အမေရိကန်ရဲ့ အရှုံးက အခြား ကျူးကျော်သူတွေအတွက် သင်ခန်းစာပဲလို့ တာလီဘန် ပြော

အမေရိကန်ရဲ့ အရှုံးက အခြား ကျူးကျော်သူတွေအတွက် သင်ခန်းစာပဲလို့ တာလီဘန် ပြော

အာဖဂန်နစ္စတန်ကို ကျူးကျော်မယ့်သူတွေအနေနဲ့ ဒီကနေ့မှာ အမေရိကန် ကြုံလိုက်ရတာမျိုးနဲ့ ရင်ဆိုင်ကြရလိမ့်မယ်ဆိုပြီး တာလီဘန်ပြောခွင့်ရသူ ဇာဘီဟူလက်ရှ် မူဂျာဟစ်က ကဘူးလ်လေဆိပ် ပြေးလမ်းပေါ်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ 

အမေရိကန်ရဲ့ နောက်ဆုံးပိတ် တပ်တွေ နိုင်ငံကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာ အခုလို ပြောဆိုတာဖြစ်ပေမယ့် အစ္စလာမ္မစ် သဘောထားတင်းမာတဲ့ တာလီဘန်တွေဟာ အုပ်ချုပ်ရေးမှာ ပိုပြီး လမ်းဖွင့်ပေးမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းပြောဆိုပါတယ်။  

“အာဖဂန်နစ္စတန် အစ္စလာမ္မစ်နိုင်ငံအနေနဲ့ သံခင်းတမန်ခင်းကနေ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားပါတယ်”လို့ မူဂျာဟစ်က ဆိုပါတယ်။ 

အမေရိကန်ဟာ နှစ်နှစ်ဆယ်ကြာ စစ်ပွဲကို အဆုံးသတ်ပြီး အာဖဂန်ကနေ နောက်ဆုံးတပ်တွေ ထွက်ခွာသွားပြီးတဲ့နောက်မှာ တာလီဘန်တွေဟာ သေနတ်သံတွေ၊ သံခင်းတမန်ခင်းတွေနဲ့အတူ အာဏာအလုံးစုံ သိမ်းပိုက်လိုက်ပြီး အောင်ပွဲခံကြပါတယ်။ 

တာလီဘန်လက်အောက်မှာ အသက်ဘေး စိုးရိမ်နေရသူပေါင်း ၁၂၃၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့ရတဲ့ စိုးရိမ်မှုတွေကြားက လေကြောင်းကယ်ထုတ်မှုလုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲခဲ့ရာ ကဘူးလ်လေဆိပ်ကို အမေရိကန်တပ်တွေ စွန့်လွှတ်ထားရစ်ခဲ့တဲ့ တနင်္လာနေ့ ညပိုင်းမှာပဲ အမေရိကန်ရဲ့ ရေရှည်စစ်ပွဲဟာ အဆုံးသတ်ခဲ့ပါတယ်။ 

ဒီနောက်မှာ တာလီဘန်တိုက်ခိုက်ရေးသမားတွေက လေဆိပ်ထဲ အလျင်အမြန်ဝင်ရောက်ပြီး အောင်ပွဲခံဂုဏ်ယူဝင့်ကြွားကြတဲ့အနေနဲ့ မိုးပေါ်ကို သေနတ်တွေ ပစ်ဖောက်ကြပါတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန်တပ်တွေ ကျူးကျော်ဝင်ရောက်ပြီး အယ်လ်ခိုင်ဒါကို ထောက်ပံ့မှုကြောင့် ဖြုတ်ချခံရတဲ့ တာလီဘန်တွေရဲ့ အံ့အားသင့်စဖွယ် တစ်ကျော့ပြန် အာဏာပြန်လည် ရရှိမှုပဲ ဖြစ်ပါတော့တယ်။ 

“အာဖဂန်နစ္စတန်ကို ဂုဏ်ပြုပါတယ်၊ ဒီ အောင်ပွဲဟာ ကျွန်တော်တို့အားလုံးရဲ့ အောင်ပွဲပါ”လို့ ပြောခွင့်ရသူ မူဂျာဟစ်က ဆိုပါတယ်။ 

တာလီဘန်တွေရဲ့ အောင်ပွဲဟာ အခြားကျူးကျော်သူတွေအတွက် သင်ခန်းစာတစ်ရပ်ပဲလို့လည်း သူက ဆိုပါတယ်။ 

အာဖဂန် ပြည်သူအများစုကတော့ တာလီဘန်တွေရဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအပေါ် ပြုမူဆက်ဆံတဲ့ နာမည်ဆိုးနဲ့ ရက်စက်တဲ့ တရားစီရင်ရေးစနစ်တွေ ကျင့်သုံးအုပ်ချုပ်ခဲ့တဲ့ ၁၉၉၆ မှ ၂၀၀၁ ခုနှစ် တာလီဘန်အုပ်ချုပ်ရေး တစ်ကျော့ပြန်လာမှာကို တုန်လှုပ်ခြောက်ခြားလျက် ရှိနေကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly