀န်ထမ်းများထံ ချေးငွေပြန်ဆပ်ရန် ငွေချေးသူတစ်ဦးချင်းထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ချေးငွေယူထားသူ တချို့ထံမှ သိရသည်။
"တချို့လဲ အသိတွေထဲကနေ စုပေါင်းပြီး ဝိုင်းပြီးဆပ်ပေးကြတယ်။ တချို့က မဆပ်နိုင်ကြဘူး။ အခုလိုအခြေအနေမျိုးမှာ ပြန်ဆပ်ဖို့က မဖြစ်နိုင်ဘူး။ ရပေါက်ရလမ်းက ဘာမှရှိတာမှမဟုတ်တာ။ အခုပြန်ဆပ်ဖို့ ခြိမ်းခြောက်ခံရတာရှိတယ်"ဟုမြို့ခံတစ်ဦးကပြောသည်။
ယခင်ကလည်း ချေးငွေအတွက် အတိုးဆပ်ရန်နှင့် အတိုးအရင်းပေါင်း ပြန်ဆပ်နိုင်ပါက ဆပ်ရန် ဆက်သွယ်အကြောင်းခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။
ကမ္ဘာ့ရတနာဘဏ်မှ ၂၀၂၀ခုနှစ် စက်တင်ဘာ ၃ရက် ရက်စွဲဖြင့် စတင်ငွေထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘဏ်မှလိုအပ်ချက်အရ တောင်းခံပါက ချက်ချင်းပြန်လည်ပေးဆပ်ရမည်ဟု ငွေပေးငွေယူစာချုပ်ပေါ်တွင် ၀န်ခံကတိ လက်မှတ်ရေးထိုးထားကြပြီးဖြစ်ကြောင်း၊ လစဉ်ပေးသွင်းရန် ကျန်ရှိသည့် ငွေများအား ၂၀၂၁ ခုနှစ် နှစ်စမှစ၍ ချေးငွေပြန်မဆပ်ကြတော့ကြောင်းနှင့် ၃၀. ၉. ၂၀၂၁ ရက်တွင် နောက်ဆုံးထား၍ ငွေအကျေပြန်လည်ပေးသွင်းရန် ဘဏ်က အကြောင်းကြားထား ခြင်းဖြစ်သည်။
ပေးသွင်းရန်ပျက်ကွက်ပါက ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆိုသွားရန် ဆက်လက်လုပ်ဆောင်သွားမည့်အပြင် တရားစွဲဆိုရာတွင်လည်း ကုန်ကျစရိတ်ကို ငွေချေးသူများကသာ အကုန်အကျခံ တာဝန်ယူရမည်ဟု အသိပေး အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။