အေသင်မြို့တွင် အာဖဂန်ဆန္ဒပြသူများက ကမ္ဘာကြီးဆီမှ ငြိမ်းချမ်းရေးလိုလားကြောင်း တောင်းဆို

အေသင်မြို့တွင် အာဖဂန်ဆန္ဒပြသူများက ကမ္ဘာကြီးဆီမှ ငြိမ်းချမ်းရေးလိုလားကြောင်း တောင်းဆို

ရာနှင့်ချီသော အာဖဂန်လူမျိုးများသည် အေသင်မြို့ရှိ အမေရိကန်သံရုံးသို့ သြဂုတ်လ ၂၈ရက်က ချီတက် ခဲ့ကြပြီး “အာဖဂန်နစ္စတန်မှာ သွေးမြေကျနေပြီ၊ ငါတို့မြေကို မထိနဲ့” ဟု ဖော်ပြထားသည့် စာတမ်းများ ကိုင်ဆောင်ကာ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုခဲ့ကြသည်။

တာလီဘန်များက အာဖဂန်ကို သြဂုတ်လအစောပိုင်းတွင် သိမ်းပိုက်ပြီးနောက် အမေရိကန်တပ်ဖွဲ့များသည် သမ္မတဂျိုးဘိုင်ဒင်က သတ်မှတ်ထားသော သြဂုတ်လ ၃၁ရက် နောက်ဆုံးထားပြီး အမေရိကန်နှင့် မဟာမိတ်များက ယင်းတို့၏ နိုင်ငံသားများနှင့် အားနည်းသောအာဖဂန်နိုင်ငံသားများကို လေယာဉ်ဖြင့် ၂ ပတ်ကြာ အလျင်အမြန် ကယ်ထုတ်လျှက်ရှိသည်။

အာဖဂန်နစ္စတန်တွင် နှစ်ပေါင်း ၂၀ ကြာ စစ်ရေးအခြေစိုက်ပြီး အဆုံးသတ်ခါနီးတွင် သြဂုတ်လ ၂၆ရက်က ကဘူးလ်လေဆိပ်အပြင်ဘက်၌ လူအများအပြားသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲမှုနောက် အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရေးပြုလုပ်ရန်ကြံစည်နေသည့် အစ္စလာမ္မစ်နိုင်ငံတော်စစ်သွေးကြွ ၂ ဦးကို သတ်ပြစ်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ စစ်နဲ့ အကြမ်းဖက်မှုကို ငြီးငွေ့နေပါပြီ၊ အလောင်းတွေ မြင်ရတာလဲ ငြီးငွေ့နေပါပြီ။ ကျွန်တော်တို့ အားလုံးအတူတကွဒီကိုလာကြတယ်၊ ကမ္ဘာကြီးဆီကနေ ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်၊ ဒီစစ်ပွဲကို အဆုံးသတ်ချင်နေပါပြီ" ဟု အေသင်မြို့ ငြိမ်ချမ်းစွာ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအသက် ၂၄ နှစ် အရွယ် နာဇီအမ်က ပြောကြားခဲ့သည်။

အခြားဆန္ဒပြသူများက“ အာဖဂန်လူမျိုးတွေကို သတ်ဖြတ်နေတာကို ရပ်ဆိုင်းပါ” နှင့်“ တရားမျှတမှု လိုချင်ပါတယ်” ဟု ကြွေးကြော်ခဲ့ကြသည်။

ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံတို့မှ ခိုလှုံရန်ရောက်ရှိလာကြခြင်းကြောင့် ဂရိသည် ၂၀၁၅ ခုနှစ်တွင် ရွေ့ပြောင်းဒုက္ခသည် အကျပ်အတည်များကြုံတွေ့ခဲ့ရသည်။ ယင်းတို့ထဲမှ အများစုသည် ဂရိစခန်းများတွင် ယခုတိုင် နေထိုင်လျက်ရှိပြီး ခိုလှုံခွင့် လျှောက်ထားနိုင်ရေး စောင့်ဆိုင်းနေကြသည်။

အာဖဂန်နစ္စတန်မှ ရွေ့ပြောင်းလာသူအသစ်များရောက်ရှိလာမည်ကို စိုးရိမ်ခြင်းကြောင့် ဂရိသည် တူရကီနှင့် နယ်နိမိတ် ထိစပ်နေသော ၄၀ ကီလိုမီတာကို ခြံစည်းရိုးခတ်ခဲ့ပြီး ဥရောပသို့ ခိုလှုံခွင့်တောင်းခံ လာမည့်သူများကို စောင့်ကြည့်ရန်အတွက် စောင့်ကြည့်ရေးစနစ်အသစ်တစ်ခုကို တပ်ဆင်ခဲ့သည်။

အာဖဂန်နစ္စတန်၏ နောက်ဆုံးအခြေအနေများ၊ လုံခြုံရေးအကျိုးဆက်များနှင့် ရွေ့ပြောင်းဝင်ရောက်မှုများကို ဆွေးနွေးရန် အဖွဲ့ဝင် ၂၇နိုင်ငံပါဝင်သော ဥရောပသမဂ္ဂပြည်ထဲရေးဝန်ကြီးများသည် ဩဂုတ် ၃၁ ရက်တွင် အထူးအစည်းအဝေးတစ်ခုကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly