တရုတ်ကာကွယ်ဆေးများ ထောက်ပံ့မည့် ယူနီဆက်၏ ကမ်းလှမ်းချက် မြောက်ကိုရီးယား လက်မခံ

တရုတ်ကာကွယ်ဆေးများ ထောက်ပံ့မည့် ယူနီဆက်၏ ကမ်းလှမ်းချက် မြောက်ကိုရီးယား လက်မခံ

မြောက်ကိုရီးယားကို တရုတ် COVID-19 ကာကွယ်ဆေး အလုံးရေ သုံးသန်းခန့် ထောက်ပံ့ပေးအပ်မည်ဟု ကုလသမဂ္ဂ က‌လေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ကမ်းလှမ်းပြောဆိုခဲ့သော်လည်း အဆိုပါ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်ကာကွယ်ဆေးပုလင်းများကို ၎င်းတို့နိုင်ငံသို့ မပေးဘဲ ပိုမိုလိုအပ်နေသည့် အခြားနိုင်ငံများသို့သာ ပေးသင့်သည်ဟု မြောက်ကိုရီးယားက ပြောခဲ့ကြောင်း ယူနီဆက်က ပြောသည်။

ဆင်းရဲနွမ်းပါးသည့် မြောက်ကိုရီးယားနိုင်ငံသည် အိမ်နီးချင်း တရုတ်ကနေ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မည့် အရေးကနေ တားဆီးကာကွယ်ရန် ယမန်နှစ် ဇန်နဝါရီလက ယင်း၏ နယ်စပ်များကို ပိတ်ချခဲ့ပြီး တင်းကျပ်သည့် လော့ခ်ဒေါင်းတစ်ရပ်ကို ချမှတ်ခဲ့သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်ခဲ့သည်။

ယင်းနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဥ် မရှိဟု ပြုံယမ်းက အခိုင်အမာ ပြောဆိုသော်လည်း ယင်း ပြောဆိုချက်ကို အကဲခတ်များက သံသယဖြစ်နေခဲ့သည်။ သို့ရာတွင် နယ်စပ် ပိတ်မှုကြောင့် စီးပွားရေးအရ ကြီးမားသည့် တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပြီး ယင်းနိုင်ငံတွင် “စားနပ်ရိက္ခာ အကျပ်အတည်း” တစ်ခုကို ရင်ဆိုင်ဖြေရှင်းနေရကြောင်း ဇွန်လက မြောက်ကိုရီးယားအစိုးရက ဝန်ခံခဲ့သည်။

မည်သို့ပင် ဖြစ်စေ တရုတ်ထုတ် ကာကွယ်ဆေးများကို ၎င်းတို့ထံ မပေးဘဲ အခြားနိုင်ငံများထံသာ ပေးအပ်နိုင်ကြောင်း မြောက်ကိုရီးယားက ပြောခဲ့ကြောင်း ကုလအေဂျင်စီက ပြောသည်။

ယူနီဆက်အဖွဲ့သည် ကာကွယ်ဆေးဖြန့်ဝေမှု Covax အစီအစဥ်အောက်တွင် ဝင်ငွေနည်း နိုင်ငံများအတွက် ကာကွယ်ဆေးများ ဖြန့်ဝေထောက်ပံ့ပေးလျက် ရှိသည်။

Covax အစီအစဥ်ဖြင့် မြောက်ကိုရီးယားထံ ထောက်ပံ့မည်ဟု ကမ်းလှမ်းခဲ့သော ဆိုင်နိုဗက် ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၉၇ သန်းကို အခြား ဆိုးဆိုးရွားရွား ထိခိုက်ထားသည့် နိုင်ငံများထံသာ ပြောင်းလဲ ပေးပို့နိုင်ကြောင်း၊ လက်ရှိတွင် ကမ္ဘာတွင် COVID-19 ကာကွယ်ဆေး ထောက်ပံ့မှုတွင် အကန့်အသတ်ဖြင့် ရှိနေသလို နိုင်ငံတစ်ချို့တွင် ဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် ပြန်လည် မြင့်တက်နေမှုများ ဖြစ်နေကြောင်း မြောက်ကိုရီးယား၏ အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနက ဆက်သွယ်ပြောဆိုခဲ့သည်ဟု ယူနီဆက်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

ပြုံယမ်းအနေဖြင့် ရှေ့လများထဲတွင် COVID-19 ကာကွယ်ဆေးများ လက်ခံရယူရန် Covax အစီအစဥ်နှင့် ဆက်လက် ချိတ်ဆက် လုပ်ဆောင်မည်ဟု ၎င်းတို့က ပြောခဲ့သည်ဟုလည်း သိရသည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း Covax အစီအစဥ်က ကမ်းလှမ်းခဲ့သည့် အက်စ်ထရာ ဇန်နကာ ကာကွယ်ဆေးများကိုလည်း လက်မခံဘဲ ပယ်ချခဲ့ကြောင်းနှင့် ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ပုံရကြောင်း ဆိုးလ်၏ စပိုင်အေဂျင်စီနှင့် ဆက်နွယ်သည့် တောင်ကိုရီးယား think tank (လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကြံပေးအဖွဲ့) တစ်ခုဖြစ်သည့် အမျိုးသားလုံခြုံ‌ရေးမဟာဗျူဟာ အင်စတီကျူ့က ဇူလိုင်လက ပြောခဲ့သည်။

မြောက်ကိုရီးယားတွင် ဖိုက်ဇာနှင့် မိုဒါးနား ကာကွယ်ဆေးများအတွက် လုံလောက်သည့် အအေးခန်းစနစ် သိုလှောင်မှု အ‌ထောက်အပံ့များ တပ်ဆင်ထားခြင်း မရှိသလို တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုအပေါ်တွင်လည်း သံသယရှိနေခဲ့ကြောင်း ထိုစဥ်က အမျိုးသားလုံခြုံ‌ရေးမဟာဗျူဟာ အင်စတီကျူ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly