အာဖဂန်မှာ တာလီဘန်တို့ အမေရိကန်ဆီကနေ ရလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေကို စီတန်းပြသ

အာဖဂန်မှာ တာလီဘန်တို့ အမေရိကန်ဆီကနေ ရလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေကို စီတန်းပြသ

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့ဟာ ၎င်းတို့ သိမ်းယူရရှိခဲ့တဲ့ အမေရိကန်လုပ် စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေကို စက်တင်ဘာ ၁ ရက်က နိုင်ငံတောင်ပိုင်းမှာ စီတန်းလှည့်လည်ပြသမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန် တောင်ပိုင်းရှိ တာလီဘန်တို့ရဲ့ အဓိက အချက်အချာနေရာရဲ့ အပေါ်ကနေ ဘလက်ဟော့ခ် ရဟတ်ယာဥ်တစ်စင်း ဝဲပျံနေခဲ့သလို အောက်ဘက်မှာလည်း တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ အမေရိကန်လုပ် ဟမ်းဗီး သံချပ်ကာယာဥ်တွေအပေါ်မှာ ရပ်လျက် လိုက်ပါရင်း စီတန်းလှည့်လည်ခဲ့ကြပါတယ်။

တာလီဘန်တို့ဟာ ယင်းနိုင်ငံမှာ နှစ် ၂၀ ကြာပြီးနောက် မကြာသေးတဲ့ သီတင်းပတ်တွေက နိုင်ငံကို အလွန်အံ့အားသင့်ဖွယ် မြန်မြန်ဆန်ဆန် ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့သလို အမေရိကန်တပ်ဖွဲ့တွေ အပြီးသတ် တပ်ရုပ်သွားပြီးနောက် ယခုအခါ အောင်ပွဲခံမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ဒုတိယအကြီးဆုံး ကန်ဒါဟာမြို့ဆီ သွားတဲ့ လမ်းမပေါ်မှာ အစိမ်းရောင် သံချပ်ကာ တိုက်ခိုက်ရေးယာဥ်တွေ အတန်းလိုက် စီတန်းမောင်းနှင်ခဲ့ကာ ယာဥ်အများစုမှာ အဖြူနဲ့ အနက် တာလီဘန် အလံတွေ တွဲချည်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။
တာလီဘန်တိုက်ခိုက်ရေးသမားတွေဟာ ဆယ်စုနှစ် နှစ်စုကြာ စစ်ပွဲအတွင်း အမေရိကန်၊ နေတိုးအုပ်စုနဲ့ အာဖဂန် တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ ဘက်စုံသုံး ထရပ်တွေကို ထိန်းချုပ်မောင်းနှင်ခဲ့ကြပြီး ကန်ဒါဟာမြို့ရဲ့ မြို့စွန် အိုင်နို မေနာမြို့မှာ အခြားတပ်ဖွဲ့ဝင်တွေဟာလည်း အဆိုပါ ယာဥ်တွေပေါ် ကုတ်ကပ်တက်ခဲ့ကြပါတယ်။

တာလီဘန်တို့ အသာအယာ ရရှိလိုက်တဲ့ လက်နက်ပစ္စည်းတွေထဲမှာ အမေရိကန်လုပ် M16 ရိုင်ဖယ်တွေလည်း ပါ ပါတယ်။

တာလီဘန်တို့ စီတန်းလှည့်လည်တဲ့ စစ်ယာဥ်တန်းဘေးကနေ တာလီဘန် ထောက်ခံသူတွေ တနင့်တပိုးတင်ထားတဲ့ ပစ်ကပ် ထရပ်ကားတွေ ဖြတ်ကျော် မောင်းနှင်ခဲ့ကြပြီး တစ်ချို့မှာ လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေ တပ်ဆင်ထားခဲ့ပါတယ်။

အပေါ်ဘက်မှာတော့ ဘလက်ဟော့ခ် ရဟတ်ယာဥ်တစ်စင်း ဝဲပျံနေခဲ့ပြီး တာလီဘန်တို့ဆီမှာ ကျွမ်းကျင်ပိုင်းလော့ မရှိတာကြောင့် အဆိုပါ ရဟတ်ယာဥ်ကို ယခင် အာဖဂန်စစ်တပ်က တစ်ဦးဦးကို ထိန်းချုပ်မောင်းနှင်ခိုင်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ကန်ဒါဟာကတော့ တာလီဘန်တို့ရဲ့ မွေးဖွားရာနေရာ ဖြစ်ပြီး အဆိုပါ အယူဝါဒ တရားသေ ကိုင်ဆွဲတဲ့ အဖွဲ့ဟာ ၁၉၉၆ ခုနှစ်မှာ အာဏာရလာခဲ့ပြီး ယင်းနောက် အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်ချိန်ဖြစ်တဲ့ ၂၀၀၁ ခုနှစ်မတိုင်မီအထိ တာလီဘန်တို့ဟာ ယင်းနိုင်ငံရဲ့ ဧရိယာအများစုကို ထိန်းချုပ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အောင်မြင်တဲ့ ထိုးစစ်ဆင်မှုအပြီး တာလီဘန်တို့အပေါ် ချီးကျူးအမွှမ်းတင်ကာ အမေရိကန်အပေါ် ပြစ်တင်ပြောဆိုတဲ့ မိန့်ခွန်းစကားတွေကို နားထောင်ဖို့ ကန်ဒါဟာ ခရစ်ကတ် ကွင်းတစ်ကွင်းထဲမှာ လူရာချီ စုဝေးခဲ့ကြပါတယ်။

သက်ကြီး ခေါင်းဆောင်တွေကတော့ ကွင်းထဲ အရိပ်အောက်မှာ ကော်ဖီစားပွဲနဲ့အတူ ထိုင်ခုံတွေနဲ့ ထိုင်နေခဲ့ကြချိန် အခြားသူတွေကတော့ မြက်ခင်းပြင်မှာ တင်ပြင်ခွေထိုင်ရင်း ရှိခဲ့ကြပါတယ်။ လူအများအပြားကတော့ ပွဲကြည့်စင်ပေါ်မှာ စုဝေးရင်း လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

လူအုပ်စု အရှေ့မှာတော့ တိုက်ပွဲဝင် ဝတ်စုံတွေနဲ့ တာလီဘန် လက်နက်ကိုင် တပ်သားတွေ ရှိနေခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ မြေပေါ်မှာ စီးပွားရေး ကြီးပွားတိုးတက်မှု ဆောင်ကြဥ်းပေးမယ်လို့ ကြုံးဝါးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရန်သူက အဲဒီအတိုင်း မလုပ်နိုင်ခဲ့ပါဘူး၊ တိုးတက်ယဥ်ကျေးတဲ့ စနစ်တစ်ခု ဖြစ်စေမယ်လို့ သူတို့ ပြောခဲ့တယ်၊ ခုချိန်မှာ လေဆိပ်ကိုပဲ သွားကြည့်ပါ၊ အဲဒီမှာ လေယာဥ်တွေ ဒီတိုင်း ကျန်ခဲ့တယ်၊ အမေရိကန်က ကျွန်တော်တို့ရဲ့ လူငယ် တပ်သားတွေကို မတိုက်ခိုက်နိုင်ခဲ့ပါဘူး၊ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ မီဒီယာကို ပျက်စီးစေခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှုကိုလည်း ဖျောက်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ စီးပွားရေးကိုလည်း နင်းခြေခဲ့ပါတယ်” လို့ တာလီဘန် လူသစ်စုဆောင်းသူတစ်ဦးဖြစ်တဲ့ ဆာကက်က ပြောခဲ့ပါတယ်။

တာလီဘန်တို့ရဲ့ သိုသိုသိပ်သိပ် ရှိနေခဲ့တဲ့ အမြင့်ဆုံး ခေါင်းဆောင် ဟီဘာတူလာ အက်ခွန်ဇာဒါဟာ ကန်ဒါဟာမှာ နေထိုင်တယ်လို့ အဖွဲ့က ပြောပါတယ်။

စက်တင်ဘာ ၁ ရက်မှာ ၎င်း လူရှေ့ထွက်လာလိမ့်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် တကယ်တမ်းမှာ ပေါ်မလာခဲ့ဘဲ မြို့ရဲ့ အုပ်ချုပ်ရေးမှူးအသစ်ကပဲ လူအုပ်ကို မိန့်ခွန်းပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly