ကယ်လီဖိုးနီးယားသေနတ်သမားမှာ ဂျီဟတ်များကိုထောက်ခံကြောင်း ဖေ့စ်ဘုတ် သူငယ်ချင်းများထံ မက်ဆေ့ချ်ပို့ခဲ့ဟုဆို

ကယ်လီဖိုးနီးယားသေနတ်သမားမှာ ဂျီဟတ်များကိုထောက်ခံကြောင်း ဖေ့စ်ဘုတ် သူငယ်ချင်းများထံ မက်ဆေ့ချ်ပို့ခဲ့ဟုဆို

ဝါရှင်တန်၊ ဒီဇင်ဘာ - ၁၅ ။            ။ ဆန်ဘာနာဒီနို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပစ်ခတ်သူတစ်ဦးဖြစ်သည့် တက်ရှဖင်းမာလစ်က ၂၀၁၂ခုနှစ်နှင့် ၂၀၁၄ခုနှစ်များတွင် ပါကစ္စတန်မှ သူငယ်ချင်း အုပ်စုတစ်စုသို့ ပေးပို့ခဲ့သော ဖေ့စ်ဘုတ်မက်ဆေ့ချ်များတွင် အစ္စလာမ်ဂျီဟတ်များကို ထောက်ခံကြောင်းနှင့် တစ်နေ့နေ့တွင် အိုင်အက်စ်အုပ်စုနှင့် ဆက်သွယ်ပူးပေါင်း တိုက်ခိုက်ဖို့ မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါသတင်းစာက ဥပဒေစိုးမိုးရေး ထိပ်တန်းအရာရှိများကို ကိုးကားဖော်ပြချက်အရ မာလစ် (၂၉နှစ်)မှာ ကေ-၁ စေ့စပ်ဗီဇာဖြင့ အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်မလာမီတွင် မက်ဆေ့ချ်များကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူမနှင့် ခင်ပွန်းသည် ဆာယစ် ရစ်ဇဝမ် ဖာရုတို့နှစ်ဦးမှာ နိုင်ငံခြား စစ်သွေးကြွအဖွဲ့အစည်းများနှင့် တိုက်ရိုက် အဆက်အသွယ်ရှိမရှိနှင့် လူ၁၄ဦးသေဆုံးခဲ့ရသည့် ဒီဇင်ဘာ ၂၇က်နေ့ တိုက်ခိုက်မှုကို လုပ်ဆောင်ရန် ညွှန်ကြားခံရခြင်းရှိမရှိကို စုံစမ်းစစ်ဆေးနေသည့် အက်ဖ်ဘီအိုင်အေးဂျင့်များက မာလစ်၏ မက်ဆေ့ချ်များကို ပြန်လည်စစ်ဆေးတွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

မာလစ်၏ ဖေ့စ်ဘုတ်မက်ဆေ့ချ်များပ ပထမဆုံးအကြိမ်ဖြစ် ညွှန်ပြနေသည်မှာ မာလစ်တစ်ယောက် အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ မလျှောက်ထားမီကပင် သူမမှာ အန္တရာယ်ပေးနိုင်သည့် အလားအလာရှိသည်ကို ဖော်ပြနေသည့် လူမှုမီဒီယာမှ သတိပေးချက်များကို အမေရိကန် ဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေးအရာရှိများက သတိမထားမိခဲ့ကြသည့် အချက်ပင်ဖြစ်သည်ဟု သတင်းစာက ရေးသားခဲ့သည်။

ဆန်ဘာနာဒီနိုတိုက်ခိုက်မှုနောက်ပိုင်းတွင် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသည့် နိုင်ငံခြားသားများ၏ လူမှုမီဒီယာလှုပ်ရှားမှုများကို စိစစ်သည့် နည်းစဉ်တစ်ရပ်ကို အမေရိကန်အစိုးရက စမ်းသပ်နေကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားလာပြီးနောက်တွင် လော့စ်အိန်ဂျလိစ်တိုင်းမ်၏ သတင်းထွက်ပေါ်လာခဲ့ဲခြင်းပင် ဖြစ်သည်။

လော့စ်အိန်ဂျလိစ်တိုင်းမ်၏ သတင်းအရ အရာရှိတစ်ဦးကဆိုလျှင် မာလစ်၏ မက်ဆေ့ချ်များကို သူငယ်ချင်းများနှင့် သာမန် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုဟုသာ သဘောထားခဲ့သည်ဟု ဆိုသည်။ ပါကစ္စတန်နိုင်ငံသုံးဘာသာစကား အူရဒူနဲ့ ရေးထားလို့ သူငယ်ချင်းတွေဆီပို့တဲ့ သာမန်မက်ဆေ့ချ်ပဲလို့ ယူဆခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒုတိယအရာရှိတစ်ဦးကလည်း မာလစ်က မိမိသဘောအလျောက် အစ္စလာမ် စစ်သွေးကြွတစ်ဦးဖြစ်လိုသည့် သူမ၏ ဆန္ဒကို ဖော်ပြသည့် ပို့စ်တစ်ခုလည်း တင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags