ရုရှရဲ့ ရန်စကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်း အချုပ်အခြာပိုင်နက်အတွက် ဂျိုးဘိုင်ဒင် အာမခံချက် ပေး 

ရုရှရဲ့ ရန်စကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်း အချုပ်အခြာပိုင်နက်အတွက် ဂျိုးဘိုင်ဒင် အာမခံချက် ပေး 
Photo - AFP

စက်တင်ဘာ ၂

“ရုရှရဲ့ ရန်လိုကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာနဲ့ ပိုင်နက်နယ်မြေဂုဏ်သိက္ခာအတွက် အမေရိကန်ဟာ ခိုင်ခိုင်မာမာ ဆက်လက် အာမခံပါတယ်”လို့ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ယူကရိန်းသမ္မတ ဗိုလော့ဒီမိုင်ယား ဇယ်လန်စကီးနဲ့ တွေ့ဆုံရာမှာ သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုပါတယ်။ 

“ယူကရိန်း လွတ်လပ်ရေး နှစ် ၃၀ ပြည့် ကျင်းပနေချိန်မှာ ကျွန်တော်တို့ နှစ်နိုင်ငံကြားက မိတ်ဖွဲ့ပြုမှုက ပိုပြီး ခိုင်မာလာပြီး နောက်ထပ်လည်း ပိုမို ခိုင်မာလာဦးမှာ ဖြစ်တယ်”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးရဲ့ ဗုဒ္ဓဟူးနေ့က လာရောက်တွေ့ဆုံမှုဟာ သမ္မတ ဂျိုးဘိုင်ဒင်အတွက် ဒုတိယမြောက် ဥရောပခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်အားကြီးတဲ့ ရုရှကို ရင်ဆိုင်ရေးအတွက် အင်အားပိုကြီးတဲ့ အမေရိကန်ရဲ့ အကာအကွယ်ကို လိုလားနေတဲ့ ဇယ်လန်စကီးရဲ့ ဆန္ဒ အမှန် ပြည့်ဝမပြည့်ဝကတော့ မရေမရာ ရှိနေပါတယ်။ 

တွေ့ဆုံမှုမှာ ဇယ်လန်စကီးက “နောက်ဆုံးအနေနဲ့ အရမ်း ထိလွယ်ရှလွယ် အရေးတစ်ခု ရှိနေတယ်၊ ဒီမနက်မှာပဲ သမ္မတ ဂျိုးဘိုင်ဒင် ခင်ဗျာ၊ ကျွန်တော်တို့ဟာ ယာယီသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသ၊ ဒွန်ဘတ်စ်အရပ်မှာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားစာရင်းကို ခင်ဗျားတို့ရဲ့ ကိုယ်စားလှယ်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်၊ ရုရှရဲ့ ဖမ်းဆီးထိန်းသိမ်းခံ အဲဒီ အကျဉ်းသား ၄၅၀ ကျော် ပြန်လွတ်ရေးနဲ့ ကိုယ့်နိုင်ငံဆီ  ပြန်ခေါ်နိုင်ဖို့အရေးမှာ ခင်ဗျားတို့ရဲ့ အကူအညီ ရချင်ပါတယ်”လို့ ပြောဆိုပါတယ်။  

အင်္ဂါနေ့က ပင်တဂွန်ဆီ ရောက်ရှိခဲ့ချိန်မှာလည်း သမ္မတ ဇယ်လန်စကီးဟာ ရုရှနဲ့ ရုရှ ကျောထောက်နောက်ခံတဲ့ ခွဲထွက်ရေးသမားတွေကို ယူကရိန်းရဲ့ ရင်ဆိုင်တိုက်ပွဲမှာ အမေရိကန်ရဲ့ စစ်ရေးအကူအညီအတွက် တွန်းတွန်းတိုက်တိုက် တောင်းဆိုခဲ့ပါတယ်။ 

ဂျိုးဘိုင်ဒင် အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးကတော့ “သမ္မတ ဇယ်လန်စကီးနဲ့ ယူကရိန်းဟာ အခြားသော ဥရောပ ဘယ်နိုင်ငံမဆိုထက် ဂျိုးဘိုင်ဒင် အစိုးရဆီက အာရုံစိုက်မှုကို ပိုပြီး ရရှိထားပါတယ်”လို့ နာမည်မဖော်ဘဲ သတင်းထောက်တွေကို ပြောပါတယ်။ 

ရာထူးက နုတ်ထွက်တော့မယ့် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်ပြီးရင် ဒုတိယမြောက် ဥရောပခေါင်းဆောင်အဖြစ် အိမ်ဖြူတော်ဆီ လာရောက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုဟာ ဇယ်လန်စကီးအတွက်တော့ အောင်ပွဲတစ်ရပ်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါ။  

ဟာသသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဇယ်လန်စကီးဟာ အနောက်အုပ်စုမှာ မထင်ပေါ်ခဲ့ပေမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ဂျိုးဘိုင်ဒင် မိသားစုကို သံသယဖြစ်ဖွယ် အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးပေးဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တိုက်တွန်းတောင်းဆိုခဲ့တာကြောင်း အမေရိကန် ပြည်တွင်းနိုင်ငံရေး မုန်တိုင်းအတွင်း ရိုက်ခတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ 

ဇယ်လန်စကီးကို ဖိအားပေးဖို့ ယူကရိန်းထံ စစ်ရေးအကူအညီတွေ ပိတ်ဆို့ရန် ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သမ္မတဟောင်း ထရမ့်ဟာ ရာထူးမှ ဖယ်ရှားရန် ပြစ်တင်စွဲဆိုခြင်းနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly