လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ဗီယက်နမ်က အကျဥ်းသား ၃,၀၀၀ ကို လွှတ်ပေးမည်

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ဗီယက်နမ်က အကျဥ်းသား ၃,၀၀၀ ကို လွှတ်ပေးမည်

နိုင်ငံရဲ့ လွတ်လပ်ရေး နှစ်ပတ်လည်နေ့မတိုင်မီ အကျဥ်းသား ၃,၀၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမှာ ဖြစ်ကြောင်း ဗီယက်နမ်က သြဂုတ် ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးမှုနဲ့ အခြား ပြစ်မှုတွေအတွက် အကျဥ်းကျခံနေရတဲ့ အကျဥ်းသားတွေ ယခု ပြစ်ဒဏ်ကနေ စောစီးစွာ ပြန်လွတ်မယ့် စာရင်းထဲမှာ ပါဝင်နေသလို ဒီစာရင်းမှာ နိုင်ငံခြားသား ၂၁ ဦးလည်း ပါ တယ်လို့ ဗီယက်နမ်ရဲ့ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး လီ ချိုဟန်းက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား ဘယ်နှစ်ယောက် ပြန်လွတ်မလဲ ဆိုတာကို ပြောကြားဖို့ ဟန်းက ငြင်းဆန်ခဲ့သလို ဗီယက်နမ်မှာ နိုင်ငံရေး စွဲချက်တွေနဲ့ အကျဥ်းသားတွေ မရှိဘူးလို့ ၎င်းက အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါ‌ပေမယ့် ကွန်မြူနစ် ဗီယက်နမ်နိုင်ငံရဲ့ အကျဥ်းထောင် သံတိုင်တွေ နောက်မှာ ယခုနှစ် မေလအထိ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃၀ ဦးကျော် ရှိတယ်လို့ Human Rights Watch က ပြောပါတယ်။ ယင်းနိုင်ငံဟာ အစိုးရအပေါ် ဝေဖန်သူတွေ၊ အစိုးရနဲ့ အမြင်သဘောကွဲလွဲသူတွေအပေါ် ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ချမှတ်မှုအတွက် သတင်းတွေ ရှိထားပါတယ်။

မကြာ‌‌သေးခင် နှစ်တွေအတွင်း တရားသေ အယူစွဲကိုင်ထားတဲ့ ဗီယက်နမ်အစိုးရဟာ အမြင်သဘောကွဲသူတွေနဲ့ ဝေဖန်သူတွေ၊ အထူးသဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ် ပို့စ်တင်သူတွေအပေါ် နှိမ်နင်းဖို့ ကြိုးပမ်းထားခဲ့ပါတယ်။

ယင်းနိုင်ငံဟာ လွတ်လပ်တဲ့ မီဒီယာသတင်းဌာနအားလုံးကို ပိတ်ပင်ထားပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ၂၀၂၀ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံ ၁၈၀ အနက် ဗီယက်နမ်ဟာ ၁၇၅ ခုမြောက်မှာ ရပ်တည်နေခဲ့ပါတယ်။

သမ္မတရုံးက ထုတ်ပြန်ရာမှာတော့ ဒါဟာ လေးနှစ်အတွင်း ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးမှု ဖြစ်ကြောင်းနဲ့ စက်တင်ဘာ ၁ ရက်ကစလို့ အကျဥ်းသားတွေ စလွှတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဗီယက်နမ်ရဲ့ အကျဥ်းထောင် သံတိုင်တွေနောက်မှာ အကျဥ်းသား ၁၀၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly