COVID-19 ကြောင့် ဖိလစ်ပိုင်မှာ ‘လိင်တံထိပ် အရေးပြား ဖြတ်တဲ့ ရာသီ’ နောက်ကျပြီးမှ ပြုလုပ်

COVID-19 ကြောင့် ဖိလစ်ပိုင်မှာ ‘လိင်တံထိပ် အရေးပြား ဖြတ်တဲ့ ရာသီ’ နောက်ကျပြီးမှ ပြုလုပ်

ဖိလစ်ပိုင်နိုင်ငံက ကက်စပင်း ဂရူတာဆိုတဲ့ လူပျိုဖော်ဝင်စ ကောင်လေးဟာ လိင်တံထိပ် အရေးပြား မဖြတ်ရသေးတဲ့အတွက် စနောက်လှောင်ပြောင်ခံနေခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ မီးတောင်ပေါက်ကွဲမှုရယ်၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရယ်ကြောင့် ဂရူတာအနေနဲ့ ရိုးရာဓလေ့ထုံးစံအရ လိင်တံထိပ် အရေးပြားကို ဖြတ်တောက်ဖို့အတွက် တစ်နှစ်ကျော်မက နောက်ကျနေခဲ့တာကြောင့်ပါ။ 

“ခုထိ ကျွန်တော် လိင်တံထိပ် အရေပြား မဖြတ်တောက်ရမှာ စိုးရိမ်ပူပန်နေမိတယ်၊ ကျွန်တော် အရှက်ရပြီး နေနေရမှာပဲ”လို့ ဂရူတာက ပြောပါတယ်။ 

ဖိလစ်ပိုင်မှာ ဓလေ့ထုံးတမ်းအရ ယောက်ကျားလေးတွေဟာ လိင်တံထိပ် အရေးပြားကို ဖြတ်တောက်ကြရပါတယ်။ ရာစုနှစ်တွေများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဒီ ဓလေ့ထုံးစံဟာ အရွယ်ရောက် လူကြီးအဖြစ် ရောက်ဖို့ ယောက်ကျားလေးတွေအတွက် အဓိက လုပ်ဆောင်ရမယ့် အရာလို့ တော်တော်များများက ရှုမြင်ယူဆကြတာပဲ ဖြစ်ပါတယ်။ အဲဒီ ရှေးရိုးဓလေ့ကြေင့် ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လိင်တံထိပ် အရေပြား ဖြတ်တောက်မှု အမြင့်မားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေတော့ပါတယ်။  

အချို့ ဝေဖန်သူတွေက ‘ကလေးသူငယ် အလွဲသုံးစားပြုကျင့်မှု’အဖြစ် တံဆိပ်ကပ်ကြတာနဲ့အတူ အခြားသော ဒေသတွေမှာ လိင်တံထိပ် အရေပြား ဖြတ်တောက်တာတွေအပေါ် စေ့စေ့စပ်စပ် စိစစ်တာမျိုးတွေ တိုးပြီး လုပ်ဆောင်လာတဲ့တိုင်အောင် ဖိလစ်ပိုင်မှာကတော့ ဒီ ကိစ္စကို မေးခွန်းထုတ်တာမျိုးတောင် ရှားရှားပါပါးပါပဲ။ လိင်တံထိပ် အဖြတ်ခံဖို့ ယောက်ကျားလေးတွေအတွက် ကြီးမားတဲ့ ဖိအားတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်းမှာ အစိုးရနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ ဆေးခန်းတွေမှာ လူပျိုဖော် ဝင်ကာနီးစ ယောက်ကျားလေး ထောင်ပေါင်းများစွာဟာ လိင်တံထိပ် အရေပြား ဖြတ်တောက်ခံကြရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပေါ်ပေါက်တာကြောင့် သိမီသလောက် ကာလအတွင်း ပထမဆုံးအဖြစ် ‘လိင်တံထိပ် အရေပြား ဖြတ်တဲ့ ရာသီ’ကို ပယ်ဖျက်ခဲ့ရပါတော့တယ်။ ဒီအတွက် ဂရူတာတို့လို ယောက်ကျားလေးတွေအတွက် အထင်ကရမှတ်တိုင်ဟာ နှောင့်နှေးကြန့်ကြာသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

လိင်တံထိပ် အရေပြား မဖြတ်ရသေးဘဲ နေနေကြရတဲ့ ယောက်ကျားလေးတွေဟာ သူတို့ရဲ့ ဆွေမျိုးသားချင်း အမျိုးသားတွေနဲ့ သူငယ်ချင်းတွေရဲ့ကြား စနောက်လှောင်ပြောင်ခံရရင်း နေနေကြရပါတယ်။ 

ဒါပေမဲ့ မေလကစလို့ အခမဲ့ လိင်တံထိပ် အရေပြား ဖြတ်ပေးခြင်း ဝန်ဆောင်မှုကို ပြည်နယ်အနည်းငယ်မှာ တစ်ဖြည်းဖြည်း ပြန်လည်စတင်လာခဲ့ပါတယ်။ မနီလာတောင်ပိုင်း ဆီလန်းအရပ်မှာ ဘတ်စကက်ဘောကွင်းကို အသုံးပြုထားတဲ့ ယာယီဆေးခန်းမှာ တန်းစီစောင့်ဆိုင်းခဲ့ကြတဲ့ အတော်အရွယ်ရောက်ပြီဖြစ်တဲ့ ယောက်ကျားလေး တော်တော်များများမှာ ဂရူတာလည်း ပါဝင်ခဲ့ပါတယ်။ 

“ကျွန်တော် ခုဆိုရင် ဖိလစ်ပိုင်သားစစ်စစ်အဖြစ် ခံစားချက် ရှိလာပြီ၊ ဘာကြောင့်လည်းဆိုတော့ ဖိလစ်ပိုင်သားတိုင်း လုပ်ရတဲ့ လိင်တံထိပ် အရေပြား ဖြတ်တောက်ခံပြီးသွားလို့ပဲ”လို့ မိနစ် ၂၀ ကြာမြင့်တဲ့ လိင်တံထိပ် အရေပြား ဖြတ်တောက်မှုအပြီးမှာ ဂရူတာက ပြောခဲ့ပါတယ်။ 

အပြင်မှာ ငွေကြေးနဲ့ လိင်တံထိပ် အရေပြား ဖြတ်တောက်မယ်ဆိုရင် ပီဆို ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၄၀) ကုန်ကျမှာ ဖြစ်တာကြောင့် ဒီ ငွေကြေးပမာဏဟာ အလုပ်သမားတော်တော်များများရဲ့ တစ်လစာ လစာထက်တောင် ပိုများတဲ့ ငွေကြေးဖြစ်ပါတယ်။ 

ဒါကြောင့် ဂရူတာတို့လို ပုဂ္ဂလိကဆေးရုံမှာ တက်ရောက်ဖြတ်တောက်ဖို့ မတတ်နိုင်ကြသူတွေအတွက် ခုလို အခမဲ့ ဖြတ်တောက်ပေးတဲ့ ဝန်ဆောင်မှုကာလ ‘လိင်တံထိပ် အရေပြား ဖြတ်တဲ့ ရာသီ’ကို စောင့်ဆိုင်းနေခဲ့ကြရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly