အထက်တန်းရှေ့နေများ လိုင်စင်သက်တမ်းတိုးရန်မလိုအပ်ကြောင်းနှင့် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း NUG ထုတ်ပြန်

အထက်တန်းရှေ့နေများ လိုင်စင်သက်တမ်းတိုးရန်မလိုအပ်ကြောင်းနှင့် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း NUG ထုတ်ပြန်

အထက်တန်းရှေ့နေများအနေဖြင့် ယခုအခါလိုင်စင်သက်တမ်းတိုးမည့် ကာလရောက်ရှိလာ‌သောကြောင့် စစ်ကောင်စီလက်အောက်တွင် သက်တမ်းတိုးရန်မလိုအပ်ကြောင်းနှင့် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း အမျိူးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားရေး၀န်ကြီးဌာနမှ ယနေ့စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

အထက်တန်းရှေ့နေများအနေဖြင့် တရား၀င်အစိုးရအုပ်ချုပ်သောကာလတွင် နှစ်စဉ်လိုင်စင်ကိုအောက်တိုဘာ ၁ ရက်နောက်ဆုံးထား၍ သုံးရာကျပ်တန် အထူးကပ်တံဆိပ်ခေါင်း(Special Adhesive)ကို အခွန်ရုံးများ၌၀ယ်ယူကာလဲလှယ်ကြရခြင်းဖြစ်သည်။ 
ယခုနှစ် အကြမ်းဖက်စစ်တပ်က အာဏာစတင်သိမ်းသည့်ရက်မှစ၍ တရား၀င်အစိုးရကို မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်အပြစ်ပေးခြင်းများဖြင့် ညှင်းပန်းနှိပ်စက် ခြင်းများပြုလုပ်လျက်ရှိသည်။ 

ထို့အပြင် အမှုလိုက်ပါဆောင်ရွက်‌နေသည့်ရှေ့နေများကိုလည်း ဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ခွင့်မပြုဘဲ အကန့်အသတ်များစွာဖြင့်ထိန်းချုပ် ဆောင်ရွက်ခွင့်ပြုထားလျက် ရှိသည်။ 

ထိုကဲ့သို့ တရားစီရင်ရေးကို တရားမဲ့စွာ ကျင့်သုံးနေသော တရားရုံးအဆင့်ဆင့်အတွက် အထက်တန်းရှေ့နေများက အခွန်ငွေ ၃၀၀ ကျပ် အခွန်တံဆိပ်ခေါင်းကပ်ပြီး လိုင်စင်သက်တန်းတိုးရန်  လုံး၀ လိုအပ်မည်မဟုတ်ကြောင်း၊ အထက်တန်းရှေ့နေများအနေဖြင့် အခွန်ဆောင်၍ လိုင်စင်သက်တမ်းတိုးခြင်း မပြုလုပ်ကြရန်နှင့် တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်‌စေလိုကြောင်း NUG တရားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ 

ထိုသို့ သက်တမ်းတိုးရန် မပြုလုပ်ကြသော အထက်တန်းရှေ့နေများကို အမျိူးသားညီညွတ်ရေးအစိုးရမှ လက်ခံအသိအမှတ်ပြုလျက် လိုင်စင်သက်တမ်းတိုးသည်ဟု မှတ်ယူကာ ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။ 

"အခွန်ရုံးမှာ သက်တမ်းတိုးဖို့အတွက် တံဆိပ်ခေါင်းသွား၀ယ်တဲ့အခါ ၀င်ငွေခွန် သုံးသောင်းဆောင်‌ခိုင်းတယ်။ အဲဒီတံဆိပ်ခေါင်းအတွက် ၃၀၀ ကျပ်က ဘာမှမဟုတ်တဲ့ငွေကြေးဆိုပေမယ့် ၀င်ငွေခွန်တောင်းတဲ့ပမာဏပိုက်ဆံက အရမ်းများတော့ စစ်‌ကောင်စီကအခွန်အများကြီးရသွားနိုင်တယ်။ အခုဆိုရင် လိုင်စင်နံပါတ် ငါးသောင်းကျော်ရှိတာ သုံးသောင်းကျော်ကအထက်တန်းရှေ့နေ့တွေဆိုတော့ တစ်ယောက်ကို ၃ သောင်း‌ဆို တွက်ကြည့်ပေါ့။ ပြီးတော့ ရှိနေတဲ့တရားစီရင်ရေးကို အသိအမှတ်ပြု သတ်မှတ်သလိုဖြစ်မယ်။ ‌NUG တရားရေး၀န်ကြီးကလဲ CDM လုပ်တဲ့ရှေ့နေတွေကို အသိအမှတ်ပြုပြီးကြိုသလိုဖြစ်တာပေါ့"ဟု JSU အဖွဲ့ဦးဆောင်သူ CDM တရားသူကြီး ဦးကောင်းမြတ်သူက ၎င်း၏အမြင်ကိုပြောသည်။ 

အဆိုပါ ဦးကောင်းမြတ်သူဦးဆောင်သော CDM ပြုလုပ်ကြသည့်တရားရေး၀န်ထမ်းများအဖွဲ့ (Judicial Staffs'Union-JSU) အနေဖြင့် CRPH ၊တရား‌ရေး၀န်ကြီးဌာနမှ ပြည်‌ထောင်စုဝန်ကြီး၊တရားရေးCDM ဝန်ထမ်းများမှ ပြီးခဲ့သည့်ဩဂုတ် ၂၃ ရက်က တိုက်ရိုက်ချိတ်ဆက်၍ တရားရေးမဏ္ဍိုင်နှင့်ပက်သတ်သည့် လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly