သောကပေါ်အပူဆင့်တဲ့ ကိုဗစ်တတိယလှိုင်းအလွန် ဘာတွေပြင်ဆင်ထားသင့်လဲ

01 September 2021
သောကပေါ်အပူဆင့်တဲ့ ကိုဗစ်တတိယလှိုင်းအလွန် ဘာတွေပြင်ဆင်ထားသင့်လဲ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းဖြစ်စဉ်ပေါ်ပေါက်ခဲ့ပြီး လေးလအကြာ Covid-19 ကပ်ရောဂါ ဆင့်ကဲဖြစ်ပေါ်ခဲ့သည်။ ဇွန်လဆန်းအတွင်း ချင်းပြည်နယ်မှစတင်ဖြစ်ပွားခဲ့သော Covid-19 ကပ်ရောဂါသည် တစ်ကျော့ပြန်ဦးမော့လာခဲ့သည်။

တတိယအကြိမ်မြောက် ဝင်ရောက်လာခဲ့သည့် Covid-19 ကပ်ရောဂါသည် ဗီဇပြောင်း(DELTA) မျိုးစိတ်ပြောင်းဝင်လာခဲ့ရာ ကူးစက်မှုနှုန်းအမြင့်မားဆုံးသို့ ရောက်ခဲ့သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထက် ကူးစက်မှုနှုန်းမြန်ခဲ့ပြီး ကူးစက်ခဲ့ရသူတိုင်း၏ အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်တိုက်ခိုက်ခံရသဖြင့် ကမ္ဘာတဝန်းလူပေါင်းသိန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် Covid-19 ဒုတိယလှိုင်းအလွန် စစ်အာဏာသိမ်းမှု ဖြစ်စဉ်ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ပြည်သူများလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။စစ်တပ်၏အာဏာသိမ်း ဖြစ်စဉ်ကြောင့် လက်ရှိတတိယ အကြိမ်မြောက် ကိုဗစ် ရောဂါကိုအံတုကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသည်။ထို့ကြောင့်မြန်မာနိုင်ငံရှိ ပြည်သူများသည် သောကပေါ်အပူဆင့်သည့်ဘဝဖြင့် ဖြတ်သန်းနေကြရတော့သည်။

မြန်မာနိုင်ငံအနှံ့ရှိ အစိုးရဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ အကြမ်းမဖက် အာဏာဖီဆန် အာခံပုန်ကန်ရေးလှုပ်ရှားမှု Civil Disobedience Movement များပြုလုပ်နေခြင်းကြောင့် အစိုးရက စီမံအုပ်ချုပ်သည့် ကုသရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းလုလု အခြေအနေ ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီ၏ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းကြောင့် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်ခံရသူများမှာ ကျန်းမာရေး စောင့်ရှောက်မှု တစ်စုံတစ်ရာမရရှိခြင်းများ ကြုံတွေ့လာရသည်။ လိုအပ်ချက်များစွာ ပေါ်ပေါက်လာသည့် ကြားမှ လိုအပ်ချက်အမြင့်မားဆုံးသည် အသက်ရှူမရပ်ရေး အောင်စီဂျင်လိုအပ်ချက်ပင် ဖြစ်လာခဲ့သည်။အောင်စီဂျင်ရရှိရေးအတွက် လမ်းပေါ်ထွက်ရှာခဲ့ရသည်။

အောင်စီဂျင်ပြတ်လတ်မှုကြောင့် အသက်ဆုံးရှုံးမှုများ

ဇူလိုင်လပထမအပတ်ကစတင်၍ Covid-19 ရောဂါကူးစက်ခံရမှု များပြားလာပြီး ပြည်သူများသည် နေအိမ်၌ မိမိအစီအစဉ်ဖြင့် ကုသနေကြရကာ အောင်စီဂျင်အချိန်မီမရသဖြင့် သေဆုံးသူများ တဟုန်ထိုးမြင့်တက်လာသောကြောင့် နေ့စဉ် ရန်ကုန်တစ်မြို့တည်းတွင် သေဆုံးသူ တစ်ထောင်ပတ်ဝန်းကျင်ရှိခဲ့သည်။ 

စစ်ကောင်စီက နေအိမ်မှာနေရန် အမိန့်မထုတ်ပြန်မီ ဇူလိုင်လအတွင်း ကိုဗစ်နှင့်သေဆုံးသူလို့ ယူဆရသည့်အလောင်းများ သုဿန်များတွင်စုပုံနေသော သတင်းဓာတ်ပုံများကို နေ့စဉ်ဆိုရှယ်မီဒီယာများပေါ်တွင် တွေ့မြင်ရသည်။ ရေဝေးသုဿန်မှာ သေဆုံးသူ ၅၀ နဲ့ ၁၀၀ ကြားနေ့စဉ် မီးသဂြိုဟ် လေ့ရှိပေမယ့် ဇူလိုင် ၁၉ ရက်တစ်ရက်ထဲမှာပင် ရောက်လာတဲ့အလောင်းတွေက ၃၅၀ ကျော်လောက်ရှိတယ်လို့ နာရေးကူညီမှုအသင်းတွေက ဆိုပါသည်။ နာရေးရှင်အများအပြားကလည်း လူနာမသေဆုံးမီ အောင်စီဂျင်ရဖို့ တစ်မြို့လုံးအနှံ့ ပတ်ပြီးရှာခဲ့ရကြောင်း ပြောသည်။

ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် အောင်စီဂျင် ၇၉ အထိကျဆင်းသွား၍ သတိလစ်မေ့မြောရာမှ ပြန်လည်အသက်ရှင်သန်ခွင့် ရလာသူ မငွေစန္ဒီက ယခုလိုပြောသည်။

"အောင်စီဂျင်ထိုးကျသွားတဲ့ အချိန်က ညတစ်နာရီဝန်းကျင်လောက်ရှိမယ် အသက်ရှူကြပ်ပီး သတိရတချက်မရတချက်နဲ့ ဖြစ်နေတာ အောင်စီဂျင်ရဖို့ ဖေ့စ်ဘွတ် ကနေ ရှာပြီး အကူအညီရနိုင်သလောက် တောင်းပေမယ့် ညမထွက်ရအမိန့်ကြောင့် လာမပို့ရဲကြဘူး နောက်ဆုံး ရင်းနှီးတဲ့မိတ်ဆွေ တစ်ယောက်က အင်းစိန်မြို့နယ်ကနေပြီး သမိုင်းမှာရှိတဲ့ သူ့သူငယ်ချင်းကို တစ်ဆင့်ပို့ခိုင်းရတယ် လမ်းမှာအစစ်အဆေးတွေ ရှိတာကြောင့် သူကိုယ်တိုင်လာပို့လို့ မရဘူး မနက်သုံးနာရီလောက်မှ အိမ်ကိုအောင်စီဂျင်အိုး ရောက်လာတယ်။အခုအချိန်က အောင်စီဂျင်အိုးသယ်ရတာ ဘိန်းဖြူမှောင်ခို ကူးတာလောက် မလွယ်ဘူး" ဟုသူမ၏ အတွေ့အကြုံကိုပြောသည်။

စစ်တပ်၏အကြီးအကဲဖြစ်သူ တပ်ချုပ်မင်းအောင်လှိုင်၏ အာဏာသိမ်းပြီး ခြောက်လအကြာ မိန့်ခွန်းထဲတွင် ပြည်သူအတွက် အောင်စီဂျင်အလုံအလောက် ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် အောင်စီဂျင်မလိုအပ်ဘဲ ရယူနေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အောင်စီဂျင်အိုးတွေကို တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုတာကြောင့် အောင်စီဂျင်အိုးတွေဝယ်ထိန်းပြီး အောင်စီဂျင်ပြတ်သွားပြီ ဆိုတဲ့ ကောလာဟလထုတ်ပြီး လူတွေကို အထိတ်တလန့် ဖြစ်အောင် အနှောင့်အယှက်ပေးနေတာကို သတိပြုကြဖို့လည်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ဇူလိုင် ၁၃ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က အောင်စီဂျင် အလုံအလောက် ရှိကြောင်း ပြောကြားနေသော်လည်း အောင်စီဂျင် ရရှိရေးအတွက် လုပ်ဆောင်နေသော ပြည်သူလူထုအား Covid-19 ရောဂါဆိုင်ရာဉပဒေဖြင့် ဖမ်းစီးခြင်း၊တန်းစီစောင့်ဆိုင်းနေသူများကို လူစုခွဲမောင်းထုတ်ခြင်းများနှင့် အောင်စီဂျင်မပေးရန် စက်ရုံများကို ဖိအားပေးပိတ်ပင်ခဲ့သည်။

အောင်စီဂျင် လိုအပ်ချက်နှင့်ပတ်သတ်၍ ရန်ကုန်အခြေစိုက် ပရဟိတ ဆောင်ရွက်နေသူ ကိုသူရိန်က "အောင်စီဂျင် လိုအပ်နေတဲ့ ပြည်သူတွေက လိုအပ်လို့ လမ်းပေါ်ရောက်လာကြပြီး တောင်းခံနေတာ သေမှာကြောက်ကြတဲ့သူတွေ ကြီးဘဲ၊ စကစ ကလိုအပ်ချက်ကို မဖြည့်ဆည်းပေးဘဲနဲ့ လူစုခွဲ ခိုင်းယုံ သက်သက်လုပ်နိုင်တာ။ အာဏာငမ်းဖမ်းယုံ လောက်သိတာ။နိုင်ငံအတွက် စီမံအုပ်ချုပ်ခန့်ခွဲ နိုင်တဲ့ ပါဝါ သူတို့မှာ မရှိဘူး။ လူထုကို စည်းရုံးနိုင်တဲ့ စွမ်းရည်မရှိဘူး။ လူထုယုံကြည်လောက်အောင် လုပ်ပေးနိုင်တဲ့ အခြေအနေမရှိဘူး။ လူတွေက မသေသင့်ဘဲ သေတာ။ နောက်တစ်ခုက CDM လုပ်ထားတဲ့ ဆရာဝန်တွေ သူတို့ကို မယုံကြည်လို့ မလာတဲ့အခါကြတော့ လူထုက ပိုနာတယ်၊ ပိုဒုက္ခရောက်ရတယ်။ စစ်ကောင်စီ လက်ထက်မှာ လော့ဒေါင်းချထားတဲ့ စနစ်ကလည်း ဝတ်ကျေတန်းကျေလုပ်နေတယ်လို့ ဘဲမြင်တယ်။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတဲ့ အပိုင်းလေးတွေ ရှိတဲ့အတွက် ဒါလေးမှ မလုပ်နိုင်ဘူး ဆိုတာမျိုး မြင်မှာစိုးလို့ သိက္ခာကျမှာစိုးလို့  အဖြစ်လုပ်နေကြတာ" ဟု ထောက်ပြသည်။

ဒေါပုံမြို့နယ် နွယ်အေးဗလီ ဂေါပကအဖွဲ့က ဦးဆောင်၍ အောင်စီဂျင်လိုအပ်ချက်အတွက် ဇူလိုင် ၃ ရက်နေ့မှစ၍ အောင်စီဂျင်လိုအပ်သူများကို တန်းစီစနစ်နှင့် အောင်စီဂျင်ဖြည့်ပေးခဲ့သည်။သို့သော် ဇူလိုင် လကုန်ကစလို့ အောင်စီဂျင်စက်ရုံများအား ပုဂ္ဂလိကကို မရောင်းဖို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီ ပါတီဦးဆောင်သည့် အရပ်သားအစိုးရ လက်ထက်တွင် မေ့ဆေးအထူးကုဆရာဝန်တစ်ဦးဖြစ်သူ လက်ရှိတွင် CDM လှုပ်ရှားမှု၌ ပါဝင်သော ဒေါက်တာမြင့်မြင့်စိန် ကတော့ အောင်စီဂျင်အလုံအလောက်ရှိတယ် ဆိုတာ မဖြစ်နိုင်ကြောင်း ပြောသည်။

"အောင်စီဂျင် ရရှိမှု လုံလောက်နေပြီ ဆိုတဲ့ စစ်ကောင်စီရဲ့ပြောစကားတွေကို ယုံကြည်ဖို့ တော်တော်လေး ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက်မှာတောင်မှ တပြည်လုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ရန်ကုန်၊မန္တလေး၊ နေပြည်တော် လောက်ဘဲအောင်စီဂျင်ကို စနစ်တကျပေးနိုင်ဖို့ ကြိုးစားနိုင်ခဲ့တယ်။ ကျန်တဲ့ မြို့နယ်ဆိုင်ရာ ခရိုင်ဆိုင်ရာတွေ ဆိုရင် ကျွန်မတို့က အစိုးရရဲ့စနစ်အရ အောင်စီဂျင်ကို လုံလောက်မှု ရှိအောင် မပေးနိုင်သေးပါဘူး။ အရပ်သားအစိုးရ လက်ထက်မှာတောင် ဒီလိုလုံလောက်အောင်ပေးနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမှာ စစ်ကောင်စီက ပရမ်းပတာနဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ လက်နက်ကိုင်ဖျက်စီးမှုတွေ၊ ပုဂ္ဂလိကတွေက ပံ့ပိုးနေတာတောင် ထိန်းချုပ်ပြီးတော့ သူတို့ကဘဲ ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးမယ် ဆိုတာကိုတော့ ကျွန်မတို့က အယုံအကြည်မရှိပါဘူး။ ဒါကမဖြစ်နိုင်ဘူးလို့ဘဲ ယူဆတယ်။ ဒီလို တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ အချိန်၊ကျန်းမာရေးလုပ်သားတွေလည်းCDM လုပ်နေချိန်မှာ အောင်စီဂျင်ကို အလေအလွင့်မရှိ  လုံလောက်အောင် ရနိုင်တယ်ဆိုတာ ယုံကြည်မှု မရှိပါဘူး" ဟု ဒေါက်တာဒေါ်မြင့်မြင့်စိန် ဆိုသည်။

ကိုဗစ်နိုင်တင်းနှင့် သေဆုံးသူ
အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဌာနက ရောဂါစတင်ဖြစ်ပွားချိန်မှ စ၍ ၂၉.၈.၂၀၂၁ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်ကြေညာချက်တွင် ဓာတ်ခွဲ အတည်ပြုလူနာ ၃၉၂,၃၀၀ ဦးရှိခဲ့ပြီး၊၃၄၆,၄၀၈ ဦးရောဂါပျောက်ကင်းကာ သေဆုံးသူ ၁၅,၁၈၃ ဦးသာရှိကြောင်း ကြေညာခဲ့သည်။

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၈.၈.၂၀၂၁ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၄,၆၈၃,၄၁၀ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁,၈၄၆,၁၉၀ ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၂,၈၃၇,၂၂၀ ဦးရှိပြီးဖြစ်ကြောင်းနှင့် ယင်းနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၆,၅၂၉,၆၀၀ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများသည် အမှန််တကယ်မြေပြင်၌ ကူးစက်မှုနှုန် နှင့် သေဆုံးမှုနှုန်းမှာ ကွာဟနေကြောင်း CDM ပြုလုပ်ထားသူ လက်ထောက်ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာနောင်နောင်(အမည်လွဲ)က ပြောသည်။

အဓိက ကတော့ ပြည်သူနဲ့ သူတို့ကိုယ်သူတို့ တာဝန်ရှိတယ်လို့ ခံယူထားတဲ့ လူတန်းစားကြားထဲမှာ ယုံကြည်မှုတည်ဆောက်လို့ မရတာက  အဓိကပြသာနာပဲပေါ့။ တကယ်မြေပြင်မှာ ဖြစ်ပျက်နေတာနဲ့ သူတို့ထုတ်ပြန်တာတွေက လွဲချော်နေတယ်။အဲဒီမှာထဲက ပြည်သူတွေက မယုံကြည်တော့ဘူး။ဉပမာ ပြောရရင် ဆေးရုံလာခဲ့ပါ အားလုံးလက်ခံမယ်ပြောတယ်။တကယ်သွားတဲ့အခါကျတော့ လက်မခံတာမျိုးတွေ ဖြစ်နေတော့ ပြည်သူတွေက ပူးပေါင်းချင်စိတ်မရှိတော့ဘူး။ လူထုကတော့ သူတို့ကို အားကိုးလို့မရတာ အမှန်ဘဲ" ဟု ထောက်ပြပြောဆိုသည်။

ယခင်အရပ်သား အစိုးရလက်ထက်တွင် အစိုးရ၊ပြည်သူ နှင့် ကျန်းမာရေးဝန်ထမ်းများ လက်တွဲညီညီဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြပီး အာဏာသိမ်းဖြစ်စဉ်နှင့် အတူပေါ်ပေါက်ခဲ့သည့် ကိုဗစ်တတိယလှိုင်းထက် လူသေဆုံးမှုများနှင့် အောင်စီဂျင်လိုအပ်မှု ပမာဏမှာ စီမံခန့်ခွဲနိုင်မှုကြောင့် လျော့နည်းခဲ့သည်ဟု ဆိုလျှင် မမှားပေ။

"အားလုံးရဲ့ မျှော်လင့်ချက်တွေက ဒီလိုအချိန်မှာ ရိုက်ချိုးခံလိုက်ရတာပေါ့။ အကယ်၍သာ ပုံမှန်အတိုင်းဆေးထိုးသွားခဲ့ရင် တတိယလှိုင်းဆိုတာ ကြုံချင်မှတောင်ကြုံမှာပေါ့။အဲဒီတော့ ဒုတိယလှိုင်း အကျမှာ အာဏာသိမ်းမှု ဖြစ်စဉ် ဖြစ်သွားတော့ လူထုကမလိုလားလို့ လမ်းပေါ်ထွက်ဆန္ဒပြကြတယ် ဆိုပေမယ့် လေးလလောက်ကို ကိုဗစ်ဖောင်းပွမှုမရှိဘဲ နေလာနိုင်ခဲ့တယ်။ ဒီလေးငါးလထဲမှာ အားနဲ့အင်နဲ့ ကာကွယ်ဆေးသာ ထိုးခဲ့မယ်ဆိုရင်ဆယ်ရာခိုင်နှုန်းကတော့ အခုချိန်မှာထိုးနှံပြီ ပြီး။အခုလို ဆုံးရှုံးမှုတွေက ကြုံချင်မှကြုံတော့မှာ" ဟု ဒေါက်တာနောင်နောင် (အမည်လွဲ) ကထောက်ပြပြောဆိုသည်။

ယခင်အရပ်သား အစိုးရ လက်ထက်တွင် Covid-19 ကပ်ရောဂါ အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကုသရေးစင်တာများ ဖွင့်လှစ်ပေးခဲ့သည့်အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ကိုဗစ်ကုသရေးစင်တာများကို ဖွင့်လှစ်ပေးကာ နေ့ညမအား  အားသွန်ခွန်စိုက် ကုသပေးခဲ့ကြသည်။ယင်းသို့ တက်ညီလက်ညီဆောင်ရွက် နိုင်ခြင်းမှာလည်း ပြည်သူကအစိုးရကို ယုံကြည်သကဲ့သို့ အစိုးရကလည်း ပြည်သူ့အသံကို အဆက်မပြတ်နားထောင်ကာ စီမံခန့်ခွဲပေးနိုင်သဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

"အောင်စီဂျင်နဲ့ ပက်သက်လို့ အရင်တုန်းက ဆေးရုံကြီးတော်တော်များများမှာ အောင်စီဂျင်သိုလှောင်ထားမှုတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ဆောက်ပေးခဲ့တယ်။ဆေးရုံတစ်ရုံစာ လုံလောက်တဲ့ အောင်စီဂျင် သိုလှောင်ထားမှုတွေ ရှိတယ်။ အခု မလုံလောက်ဘူးဆိုပြီး ဖြစ်လာတာတွေကတော့ ကျွန်တော်တို့တွေလည်း နားမလည်ဘူး။ ဘယ်လိုတွေ လည်ပတ်နေတာလည်းဆိုတာလည်း မပြောတတ်ဘူး။ အရင်တုန်းကတော့ လုပ်နိုင်ခဲ့ကြတယ်။ကျွန်တော်တို့ ဇန်နဝါရီ နောက်ဆုံးအပတ် လောက်က ကာကွယ်ဆေးထိုးပေးခဲ့တယ်။အဲဒီတုန်းက ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက အသက် ၆၀ ဝန်းကျင်လူတွေကို အရင်ထိုးမယ်။ပြည်သူထဲကလည်း သက်ကြီးရွယ်အိုတွေကို အရင်ဆုံးထိုးနှံပေးမယ်ဆိုပြီး အစီအစဉ်တွေ ရှိခဲ့တယ်ဗျာ။ ဘယ်အချိန်လောက်ဆိုရင်တော့ ငါထိုးရမယ့်အလှည့် ရောက်လာမှာဘဲ ဆိုပြီး လူတွေက ယုံယုံကြည်ကြည်နေခဲ့ကြတယ်။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးပျက်သွားတယ်" ဟု ဒေါက်တာနောင်နောင် (အမည်လွဲ) က ရှင်းပြသည်။

ကိုဗစ်တတိယလှိုင်း အလွန်
ကိုဗစ်ကပ်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတစ်နိုင်ငံဆီတိုင်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်ထားရှိရန် လိုအပ်တယ်လို့ ဒေါက်တာဒေါ်မြင့်မြင့်စိန်က သတိပေးသည်။

"ကိုဗစ်ရောဂါအတွက် တိုင်းပြည်တိုင်းဟာ သူတို့ရဲ့ခြေလှမ်းတွေကို သတိထားပြီးတော့ ရှေ့တိုးနေကြတာပေါ့၊ ကျွန်မတို့ တိုင်းပြည်က ကံဆိုးစွာနဲ့ဘဲ စစ်အာဏာသိမ်းလိုက်တယ်။ စစ်အာဏာ သိမ်းလိုက်တဲ့အချိန်မှာ ကျန်းမာရေးဆိုင်ရာ ဒေါက်တိုင်တွေအားလုံး  အကုန်လုံး ပြိုလဲသွားတယ်။ ကျွန်မတို့ နိုင်ငံအတွက်တော့ ဒီလိုအခြေအနေမှာ စိုးရိမ်မိတာ အမှန်ဘဲ"ဟုဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာဒေါက်တိုင်များ ပြိုလဲနေသည့်အတွက် ယခုဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းအပါအဝင် နောင်လာမည့် ကိုဗစ်လှိုင်းတိုင်းအတွက် ပြည်သူသာလျှင်အဓိက ဖြစ်ပြီး၊ပြည်သူက ပြည်သူကို ပြန်လည်စောင့်ရှောက်ပေးရမည့် အခြေအနေဖြစ်ကြောင်း ဒေါက်တာဒေါ်မြင့်မြင့်စိန် ကဆိုသည်။

ထို့ပြင် ကမ္ဘာနိုင်ငံတိုင်း၌ ကိုဗစ်ကပ်ရောဂါကို ပျောက်ကင်းအောင်ကုသပေးနိုင်သောဆေးဝါးများ မပေါ်ပေါက်သေးဘဲ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာပါက မည်သည့်နိုင်ငံတွင်မဆို အောင်စီဂျင်အလုံအလောက်ပေးနိုင်ခြင်း မရှိသေးသည့်အတွက် ကုသခြင်းထက် ကာကွယ်ခြင်းကသာ ပိုမိုထိရောက်သည့် နည်းလမ်းဖြစ်ကြောင်း ဆိုသည်။

"အဲဒီတော့ ကျွန်မတို့ ပြောချင်တာက ကုသဖို့ထက် ကာကွယ်ဖို့က အဓိကဘဲ။ ကိုဗစ်ရောဂါကို ကုသလို့ အောင်မြင်လာတဲ့ တိုင်းပြည်အခုထက်ထိ မတွေ့သေးဘူး။ တစ်ယောက်နဲ့တစ်ယောက် ကူးစက်လို့ ဘယ်ဆေးနဲ့ဘယ်လူနာကို ဘယ်လိုကုလိုက်လို့ ပျောက်သွားတယ်ဆိုတာ ခိုင်မာတဲ့ရပ်တည်ချက် ကုသချက်ကို ဖော်ပြနေခြင်းမရှိသေးဘူး။ အကုန်လုံးဟာ စမ်းသပ်ချက်တွေကြီးပဲ ဖြစ်နေတယ်။ယူဆချက်တွေကလည်း စမ်းသပ်လို့ မကုန်အောင်ဖြစ်နေတယ်။ ကိုဗစ်ရောဂါကို မကူးစက်အောင်လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကာကွယ်ရေးနည်းလမ်းဘဲ ဖြစ်ပါတယ် ကာကွယ်ရေးနည်းလမ်းကို လုပ်ဖို့ဆိုရင် အုပ်ချုပ်ရေးအစိုးရက မပါမဖြစ်ပါရမယ်။ အုပ်ချုပ်ရေးဆိုင်ရာ စစ်အစိုးရအနေနဲ့ ဒီဟာတွေကို လျစ်လျူရှုထားတာက စစ်အာဏာရှင်အနေနဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာရယ်၊နောက်တစ်ခုက အုပ်ချုပ်မှုစွမ်းရည်ကတော်တော်ကျဆင်း သွားပြီးတော့ လူထုကို ထည့်မစဉ်းစားဘူးဆိုတာမျိုး ဖြစ်သွားတာပေါ့နော်။ ကြိမ်းသေတာက ကျွန်မတို့ စတုတ္ထလှိုင်းကို ထပ်ပြီးတော့ခံရအုံးမယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာရှိပါတယ်။" ဟု ရှင်းပြသည်။

စတုတ္ထလှိုင်းမည်သည့်အချိန်တွင် ထပ်မံဖြစ်ပွားမည်ကို မခန့်မှန်းနိုင်သေးသော်လည်း လက်ရှိဖြစ်ပွားနေသော တတိယလှိုင်းမှာ ပြီးဆုံးပြီးဟုလည်း မဆိုနိုင်သေးကြောင်းCDM လုပ်ဆောင်ထားသည့် ဒေါက်တာနောင်နောင်(အမည်လွဲ)က သူ၏အမြင်ကို သုံးသပ်ပြောပြသည်။

"ကျွန်တော်တို့ဆီမှာ မိုးတွင်းဆို တုပ်ကွေးရာသီဖြစ်တယ် ကိုဗစ်တတိယလှိုင်းနဲ့တောင်တွဲပြီး ဝင်လာတယ်လို့တောင် ပြောလို့ရတယ် အဲဒီတော့ လူတွေအားလုံးက တုပ်ကွေးလိုလို ကိုဗစ်လိုလိုတွေ ဖြစ်ကြတယ်ပေါ့နော်၊ နောက်တစ်ခုက ကိုဗစ်က မျိုးစိတ်တွေ ထပ်ပြောင်းသွားအုံးမှာလားပေါ့ ပြောင်းသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံက စိတ်ပူရမယ့်အထဲမှာ ပါသွားမယ် ဒါမှမဟုတ်ဘဲ အခုမျိုးစိတ်က ဆက်ပီးပျံ့သွားမယ်ဆိုရင် နိုင်ငံမှာက တော်တော်များများ ကူးပီးသာဆိုတော့ ဒီဗိုင်းရပ်စ်နဲ့ သက်ဆိုင်တဲ့ ကိုယ်ခံအားက ကျွန်တော်တို့စီမှာ ရှိပြီးသားဖြစ်နေတယ်လို့ ယူဆရမယ် အဲဒီလိုရှိနေတယ်ဆိုရင်တော့ ပိုးပြန်ကူးစက်တဲ့အခါကျရင် သိပ်ပြီးတော့ မဆိုးရွားလောက်တော့ဘူးလို့ ယူဆလို့ရတာပေါ့နော်၊ ဒါပေမယ့်ပိုးက ပုံစံပြောင်းသွားပီး ကူးစက်မှုများလာရင်တော့ စတုတ္ထလှိုင်းက အကြီးကြီးဖြစ်လာနိုင်တာပေါ့ " ဟုရှင်းပြသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းသည် အပြင်းထန်ဆုံးနှင့် အဆိုးဝါးဆုံးအခြေအနေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ညှိုးနွမ်းအားငယ်ခဲ့ရကာ ကြိုတင်ကာကွယ်မှုုအပါအဝင် ကုသမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ မရရှိခြင်းမှာ အဆိုးဝါးဆုံး ရင်ဆိုင်နေရမှုဖြစ်သည်။ 

အစိုးရဆေးရုံကြီးများတွက် လုံလောက်သည့်ဆရာဝန်အင်အားနှင့် ကုသမှုများမပေးနိုင်ကြောင်း၊ စစ်ကောင်စီအနေဖြင့်လည်း ပြည်သူ့ကျန်းမာရေးအတွက် အကာအကွယ်မပေးနိုင်ကြောင်းနှင့် အခြားနိုင်ငံများတွင် အစိုးရအနေဖြင့် ကာကွယ်ကုသပေးနေသည့်ကြားမှ သေနှုန်းမြင့်တက်နေပြီး မြန်မာနိုင်ငံ အနေဖြင့် ကာကွယ်ကုသပေးမှု မရှိသည့်အတွက် အရှေ့တောင်အာရှ နိုင်ငံများထက် သေနှုန်းပိုမြင့်မားလာနိုင်ကြောင်း CDM လုပ်နေတဲ့ ဆရာဝန် စာရေးဆရာမ တစ်ဦးဖြစ်သူ ဒေါက်တာ စိမ့်စမ်းဖြူက ပြောထားသည်။

"မြန်မာနိုင်ငံက ဖြစ်စဉ်တွေဟာ ရေခဲတောင်လိုပါပဲ ကျွန်မတို့ သိရတယ် မြင်ရတယ်ဆိုတာက ရေခဲတောင်ရဲ့ ထိပ်ချွန်ချွန် အပိုင်းလေး ရေခဲတောင်ရဲ့ အောက်မှာ လွှမ်းမိုးနေတဲ့ အခြေခံကျတဲ့ ရေခဲစိုင် အကြီးကြီးရှိနေသေးတယ် အဲဒီလိုပဲ ကျွန်မတို့ဆီမှာ စာရင်းအတိအကျ မရှိတဲ့ စာရင်းပျောက်တွေက အများကြီးရှိသေးတယ် ကျွန်မအမြင်မှာ ဆိုရင်တော့ အရှေ့တောင်အာရှမှာ မြန်မာက အများဆုံးတောင် ဖြစ်နေမလား မသိဘူး။ ဖြစ်ဖို့လည်းများပါတယ်။ ကျွန်မတို့ ပြည်သူတွေက ဘာမှအကာအကွယ်မရှိဘူး ပြည်သူဘက်က စောင့်ရှောက်ပေးမယ့်သူ မရှိဘူး။ ကျန်တဲ့နိုင်ငံတွေ အသေနှုန်းများတယ်ဆိုတာသည် ကုနေတဲ့ ကြားက ကာကွယ်နေတဲ့ကြားကကို ဖြစ်နေတာ။ ကျွန်မတို့နိုင်ငံက ကာလည်းမကာကွယ်လိုက်ရဘူး  ကုလည်းမကုလိုက်ရဘူးဆိုတော့ ကျန်တဲ့နိုင်ငံတွေထက်တော့ ပိုများမယ်လို့ ကျွန်မကတော့ မြင်တယ်" ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် CDM ဝင်ထားသည့်အတွက် ကျန်းမာရေးဝန်ဆောင်မှု မပေးနိုင်ကြဘဲ၊ ကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေး ထောင်ချမှုများအထိ ပြုလုပ်နေသောကြောင့် သတိကြီးကြီးထားနေကြရသည်။

"ငါတို့လည်းမကူဘူး မင်းတို့လည်း မလုပ်နဲ့ဆိုတဲ့ ပတ်မကြီး ဓါးနဲ့ထိုးခွဲတဲ့ အကွက်တွေပေါ့။ ငါမင်းသားမဖြစ်ရရင် ပတ်မကြီး ထိုးခွဲလိုက်သလိုဘဲ ကူရမယ့်အချိန်မှာ ငါတို့မကူနိုင်တာကို လူမမြင်စေနဲ့ ဆိုတဲ့ ပုံစံမျိုးလုပ်လိုက်တယ် လို့ပဲမြင်တယ်၊ပြည်သူတွေ ရုန်းကန်နေရတဲ့ အချိန်မှာ အင်အားတွေကိုပါ ရိုက်ချိုးလိုက်သလိုပါပဲ"ဟု ဒေါက်တာနောင်နောင်(အမည်လွဲ) က ဖြည့်စွက်ပြောသည်။

တတိယလှိုင်းကနေ ဘာတွေသင်ခန်းစာ ယူနိုင်မလဲ
ကိုဗစ်ကူးစက်ရောဂါ ခံစားနေရသည့် လူနာများ ကူညီကယ်ဆယ်ခြင်းနှင့် အောင်စီဂျင် ရရှိရေးတို့အတွက် ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ အချိန်ကန့်သတ်မှုမျိုးများ ရှိသည့်အတွက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရသူများ ရှိနေသည်။

အရေးပေါ် လူနာ လမ်းကြောင်းတစ်ခု ပို့ရာတွင်လည်း လူနာ၏ အခြေအနေကို မြင်နေရသော်လည်း လုပ်ငန်းမှတ်ပုံတင် ထုတ်ပြခိုင်းခြင်း တာဝန်ရှိ လက်မှတ်စစ်ဆေးခြင်းနှင့် မလိုလားသည့် မေးခွန်းပေါင်းများစွာကို ပြန်လည်ဖြေကြားနေရသည့် အတွက် လူနာအသက်ဆုံးရှုံးမှုများလည်း ရှိနေကြောင်း ၊မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ဝါရင့်လူမှုကယ်ဆယ်ရေး တာဝန် ရှိသူတစ်ဦးက ပြောသည်။

"တာဝန်ရှိသူတွေကို ပြောချင်တာက အချိန်အကန့်အသတ် ထားတဲ့အခါကျတော့ ကျွန်တော်တို့တွေက သူတို့မထွက်ရဘူးဆိုတဲ့ အချိန်မှာ အရေးပေါ်ဖြစ်လာခဲ့ရင်  မကူညီနိုင်တာမျိုးတွေ ရှိတယ်။ဉပမာ ည၁၀ နာရီ မထွက်ရ အမိန့်ထုတ်ထားတယ်ဆိုရင် ည ၁၀ နာရီ နောက်ပိုင်းမှာ အောင်စီဂျင်လိုနေတဲ့သူ အောင်စီဂျင်မရနိုင်ဘူးဆိုရင် သေဖို့ပဲ ရှိတော့မယ် အဲဒီတော့ ပြောချင်တာက အောင်စီဂျင် အပါအဝင် အခြားပရဟိတ လုပ်နေတဲ့သူတွေကို အချိန်မရွေး သွားလာခွင့်လေးကို ပြည်သူလူထုအတွက် ငဲ့ညှာပြီး ကြည့်စီစဉ် ပေးပါလို့ ပြောချင်တယ်။"ဟု အမည်မဖော်လိုသူ အောင်စီဂျင်နှင့် လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်တစ်ခု၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

၎င်းကပင် ယခင်အရပ်သား အစိုးရလက်ထက် ကိုဗစ်သံသယ လူနာသတင်းကြားပါက ထိစပ်သူ မိသားစုများကိုပါ ရပ်ကွက်အဆင့်၊ကျေးရွာအဆင့် များအလိုက် ကွာရတင်း ဝင်ရောက်ရန် ဆောင်ရွက်ပေးခဲ့ကြသော်လည်း လက်ရှိတတိယလှိုင်း ကာလတွင် ကိုဗစ်သံသယ ရှိသည်ဟု ဆိုသော်ငြားလည်း တာဝန်ယူ လုပ်ဆောင်ပေးမှုများ မရှိခြင်းနှင့် အဆိုးဝါးဆုံးမှာ မည်သည့်နေရာတွင် စစ်ဆေးမှုခံယူရမည်ကို မသိရှိရခြင်းပင် ဖြစ်သည်။

"ဒေါ်စုလက်ထက်မှာ စနစ်တစ်ခု ရှိတာပေါ့ဗျာ။ အောက်ခြေရပ်ကွက်တွေမှာ တာဝန်ရှိတဲ့သူတွေက အိမ်တစ်အိမ်မှာ ကိုဗစ် သံသယ လို့ သိလိုက်ပြီဆိုရင် ထိစပ်သူတွေပါ ကွာရတင်း ဝင်ရတယ်။ အဲဒီလို ဝင်ရတဲ့ အခါကျတော့ ရပ်ကွက်ထဲမှာ ကိုဗစ်ကိုထိန်းနိုင်တဲ့ အနေအထား ရှိတာပေါ့။ အဲဒီတုန်းက စနစ်တစ်ခုနဲ့ သွားတဲ့ အခါကျတော့ ရပ်ကွက်ကတဆင့် မြို့နယ်ကတဆင့် တိုင်းအထိ ဖိဖိစီးစီး သိုက်သိုက်ဝန်းဝန်း အုံ့အုံ့ကျစ်ကျစ် လုပ်လိုက်တဲ့အခါကျတော့ ပိုးပျံ့နှုန်းက မရှိသလောက်ကို ထိန်းနိုင်တာပေါ့။ အခုဟာက အနံ့မရတော့ဘူးလို့ပြောရင် ရပ်ကွက်မှာ တာဝန်ယူလုပ်ဆောင်ပေးမယ့်သူ မရှိဘူး။ဘယ်သူ့ သွားပြောလို့ ပြောရမှန်းမသိဘူး။အောင်စီဂျင် လိုအပ်လို့ ဆေးရုံသွားပို့ရမယ့် အနေထားမျိုးမှာလည်း ဆေးရုံပို့ဖို့က ခပ်လန့်လန့်ဗျ။ ဘယ်သူက တာဝန်ခံမှန်းလည်းမသိ သွားပို့ပြန်တော့လည်း  ဘယ်ကိုသွားပါ ၊ဘာကိုလုပ်ပါ ဆိုပြီး ညွှန်နေတာနဲ့တင် လူနာက အောင်စီဂျင် ပြတ်ပြီး သေဆုံးသွားတာ မျိုးတွေကြုံဖူးတယ်။" ဟု ၎င်း၏ အတွေ့အကြုံကို မျှဝေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေ အဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက Covid-19 ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ရန် COVAX အစီအစဉ်အပါအဝင် နည်းလမ်းမျိုးစုံမှ ဆောင်ရွက်လျှက်ရှိသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံနိုင်သော ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ရရှိရန် မျှော်မှန်းထားပြီး အဆိုပါ ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကာကွယ်ဆေးထိုးရာတွင် ဦးစားပေးမှုနှင့် သက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီကာကွယ်ဆေးကို ဖြန့်ဝေသွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင်လ ဒုတိယအပတ်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် ကိုဗစ်ရောဂါ စမ်းသပ်မှုများနှင့် ကုသရေးစင်တာများ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ရရှိနိုင်သော အရင်းအမြစ်များ၊စွမ်းဆောင်ရည်များကို ကြိုးစားဆောင်ရွက်လျှက်ရှိသည်။

လက်ရှိလည်ပတ်နေသော အောင်စီဂျင်စက်ရုံများ၊ပရဟိတ လုပ်ဆောင်နေသောသူများနှင့် ငွေကြေးတတ်နိုင်သူများ ပူးပေါင်းကာ အောင်စီဂျင် လုံလောက်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်နေသေးသည်ဟု တဝမေတ္တာ အောက်စီဂျင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးဆောင်ချမ်းအေး ကသတိပေးစကားဆိုသည်။

"သေလူတွေ ရှုလေရပ်ပေမယ့် ရှင်တဲ့သူတွေ ရှုလေမရပ်ရလေအောင် လျှပ်တစ်ပြက်အတွင်း အောင်စီဂျင်ပြတ် မသေဆုံးရအောင် အောင်စီဂျင်ထုတ်လုပ်နိုင်မယ့်အရေး လှူဒါန်းကူညီမှုတွေ လုပ်ပေးကြပါလို့ တတ်နိုင်တဲ့သူတွေ လှူဒါန်းစေချင်တယ်။စတုတ္ထလှိုင်းအတွက် အောင်စီဂျင် မခက်ရလေအောင် ပူးပေါင်းလုပ်ဆောင်သင့်တာတွေကို ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်" ဟု ဆိုသည်။

ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဖြစ်ပွားနေသည့်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းကာ ပြင်ဆင်ထားရန် လိုအပ်ပီး အိမ်နီးချင်းနိုင်ငံများ၏ ဖြစ်ပွားနေသည့် ပုံစံကိုလေ့လာ၍ စီမံ အုပ်ချုပ်နိုင်မှသာ ကိုဗစ် စတုတ္ထလှိုင်းဖြစ်လာမည်ဆိုပါက အသက်ဆုံးရှုံးမှုများ တားစီးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာ မြင့်မြင့်စိန် ကဆိုသည်။

"အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖြစ်ပွားနေတဲ့ လှိုင်းတွေကို သိနေပြီ ဆိုရင် ကျွန်မတို့က နိုင်ငံမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက တွက်ချက်ပြီးတော့ စီမံအုပ်ချုပ်မှုဆိုင်ရာတွေကို တိုက်တွန်းပြောဆိုထားရမယ်။ ပြောဆိုတဲ့အခါမှာ ဖြစ်ပွားမှုနှုန်းကို စောစောသိပြီးတော့ ပြင်ဆင်ထားနိုင်မယ််ဆိုရင် လိုအပ်ချက်တွေ ကသောင်းကနင်း မဖြစ်ဘဲနဲ့ ဆုံးရှုံးမှုတွေ အခုလို မဖြစ်လာနိုင်ဘူးလို့ ပြောချင်ပါတယ်။" ဟု သူ၏အတွေ့အကြုံနှင့် နှိုင်းယှဉ်ကာ သုံးသပ်ပြသည်။

ဖြစ်ပွားလာနိုင်ဖွယ်ရှိသော ကိုဗစ် စတုတ္ထလှိုင်း အတွက် ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေမည်ဖြစ်သော်လည်း မိမိတို့ တစ်ဦးချင်းကသာ မိမိကိုယ်ကိုအားကိုး သွားကြရမည် ဖြစ်ကြောင်း၊ယင်းသို့ တစ်ဦးချင်းအလိုက် ကိုဗစ်စည်းကမ်းများကို လိုက်နာမည်ဆိုပါက အောင်စီဂျင် လိုအပ်ချက်မှာ ကျဆင်းသွားနိုင်မည် ဖြစ်သည်။

"နှာခေါင်းစည်းတပ်တာက အောင်စီဂျင်ထက် ပိုအရေးကြီးလား ဆိုရင် အရေးကြီးပါတယ်၊ ဉပမာ နှာခေါင်းစည်း တပ်လိုက်ခြင်းအားဖြင့် အောင်စီဂျင် လိုအပ်မှု လျော့ကျသွားနိုင်တယ်၊ ဘာဖြစ်လို့လဲ ဆိုရင် ဗိုင်းရပ်စ် အကောင်အရေအတွက် ကျသွားတယ်ဆိုရင် ကိုယ်ထဲမှာ ပျက်စီးမှုက နည်းသွားမယ်။ ကိုယ်ထဲမှာ ပျက်စီးမှု နည်းသွားရင် အောင်စီဂျင် လိုအပ်မှုက နည်းသွားမယ် အဆုတ်ရောင်တာနည်းရင် အောင်စီဂျင်လိုအပ်မှု နည်းလာမယ်။ ဒီလိုမျိုး လုပ်လိုက်တာကြောင့် သိန်းချီကုန်မယ့်ဆေးတွေ၊ မရနိုင်မယ့် အောင်စီဂျင်တွေ ဒါတွေ အကုန်လုံး အတွက် ပြင်ဆင်ပြီးသား ဖြစ်တယ်လို့ ယူဆပါတယ်။ဒါကြောင့်မို့ ပြည်သူသည်သာ အဓိကပဲလို့ ကျွန်မ ပြန်ပြီးတော့ ပြောချင်ပါတယ်။ အဲဒါကိုပဲ ကျွန်မတို့ လုပ်သင့်တယ်။ အိမ်တစ်အိမ်မှာ လူတစ်ယောက် ကူးစက်ခံရပြီ ဆိုရင်ကြောက်လန့်ပြီးတော့ သူ့ကိုပဲ မဲပြီးလုပ်ပေးနေတဲ့အခါမှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မေ့သွားတယ်။ဒီလူက ပျောက်သွားတဲ့ အခါဖြစ်စေ သေသွားတဲ့အခါဖြစ်စေ ကျန်တဲ့သူတွေ ဆက်ဖြစ်ကြတယ်ပေါ့။ ဒါက ပလိုင်းပေါက်နဲ့ငါးကောက် သလိုဖြစ်နေတာပေါ့နော်။ ဒါတွေကို ပြည်သူတွေ လိုက်နာလုပ်ဆောင် နိုင်ဖို့ဆိုရင် အရည်အချင်းရှိတဲ့ အစိုးရ တစ်ရပ်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်" ဟု ဒေါက်တာ ဒေါ်မြင့်မြင့်စိန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required