သုံးဆယ်မြို့တွင် စစ်ကောင်စီမှ လမ်းသွားလမ်းလာများကို အတင်းအကျပ် COVID-19‌ ရောဂါ ရှိမရှိ စစ်ဆေးနေ

သုံးဆယ်မြို့တွင် စစ်ကောင်စီမှ လမ်းသွားလမ်းလာများကို အတင်းအကျပ် COVID-19‌ ရောဂါ ရှိမရှိ စစ်ဆေးနေ

သုံးဆယ်မြို့တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို ခေါ်ကာ COVID-19‌ ရောဂါ ရှိမရှိ  စစ်ဆေးမှုရန် အတင်းအကျပ်လုပ်ဆောင်နေကြောင်း မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

“အခုက မတရား ဗြုန်းစားကြီးလုပ်တာဆိုတော့ မကောင်းဘူးလို့ ထင်ပါတယ်။ မနက်က ဈေးကို သွားတော့ နှာခေါင်းတို့ပတ်ယူစစ်နေတယ်။ စစ်ကားတွေရော၊ ရဲတွေရော ရောက်နေတယ်ဆိုတော့ ကျွန်မတို့က နောက်ကြောင်းလှည့်ပြန်ခဲ့တာ။ ဈေးထဲမှာတော့ ကျွန်မအကိုတွေကို ဖမ်းမိသွားတယ်လေ။ ဆိုင်ကယ်သော့တွေ သိမ်းယူထားတယ်။ ကိုယ့်ပစ္စည်းကိုယ်သွားထုတ်တဲ့အခါ နှာခေါင်းတို့ပတ်စစ်‌တော့တာပဲ” ဟု ပြောသည်။ 

စစ်ကောင်စီ၏ စစ်သားနှင့် ရဲများက စက်တင်ဘာ ၁ ရက် မနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့ နာရီစင်တဝှိုက်၌ ဈေးရောင်း၊ဈေးဝယ်သူများနှင့် သွားလာနေသူများကို ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအကျပ်ခေါ်ကာ သုံးဆယ်မြို့ မီးသတ်ရုံးတွင် Covid -19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု ခံယူစေခဲ့ခြင်းဖြစ်ကြောင်း မြို့ခံက ပြောသည်။ 

“ရဲအချုပ်ကားပါ ပါလာတယ်။ အချုပ်ကားမြင်တော့ ပြေးကြတယ်။ လိုက်ဖမ်းတဲ့အခါ ဆိုင်ကယ်ကျန်ခဲ့သူ ဆိုင်ကယ်သိမ်းတယ်။ ဈေးတောင်းကျန်ခဲ့သူ ဈေးတောင်းသိမ်းတယ်။ ကိုယ့်ပစ္စည်းပြန်လိုချင်ရင် Covid -19 အစစ်ခံရတယ်။ ပြည်သူတွေက အစစ်မခံချင်ဘူးဆိုတာ သူတို့စစ်တာကိုမယုံကြည်လို့ပါ။ စစ်တဲ့ ကိရိယာက အစမယုံကြည်ကြတာ” ဟု ပြောသည်။ 

သုံးဆယ်မြို့နယ် မီးသတ်ရုံးတွင် Covid -19 ရှိ၊ မရှိ နှာခေါင်းတို့ပတ်ယူစစ်ဆေးရန် စောင့်ဆိုင်းနေသူ ခန့်မှန်းခြေ ၁ဝဝ ကျော်ရှိပြီး စစ်ကောင်စီတပ်သားများက Covid -19 ပိုးရှိမရှိ စစ်ဆေးမှုခံယူနေသည့် ပြည်သူများအနီးအနားတွင် လက်နက်ကိုင်စောင့်နေကြောင်း နှာခေါင်းတို့ပတ်စစ်ဆေးခံခဲ့သူတစ်ဦးက ပြောသည်။ 

Covid -19 ပိုးတွေ့လူနာကို ခေါ်ဆောင်ရန် ပရဟိတကားများ စစ်ဆေးရာနေရာအနီးတွင် ရပ်နားထားသည်ကို တွေခဲ့ရပြီး Covid -19 Positive ဖြစ်သူသုံးဦးကို ကားဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly