AA ရဲ့ နိုင်ငံရေးဩဇာ ဘယ်လောက် ပေါက်ရောက်ပြီလဲ

By ဝေယံမိုးမြင့်
31 August 2021
AA ရဲ့ နိုင်ငံရေးဩဇာ ဘယ်လောက် ပေါက်ရောက်ပြီလဲ

ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းတွေကို အပစ်ရပ်စဲထားတဲ့ ရခိုင်တပ်တော်၊ ရခိုင်အမျိုးသား အဖွဲ့ချုပ် (AA/ ULA) က စတင်လုပ်ဆောင်နေသလို ခရိုင်အဆင့် တရားရုံးတွေကိုပါ ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။

AA ရဲ့ ဩဂုတ်လ ၁ ရက်နေ့က တရားဝင် ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်အတွင်း အမှုအခင်း ကိစ္စရပ်တွေအတွက် ULA ရဲ့ တရားရေးဌာနကို အီးမေးလ်ကဖြစ်စေ ၊ တယ်လီဂရမ်က ဖြစ်စေ ၊ VK ကနေဖြစ်စေ တိုင်ကြားနိုင်တယ်ဆိုတဲ့ အချက်ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းကို ထဲထဲဝင်ဝင် ယူလာတဲ့ AA ရဲ့ ခြေလှမ်းကို ပိုမြင်သာစေပါတယ်။

တရားစီရင်ရေး ခြေလှမ်း

ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA အနေနဲ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေအကြံပေးအရာရှိတွေ  ခန့်အပ်ထားပြီး ရပ်ကျေး၊ တိုက်နယ်အဆင့်တွေအထိ လုပ်ဆောင်နေပြီလို့ သြဂုတ်လ ၁၅ ရက်နေ့ က အာရက္ခမြေ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့မှာ တရားရုံး၊ တရားရေးဌာန ဖွဲ့စည်းပုံရှိပါတယ်။ ရပ်ကျေးအဆင့် ကိစ္စတွေကို ဘယ်လို ဆောင်ရွက်မယ်၊ ကျေးရွာအဆင့်၊ တိုက်နယ်အဆင့်ပေါ့နော်။ မြို့နယ်အဆင့်ကျတော့ မြို့တွေကိုဝင်ပြီးတော့ သိမ်းထားတာမရှိသေးဘူး။ ဒါပေမယ့် မြို့တွေကို သြဇာလွှမ်းမိုးထားတာ ရှိတယ်။ ပြီးတော့ စစ်ဒေသတွေရှိတယ်။ စစ်ဆင်ရေးနဲ့  အုပ်ချုပ်ရေးက တွဲပြီးတော့ ဖြစ်နေတယ်။ ပုံမှန် စနစ်တကျဆိုရင်တော့ အုပ်ချုပ်ရေးဟာ အုပ်ချုပ်ရေးရှိပြီး၊ စစ်ဆင်ရေးဟာ စစ်ဆင် ရေးရှိရမယ်။ အခုကတော်လှန်ရေးကာလဖြစ်တယ်။ ၇၅ ရာခိုင်နှုန်းလောက် ခရီးရောက်ပေမယ့် အားလုံးကို မထိန်းချုပ်နိုင်သေးတာနဲ့ အရေးကြီးတဲ့ အပိုင်းတွေကို သူများက ထိန်းချုပ်တုန်းပဲ ရှိသေးတယ် ”လို့ သူက ဖြေကြားထားပါတယ်။

တော်လှန်ရေးကာလမှာ ပထမဆုံး လစာရမယ့်သူတွေဟာ တရားရေးဌာနဖြစ်ပြီး မကြာခင် ပေးသွားဖို့  ရှိတယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုထားပါတယ်။

ပြည်နယ်တွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပတ်သတ်ပြီး ဇူလိုင်နဲ့ ဩဂုတ်လထဲမှာပဲ AA က အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

မင်းပြားမြို့နယ်၊ရွှေတမာအုပ်စု၊ လက်မ မွတ်စလင်ကျေးရွာ အနီးအနား ဝန်းကျင် ကျေးရွာတွေမှာ  ခိုးဆိုးလုယက်တာတွေ ရှိနေတယ်လို့ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်က မွတ်စလင် အသိုင်းအဝိုင်းက ရက္ခိုင့်တပ်တော် AA ကို တိုင်ကြားခဲ့လို့ AA က အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဇူလိုင်လ တတိယပတ်မှာ စစ်ဆေး အရေးယူမှုတွေ လုပ်ခဲ့ပြီး လက်မရွာမှာရှိတဲ့ လုယက်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့ပြီး မဆိုင်တဲ့သူတွေကို သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဧရာဝတီသတင်းဌာနကို ပြောကြားထားပါတယ်။

ပြည်နယ်တွင်း နယ်မြေစိုးမိုးနိုင်မှု

ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ရရေးတွေအတွက် ဧပြီ ၁၀ ရက်၊ ၂၀၀၉ ခုနှစ် က စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင်တပ်တော် AA ဟာ ဇွန် ၉ ရက်၊ ၂၀၁၁ ခုနှစ်က စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေစတင်ခဲ့ပြီး နယ်မြေစိုးမိုးခွင့်ကို ခြေကုတ်ရယူခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ မောင်တော စတဲ့မြို့နယ်တွေမှာ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီး တရားစွဲဆိုမှုတွေ လုပ်ခဲ့တာ ကြောင့် အုပ်ချုပ်ရေးမှုး အများစုဟာ နုတ်ထွက်ထားကြပါတယ်။ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြပါ ဇယားမှာ တွေ့နိုင်ပါတယ်။

အဲ့ဒီလို အုပ်ချုပ်ရေးယန္တရား လစ်ဟာနေခဲ့တဲ့ အခြေအနေမှာ AA ဟာ ဝင်ရောက်နေရာယူခဲ့ပြီး သူတို့ ထိန်းချုပ်ရာ ကျေးလက်ဒေသတွေမှာ ULA/ AA အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါတယ်။
 
ရခိုင် မြောက်ပိုင်းမြို့နယ်တွေကို ခြေကုတ်မှု ရယူထားနိုင်ခဲ့တဲ့ AA ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလက စတင်ပြီး ပြည်နယ်တွင်း အုပ်ချုပ်မှုယန္တရားကို ကျယ်ကျယ် ပြန့်ပြန့် တည်ထောင်လာခဲ့ပါတယ်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း ရခိုင်ပြည်နယ် နေအိမ်တွင်း နေထိုင်ရေး ( Stay at Home) အစီအစဉ်ကို အာဏာသိမ်း စစ်တပ်ရဲ့ အမိန့်နဲ့ မဟုတ်ပဲ AA က သီးခြား သတ်မှတ်ဆောင်ရွက်ခဲ့တာ၊ AA   ရဲ့ ထုတ်ပြန်ချက်တွေကို ရခိုင်လူထုက လိုက်နာမှု ရှိကြတာတွေကို ကြည့်ရင် ပြည်နယ်တွင်း အုပ်ချုပ်ရေးယန္တရားမှာ AA ရဲ့ ဩဇာ လွှမ်းခြုံလာနိုင်မှုကို တွေ့ရပါတယ်။

ဇူလိုင် ၂၀ ရက်နေ့က စတင်ခဲ့တဲ့ ပြည်နယ်တွင်း ကိုဗစ် ကန့်သတ်မှု တွေကို  သြဂုတ်လ ၂၅ ရက်နေ့အထိ တတိယ အကြိမ်မြောက် ထပ်တိုး ကန့်သတ် ထုတ်ပြန်ခဲ့တာပါ။

AA ရဲ့ စိုးမိုးနိုင်မှုဟာ မြောက်ပိုင်းမြို့နယ်တွေအပြင် တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ ၊တောင်ကုတ်၊ သံတွဲ စတဲ့မြို့နယ်တွေအထိ ဖြန့်ကျက်လာနေတယ်လို့ ရခိုင် ဒေသခံတွေက ဆိုပါတယ်။

“ရခိုင်က ပထဝီအနေအထားအရ ရှည်မျောမျော ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးအရလည်း တောင်ပိုင်းနဲ့ မြောက်ပိုင်းက နည်းနည်းလှမ်းတယ်။ အခု AA အုပ်ချုပ်နိုင်နေတဲ့ နေရာက မြောက်ပိုင်းဘက်မှ ပိုပြီး အုပ်မိတယ်။ တောင်ပိုင်းကျတော့ ပေါ်ပေါ်တင်တင်မဖြစ်သေးဘူး။ ဒါပေမယ့် တောင်ကုတ်မြို့နယ်အပိုင် (သံတွဲနဲ့  ၂ နာရီလောက် မောင်းရင် ရောက်တဲ့ တချို့ ကျေးရွာတွေ) မှာတော့ နည်းနည်း စနေတာ မနှစ်ကတည်းကပဲ ” လို့ သံတွဲမြို့ ဒေသခံ မမွန်မွန်က ပြောပါတယ်။

AA စစ်ဦးစီးချုပ်က အုပ်ချုပ်ရေးကဏ္ဍမှာ ပြည်နယ်တွင်းက မွတ်စလင်အသိုင်းအဝိုင်းကိုပါ ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ AA အပေါ် သဘောထား

စစ်တပ်နဲ့ AA တို့ဟာ ၃ နှစ်နီးပါးကြာ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ သဘောတူညီချက် တစုံတရာ မရှိပဲ တိုက်ပွဲတွေ ရပ်စဲလိုက်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ယာယီအပစ်အခတ် ရပ်စဲထားတာကလွဲလို့ တစ်စုံတစ်ရာ နိုင်ငံရေးအရ အပေးအယူ၊ ကတိကဝတ် စာချုပ်စာတမ်းတွေ ဒီနေ့အထိ မရှိသေးဘူးလို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောထားပါတယ်။

AA အနေနဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့လိုလားပေမယ့် တခြား တစ်ဘက်ကတော့ စစ်ရေးအရ ရန်လိုမှုတွေကို ပြတာတွေရှိသလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်း တွေကိုလည်း လက်မခံဘဲ ကန့်ကွက်တာတွေကို အခါခါကြုံနေရတယ် လို့လည်း ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာသိမ်း စစ်ကောင်စီဟာ လက်တလော အခြေအနေအရ AA ကို လွှတ်ပေးထားတာလို့ မြင်ရပြီး သူတို့ လက်မခံနိုင်တော့တဲ့အထိ ဖြစ်လာရင် ရခိုင်မှာ စစ်မီးပြန်တောက်လာနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။

“ အစိုးရတရပ်ရဲ့ လုပ်ငန်းတွေကို လုပ်နေတာ စစ်ကောင်စီက ဆက်လက်သည်းခံနိုင်မလားဆိုတာ စဉ်းစားစရာပေါ့။ ဒီပြသနာကို ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ ရခိုင်အုပ်ချုပ်ရေးအဖွဲ့တွေက တုန့်ပြန်စီစဉ်နေတာတွေလည်း တွေ့ရပါတယ်။ စစ်ကောင်စီဟာ ဖက်ဒရယ်ဆိုတာကိုတောင် နာမည်အရသာ လက်ခံထားတာ သီးခြားခွဲထွက်ဖို့ဆိုတာ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ ရခိုင်ရဲ့ တည်ငြိမ်မှုဟာ မကြာခင်မှာ ပြိုကွဲသွားမယ်"လို့  သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA အဖွဲ့က အုပ်ချုပ်ရေးယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ RFA သတင်းဌာနကို ဖြေဆိုထားပါတယ်။

လက်တလောအနေနဲ့ ဆိုရင် ရခိုင်ပြည်နယ်မှာ AA ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သတင်းပေးဖို့ကြဖို့ ကျောက်ဖြူမြို့က အုပ်ချုပ်ရေးမှုးတွေကို အခု ဩဂုတ် ၂၃ ရက်မှာ စစ်တပ်က  ခေါ်ယူသတိပေးတာတွေ ရှိတယ်လို့ မြန်မာနောင်းသတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ခွဲထွက်မလား

သြဂုတ်လ ၁၅ ရက်နေ့က ဖြေကြားထားတဲ့ ရခိုင့်တပ်တော် စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးမှာ ရခိုင်နိုင်ငံ၊ အာရက္ခနိုင်ငံဆိုပြီး ပြောဆိုသုံးနှုန်းသွားခဲ့သလို တိုင်းပြည်တည်ဆောက် ရေး နိုင်ငံတည်ဆောက်ရေးကို စတင် လုပ်ဆောင်နေပြီလို့ ဖြေဆိုသွားခဲ့ပါတယ်။

ဒီလိုဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖေသန်းက “တချိန်ကတော့ သူက “ဝ” လိုဖြစ်ချင်တယ်ဆိုတာမျိုး ပြောခဲ့တာရှိပေမယ့် အခုကတော့ သူ့ဖက်က တလှမ်းကျော်သွားတာလားပေါ့။ သူ့ဖက်က အဲ့လိုလုပ်ဖို့ (ခွဲထွက်ဖို့) ဆန္ဒရှိနေတယ် ဆိုတာကို တွေ့နေရတယ်။ မြင်နေရတယ်” လို့ ပြောပါတယ်။

ကိုယ့်မင်းကိုယ့်ချင်းနဲ့ ကိုယ့်တိုင်းပြည်အဖြစ် နေထိုင်ခဲ့တဲ့ ရခိုင်လူမျိုးတွေဟာ လက်ရှိအချိန်မှာ ULA /AA ရဲ့ ခွဲထွက်ဖို့ လုပ်ဆောင်နေမှုကို ရာနှုန်းပြည့်နီးပါး သဘောတူလက်ခံနေတာ တွေ့မြင် နေရတယ်လို့ သူက ဆိုပါတယ်။

ခွဲထွက်ဖို့ဟာ “အဆုံးပိတ် ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် အဲ့ဒီလမ်းကို ရောက်သွားမှာပါ” လို့ ဦးဖေသန်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly