အာဖဂန်ပြဿနာနှင့် ပတ်သက်၍ ပါကစ္စတန်အစိုးရအား ဂရိပါလီမန်အနီးတွင် ဆန္ဒပြမှုများ ပြုလုပ်

အာဖဂန်ပြဿနာနှင့် ပတ်သက်၍ ပါကစ္စတန်အစိုးရအား ဂရိပါလီမန်အနီးတွင် ဆန္ဒပြမှုများ ပြုလုပ်

အာဖဂန်နစ္စတန်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံအား ဆန္ဒပြမှုတစ်ခုကို လူ ၈၀၀ ခန့်က ဂရိနိုင်ငံ ပါလီမန်အဆောက်အဦအနီးတွင် ဩဂုတ် ၂၉ ရက်က ဆန္ဒပြခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန်အခြေအနများကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်နေကြောင်း ဆန္ဒပြသူများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

“အာဖဂန်နစ္စတန်ကို ဘယ်သူသတ်လိုက်တာလဲ။ ပါကစ္စတန်၊ ပါကစ္စတန်။ ပါကစ္စတန်က အကြမ်းဖက်သမားတွေကို ထောက်ပံ့နေတယ်။ အာဖဂန်တွေကို သတ်တာရပ်” ဆိုသည့် ကြွေးကြော်သံများကိုလည်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။

တာလီဘန်အကြမ်းဖက်သမားများကို သယ်ယူပို့ဆောင်ရေးတွင် ကူညီပေးခြင်းနှင့် နိုင်ငံတွင်း လုံခြုံစွာ ခိုအောင်းနိုင်သည့် နေရာပေးခြင်းတို့အပြင် အာဖဂန်နစ္စတန်တွင် ကြားခံစစ်ပွဲ ဆင်နွှဲခြင်းစသည့် အကြောင်းအရာ အများအပြားအတွက် ပါကစ္စတန်နစ္စတန်ကို ပြစ်တင်ရှုတ်ချထားသည်။

ဂရိပါလီမန်အဆောက်အဦရှေ့တွင် စုဝေးခဲ့သည့် ဆန္ဒပြသူများသည် အမေရိကန်သံရုံးရှေ့သို့လည်း ဆက်လက် ချီတက်ခဲ့ကြသည်။

ဩဂုတ် ၂၈ ရက်ကလည်း ဝါရှင်တန်၊ လန်ဒန်နှင့် ဘာလင်မြို့ကြီးများအပါအဝင် ကမ္ဘာ့မြို့ကြီး ၃၀ ကျော်တွင် အလားတူဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကာ အာဖဂန်နစ္စတန်ပြည်သူများကို ကူညီရန် တောင်းဆိုခဲ့ကြသည်။

ပါဝင်ဆန္ဒပြသူများက ‘အာဖဂန်နစ္စတန်ကို ကယ်တင်ပါ’ ၊ ‘အာဖဂန်ပြည်သူများ၏ အသက်ကို ကယ်တင်ပါ’ ဆိုသည့် စာတမ်းများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

တာလီဘန်တို့က ကယ်ဆယ်ရေးလေယာဉ်များအား ဩဂုတ် ၃၁ ရက်အထိ ခွင့်ပြုထားသောကြောင့် နိုင်ငံအတွင်းမှ စွန့်ခွာထွက်ပြေးရန် စောင့်ဆိုင်းနေသူ ထောင်ပေါင်းများစွာသည် ကဘူးလ်မြို့တော် လေဆိပ်အနီး စောင့်ဆိုင်းလျှက်ရှိသည်။

ထို့ပြင် ဆန္ဒပြမှုများသည်လည်း တာလီဘန်တို့က မြို့တော်ကဘူးလ်ကို သိမ်းပိုက်ခဲ့သည့် ဩဂုတ် ၁၅ ရက်မှ စတင်၍ ကမ္ဘာအနှံ့တွင် လုပ်ဆောင်ခဲ့ကြသည်။

ပါကစ္စတန်ကို ကန့်ကွက်သည့် ဆန္ဒပြမှုများကို ကမ္ဘာအနှံ့တွင် လုပ်ဆောင်ခဲ့ကြပြီး တာလီဘန်များကို ကူညီကာ အာဖဂန်နစ္စတန်ကို အခြေအနေဆိုးရွားအောင် လုပ်ဆောင်နေကြောင်း ဆန္ဒပြသူများက ပြစ်တင် ရှုတ်ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly