တရုတ်တွင် ကလေးများ အွန်လိုင်းဂိမ်းကစားချိန်ကို တစ်ပတ် ၃ နာရီအဖြစ် အချိန်ကန့်သတ်

တရုတ်တွင် ကလေးများ အွန်လိုင်းဂိမ်းကစားချိန်ကို တစ်ပတ် ၃ နာရီအဖြစ် အချိန်ကန့်သတ်

တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးများကို တစ်ပတ်လျင် အချိန် သုံးနာရီထက် ပိုပြီး ဗီဒီယိုဂိမ်းကစားခြင်း မပြုရဘူးဟု တားမြစ်လိုက်ပြီ ဖြစ်ရာ ယင်းက တင်းကျပ်သည့် လူမှုဆိုင်ရာ ကြားဝင်လုပ်ဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။ အာဏာပိုင်များ၏ အဆိုအရ “စိတ်ကို ထိခိုက်စေသည့် ဘိန်း” အဖြစ် ဖော်ညွှန်းခံခဲ့ရဖူးသည့် ဂိမ်းကစားမှုတွင် စွဲလမ်းမှု ကြီးထွားလာနေမှုအပေါ် အဆက်ဖြတ်ထိန်းသိမ်းရန် ယခုကဲ့သို့ ပိတ်ပင်ကန့်သတ်မှု လုပ်ရန်လိုသည်ဟု ပြောခဲ့သည်။

သြဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် စည်းမျဥ်းသစ်များမှာ ယင်းနိုင်ငံတွင် နှစ်များနှင့်ကြာ တစ်ဟုန်ထိုး လွတ်ကျွတ်စွာ တိုးတက်မှုများ ရှိထားခဲ့ပြီးနောက် နည်းပညာ၊ ပညာရေးနှင့် မြေ၊ အိမ်ရာ တို့ အပါအဝင် နိုင်ငံစီးပွားရေး၏ အဓိကကဏ္ဍများနှင့် ယင်း၏ လူ့အဖွဲ့အစည်းအပေါ် ပေကျင်းအာဏာပိုင်တို့ဘက်က တိုးမြှင့် ထိန်းချုပ်မည့် အဓိက လုပ်ဆောင်ချက် အရွေ့တစ်ခု၏ တစိတ်တပိုင်းလည်း ဖြစ်သည်။

ဖုန်းများ အပါအဝင် မည်သည့် စက်ပစ္စည်းမဆို အကျုံးဝင်သည့် ယခုပိတ်ပင်ကန့်သတ်ချက်များမှာ ကမ္ဘာ့ အကျိုးအမြတ်အများဆုံး စျေးကွက်ထဲ ငယ်ရွယ်သည့် ဂိမ်းကစားသူ သန်းပေါင်းများစွာကို ဖြည့်တင်းဝန်ဆောင်မှုပေးနေသည့် ကမ္ဘာလုံးဆိုင်ရာ ဂိမ်းလုပ်ငန်းတစ်ခုအတွက် အဓိကထိခိုက်မှုကြီးတစ်ခုလည်း ဖြစ်နေသည်။

အသက် ၁၈ နှစ်အောက် ကလေးများအနေဖြင့် တစ်နေ့လျင် တစ်နာရီ (ည ၈ နာရီမှ ည ၉ နာရီအတွင်း) သာ အွန်လိုင်းဂိမ်းကစားရတော့မည်ဖြစ်ပြီး တစ်ပတ်လျင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ နေ့တို့တွင်သာ ကစားရမည်ဟု တရုတ်အာဏာပိုင်များက ကန့်သတ်သတ်မှတ်လိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ၎င်းတို့သည် အများပြည်သူ အားလပ်ရက်များတွင် အလားတူအချိန်အတိုင်း တစ်နာရီသာ ကစားနိုင်မည်ဟု သိရသည်။

တရုတ်၏ နိုင်ငံတော် ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေမှု စီမံခန့်ခွဲမှု (NPPA) အဖွဲ့က ထုတ်ပြန်ခဲ့သည့် စည်းမျဥ်းများသည် ယင်းနိုင်ငံတွင် Alibaba နှင့် Tencent ကဲ့သို့ နည်းပညာလုပ်ငန်းကြီးများအပေါ် ပေကျင်းအာဏာပိုင်တို့ဘက်က ကျယ်ပြန့်စွာ နှိပ်ကွပ်တင်းကျပ်လုပ်ဆောင်နေမှုနှင့် တိုက်ဆိုင်နေသည်။

ကုမ္ပဏီတစ်ချို့၏ “ရက်စက်ကြမ်းတမ်းသည့် တိုးတက်မှု” အဖြစ် နိုင်ငံပိုင်မီဒီယာက ဖော်ညွှန်းထားခဲ့သည့်အရာအပေါ် တားမြစ်ရန် လုပ်ဆောင်သည့် ကမ်ပိန်းကြောင့် ပြည်တွင်းနှင့် ပြည်ပတွင် ရောင်းဝယ်ထားခဲ့သည့် ရှယ်ယာ ဒေါ်လာ ဘီလီယံများစွာနှင့်ချီကို ပျောက်ပျက်ထားစေခဲ့သည်။

“ဆယ်ကျော်သက်တွေဆိုတာ မိမိတို့ အမိမြေရဲ့ အနာဂတ်ဖြစ်ပါတယ်” ဟု NPPA ၏ အမည်မဖော်သည့် ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာက ဖော်ပြသည်။ “ဥပဒေအရ အရွယ်မရောက်သေးသူတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်တာက ပြည်သူတွေရဲ့ အဓိက အကျိုးစီးပွားနဲ့ သက်ဆိုင်သလို နိုင်ငံ အားသစ်လောင်းမှု ခေတ်မှာ ငယ်ရွယ်တဲ့မျိုးဆက်တစ်ခုကို ပျိုးထောင်တာနဲ့လည်း သက်ဆိုင်ပါတယ်”

ဂိမ်းကုမ္ပဏီများအနေဖြင့်လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် နာရီများ ပြင်ပတွင် မည်သည့်ပုံစံနှင့်အတူ ကလေးများကို ဝန်ဆောင်မှုများ ပံ့ပိုးခြင်း မပြုရန် တားမြစ်မည် ဖြစ်သည်။ ထို့ပြင် အဆိုပါ ကုမ္ပဏီများအနေဖြင့် အမည်အစစ်ဖြင့် အတည်ပြုစစ်ဆေးမှုစနစ်များကိုလည်း နေရာတကျ လုပ်ဆောင်ကြမည်ဖြစ်ကြောင်း နိုင်ငံ၏ ဗီဒီယိုဂိမ်းစျေးကွက်ကို ကြီးကြပ်သည့် စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့က ပြောသည်။

ယခင်က ၂၀၁၉ စည်းမျဥ်းများအောက်တွင် အသက် ၁၈ နှစ်အောက် က‌လေးများ၏ ဗီဒီယိုဂိမ်းကစားနိုင်မှုအချိန်ကို တစ်နေ့လျင် အချိန် ၁ နာရီ ခွဲ နှင့် အားလပ်ရက်များတွင် ၃ နာရီ ဗီဒီယိုဂိမ်းကစားနိုင်ကြောင်း အာဏာပိုင်များက ကန့်သတ်ထားခဲ့သည်။
ယခု စည်းမျဥ်းသစ်များက တရုတ်၏ Weibo ပေါ်တွင် ဆွေးနွေးမှု အများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ယခုအစီအမံများကို ထောက်ခံကြောင်း တစ်ချို့က ထုတ်ဖော်သော်လည်း တစ်ချို့ကမူ စည်းမျဥ်းများ ပြင်းထန်တင်းကျပ်လွန်းမှုအပေါ် အံ့အားသင့်မိသည်ဟု ထုတ်ဖော်ခဲ့ကြသည်။

“ဒါက အတော့်ကို ပြင်းထန်လွန်းအားကြီးပါတယ်၊ ပြောစရာ စကားတော့ မရှိတော့ပါဘူး” ဟု တစ်ဦးက ကောမန့်ရေးသားခဲ့ရာ ယင်းကောမန့်သည် like ၇၀၀ ကျော် ရရှိခဲ့သည်။

ယခု ပိတ်ပင်ကန့်သတ်မှုများက အကျိုးသက်ရောက်မှု ရှိစေနိုင်မည်လားဆိုသည်ကို အချို့က သံသယဖြစ်နေကြသည်။ “သူတို့ သူတို့မိဘတွေရဲ့ login တွေကို သုံးပါလိမ့်မယ်၊ ဒါကို သူတို့ ဘယ်လိုထိန်းချုပ်နိုင်မလဲ” ဟု တစ်ဦးက မေးခွန်းထုတ်ခဲ့သည်။
တရုတ်၏ ဂိမ်းစျေးကွက်သည် အမေရိကန်၏ အထက် ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေ ဝင်ငွေ ကန်ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံ ဖြစ်ပေါ်စေမည်ဟု အကဲဖြတ်သုတေသနလုပ်ငန်း Newzoo က ပြောသည်။

ယခု တရုတ်အာဏာပိုင်တို့၏ ဖြိုခွင်းနှိမ်နင်းမှုက ကမ္ဘာတဝန်း ဂယက်ရိုက်ခတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly