COVID-19ပိုး ရှိမရှိ စစ်ဆေးခ ကျပ် ၁သောင်းပေးရမည်ဆိုသည့်သတင်း တိုင်းကျန်းမာ‌ရေးဌာနက ငြင်းဆို

COVID-19ပိုး ရှိမရှိ စစ်ဆေးခ ကျပ် ၁သောင်းပေးရမည်ဆိုသည့်သတင်း တိုင်းကျန်းမာ‌ရေးဌာနက ငြင်းဆို

ပဲခူးမြို့အဝင် ရန်ကုန် မန္တလေးလမ်းမကြီးရှိ ပဲခူး ဝင်းဘော်ဒတ် စစ်ဆေးရေးဂိတ်တွင် ဩဂုတ်၂ရက် မနက်မှစတင်ပြီး ခရီးသွားပြည်သူများ ပဲခူးမြို့သို့ဝင်လျှင် Covid -19 ပိုးရှိမရှိ စစ်ဆေးရမည်ဖြစ်ပြီး  စစ်ဆေးခ တစ်ဦးလျှင် ၁၀,၀၀၀ ကျပ်ပေးရမည်ဟု Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။ 

“ကျွန်‌ေတာ်ကိုယ်တိုင် ကြုံခဲ့တာ၊ ကျန်းမာရေးဝန်ထမ်းတွေက ကားတိုင်းကို လိုက်ပြောနေတာ၊ COVID-19ရှိမရှိ စစ်ရမယ်။ စစ်ရင်၁သောင်းပေးရမယ်လို့ပြောတာဗျ။  မနက်ဖြန်စမယ်လို့ပြောတယ်”ဟု အမည်မဖော်လိုသူ တဦးကပြောသည်။ 

အဆိုပါ သတင်းနှင့်ပတ်သက်၍ တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။ 

“အဲဒီသတင်းက မဟုတ်ပါဘူး။ စစ်ဆေးခပေးရတာက ကုန်ကားမောင်းတဲ့ ယာဉ်မောင်းနဲ့စပယ်ယာတွေက ပေးရတာပါ။ ဒါကလည်း အရင်အစိုးရလက်ထက်ကတည်းက အတိုင်းပါပဲ”ဟု ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။ 
ငွေကြေးတောင်းခံမှုရှိပါက ကျန်းမာရေးဦးစီးဌာနသို့တိုင်ကြားနိုင်ကြောင်း ၎င်းကပြောသည်။ 

"အရင်အစိုးရလက်ထက်က ကိုဗစ်စစ်ရင် ဘာမှပေးစရာမလိုပါဘူး။ ဖြတ်သန်းမောင်းမယ့် မိုင်တိုင်အတွင်းမှာပဲ မောင်းရမယ်။ ပြီးတော့ COVID-19 Test အဖြေပါ စာရွက်ထုတ်ပေးတယ်။ စစ်တဲ့ဂိတ်မှာထုတ်ပြရတယ်။ ဒီအဖြေစာရွက်က တစ်ပတ်ပဲအသုံး၀င်တယ်။ နောက်အပတ်တွေအတွက် အသစ်ထပ်အစစ်ခံရတယ်။ ဘာမှပေးစရာမလိုပါဘူး"ဟု ပဲခူးမြို့နှင့် မွန်ပြည်နယ်သို့ ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။ 

ပဲခူးမြို့တွင်  covid-19စစ်ဆေးရေးဂိတ် သုံးနေရာသတ်မှတ်ထားပြီး ပဲခူးမြို့သို့ ဝင်ရောက်သူမည်သူမဆို covid-19ပိုး ရှိမရှိ စစ်ဆေးရမည် ဖြစ်ပြီး Stay At Homeမြို့နယ်များမှ လာရောက်သူများ ကွာရန်တင်း၁၄ရက်ဝင်ရမည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly