ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရ

ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ဆမီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီက  လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားသဖြင့်  စားနပ်ရိက္ခာများ ပြတ်လပ်တော့မည်ဟု ဒေသခံများထံက သိရသည်။

ဆမီးမြို့တွင် လူဦးရေ ၅၀,၀၀၀ ဝန်းကျင်ရှိကာ  စစ်တပ်နှင့်အေအေ တို့အကြားဖြစ်ပွားသောတိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်  ၅,၀၀၀ခန့် စခန်းချနေထိုင်နေသည့်မြို့လည်းဖြစ်သည်။ 

"ကျွန်တော်တို့ ဆမီးမြို့မှာက အစစအရာရာ မတူပီကိုပဲအားကိုးနေရတာ၊ အခု မင်းတပ်မှာ တိုက်ပွဲတွေဖြစ်တော့ ပခုက္ကူ - မင်းတပ် -မတူပီလမ်းကိုသုံးမရတော့ဘူး။ဒီတော့ ပခုက္ကူ -ဂန့်ဂေါ-ရေဇွာဘက်ခြမ်းကနေလာလို့ရသေးတယ်။ အခုတော့လမ်းကြောင်းတွေက ပိတ်ထားတော့ စားရိက္ခာတွေက ကုန်တော့မှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရတော့ဘူးဖြစ်နေတယ်"ဟု ဆမီးမြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည် ဩဂုတ် လဆန်းပိုင်းက ဆမီးမြို့သို့ ဆက်သွယ်ထားသည့် ခရီးလမ်းကြောင်းများကို စတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ 

"ဆန်တစ်အိတ်ကို ၃သောင်းခွဲကနေ ၇သောင်းပေးဝယ်တာတောင်မရဘူးဖြစ်နေတယ်။ ဓာတ်ဆီ တစ်လီတာ ၁ထောင်ကနေ အခု ၃၅၀၀ဖြစ်နေတယ်။ဒါလည်းဒီရက်ပိုင်းဆိုပြတ်တော့မယ်။ လောလောဆယ်တော့ စစ်ရှောင်စခန်းကဒုက္ခသည်တွေကိုတော့ WFPအထောက်အပံ့နဲ့ စားရိက္ခာပေးထားလို့ စစ်ဘေးရှောင်တွေအတွက် အဆင်ပြေသေးတယ်"ဟု  ဒေသခံကဆိုသည်။ 

ဆမီးမြို့သည် ပလက်ဝမြို့နယ်နှင့် ၃၉ မိုင်သာကွာဝေးသော်လည်း အဆိုပါလမ်းကြောင်းကို စစ်ကောင်စီတပ်များက လုံခြုံရေးဂိတ်များ ချထားပြီးသွားလာခွင့်ပိတ်ထားသောကြောင့် မိုင်ပေါင်းများစွာကွာဝေးသော ပခုက္ကု-မင်းတပ်-မတူပီ-ဆမီးလမ်းကြောင်းကိုသာ အားထားနေရပြီး လက်ရှိတွင်အဆိုပါလမ်းကြောင်းသည်လည်း သွားလာရခက်ခဲမှုများ ကြုံတွေ့နေရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly