ဆွစ်ဇာလန်တွင် တောင်ပေါ်စားကျက်များ၌ ရှိနေသည့် နွားများကို ရဟတ်ယာဥ်ဖြင့် နေရာရွှေ့ပြောင်းပေး

ဆွစ်ဇာလန်တွင် တောင်ပေါ်စားကျက်များ၌ ရှိနေသည့် နွားများကို ရဟတ်ယာဥ်ဖြင့် နေရာရွှေ့ပြောင်းပေး

ဆွစ်ဇာလန်နိုင်ငံတွင် အမြင့်ပိုင်း တောင်ပေါ် မြက်ခင်းပြင်များ၌ ကျက်စားနေခဲ့ကြသည့် နွားများကို ရဟတ်ယာဥ်ဖြင့် သယ်ကာ တောင်အောက်ပိုင်းသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ယင်းက ထူးခြားသည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

နိုင်ငံအလယ်ပိုင်း Klausenpass ဒေသတွင် စုစုပေါင်း နွား ၁၀ ကောင်ခန့်ကို တောင်ကြောများကနေ ရဟတ်ယာဥ်ဖြင့် သယ်ကာ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဆိုင်းကြိုးတစ်ခု သုံးပြီး နွားများကို ရဟတ်ယာဥ်အောက်၌ တွဲလွဲဆိုင်းပြီး သယ်ဆောင်ခဲ့ရာတွင် နွားများမှာ လေထဲ ပျံနေသလို ဖြစ်ခဲ့သည်။

အောက်တွင် စောင့်ဆိုင်းနေသည့် တောင်သူများက နွားများ ဘေးကင်းစွာ အောက်သို့ ဆင်းသက်နိုင်စေရေးအတွက် ကြိုးများသုံးကာ ကူညီလုပ်ဆောင်ခဲ့ကြကာ ယင်းနောက်နွားများကို ပိုမို၍ သမားရိုးကျဖြစ်သည့် နောက်တွဲယာဥ်များဖြင့် သယ်ကာ ရွှေ့ပြောင်းပေးခဲ့သည်။

တချိန်တည်းမှာပင် ပိုပြီး ကြံ့ခိုင်မှု ရှိသည့် ကျန်းမာသန်စွမ်းသည့် အခြားနွားများကိုမူ တောင်နံဘေးအတိုင်း ခြေလျင် ဆင်းသက်စေခဲ့သည်။

“ခုလိုမျိုး နွားတွေကို ရဟတ်ယာဥ်နဲ့ သယ်ယူပို့‌ဆောင်ရတဲ့ အကြောင်းရင်းကတော့ တစ်ချို့ စားကျက်မြေတွေဆိုရင် ကားနဲ့ သွားလို့မရနိုင်တာက တစ်ကြောင်း ဖြစ်သလို အခြားအကြောင်းတစ်ခုကလည်း နွားတစ်ချို့ ဒဏ်ရာရနေလို့ သူတို့ ဒီတိုင်း လမ်းလျှောက်မဆင်းနိုင်လို့ ဖြစ်ပါတယ်” ဟု တောင်သူတစ်ဦးဖြစ်သည့် ဂျိုးနက်စ် အာနိုးက ပြောသည်။

“ခုလို ရဟတ်ယာဥ်နဲ့ လိုက်စီးရပြီး ဘယ်လို ခံစားရလဲ ဆိုပြီး နွားတွေကို မမေးလိုက်ရဘူး၊ မေးလည်း ဖြေမှ မဖြေနိုင်တာပဲလေ၊ ဒါပေမယ့် ဒါက တိုတောင်းတဲ့ အကွာအဝေးတစ်ခုပါပဲ၊ သူတို့ ဆက်ပြီးသွားရမှာလေ” ဟု ၎င်းက ပြောခဲ့သည်။

“ဒါက တိုတောင်းတဲ့ ပျံသန်းမှုတစ်ခု သာ ဖြစ်ပါတယ်၊ ရဟတ်ယာဥ်နဲ့ စီးခဲ့တဲ့ နွားတွေနဲ့ ပုံမှန်အတိုင်း လမ်းလျှောက်ခဲ့တဲ့နွားတွေအကြား ဘာတွေ ကွာခြားသလဲ ကျွန်တော် သတိမထားမိခဲ့ပါဘူး”

စုစုပေါင်းအားဖြင့် နွားကောင်ရေ ၁,၀၀၀ ဝန်းကျင်ရှိနေရာ အဆိုပါ နွားအုပ်၏ ၁ ရာခိုင်နှုန်းကသာ လေကြောင်းဖြင့် ကူညီသယ်ပို့ပေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ နွားများသည် ဆွစ်ဇာလန်၏ Urnerboden အရပ်သို့ ဆက်လက် ဦးတည်သွားနေပြီး ယင်းတို့သည် အဆိုပါ နေရာတွင် ပြုလုပ်မည့် တစ်နှစ်တာ နွားပြပွဲအတွက် ပြင်ဆင်နေလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly