ကျူးဘားက တရုတ်၏ Sinopharm ကာကွယ်ဆေးကို ပြည်တွင်းထုတ် ကာကွယ်ဆေးများနှင့်အတူ ဖြန့်ကျက်အသုံးပြုမည်

ကျူးဘားက တရုတ်၏ Sinopharm ကာကွယ်ဆေးကို ပြည်တွင်းထုတ် ကာကွယ်ဆေးများနှင့်အတူ ဖြန့်ကျက်အသုံးပြုမည်

လက်ရှိအချိန်အထိ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးများကို အထူးသီးသန့် ဖြန့်ကျက်အသုံးပြုထားခဲ့သည့် ကျူးဘားနိုင်ငံသည် ယခုအခါ ကမ္ဘာ့ အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများအနက် တစ်ခုကို ရင်ဆိုင်တိုက်ဖျက်ရန် ကြိုးပမ်းမှုအဖြစ် ယင်း၏ မဟာမိတ်နိုင်ငံဖြစ်သည့် ကွန်မြူနစ်ပါတီ အုပ်စိုးသော တရုတ်၏ Sinopharm ကာကွယ်ဆေးကိုပါ စတင် အသုံးပြုသွားတော့မည် ဖြစ်ကြောင်း သိရသည်။

ကျူးဘား ကျန်းမာရေးအာဏာပိုင်များသည် သြဂုတ် ၂၉ ရက်မှစတင်ပြီး အလယ်ပိုင်း Cienfuegos ပြည်နယ်တွင် Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုကို ကျူးဘား booster ဆေးတစ်ကြိမ်ထိုးနှံမှုနှင့်အတူ တွဲဖက်အသုံးပြုသွားမည် ဖြစ်ကြောင်း ကျူးဘား Finlay ကာကွယ်ဆေး အင်စတီကျူ့၏ အကြီးအကဲ ဗစ်ဆန်တီ ဗာရက်ဇ်၏ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်သည့် 5deSeptiembre က ဖော်ပြသည်။

အထက်ပါ ကာကွယ်ဆေးများ ပေါင်းစပ် ထိုးနှံခြင်း၏ ထိရောက်မှုက ၉၀ ရာခိုင်နှုန်း အထက်တွင် ရှိကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။ သို့သော် အဆိုပါ ဒေတာအချက်အလက်များ မည်သည့်နေရာကနေ လာသလဲ ဆိုသည်နှင့် တရုတ်ကာကွယ်ဆေး အသုံးပြုမှုကို ကျူးဘား ဆေးဝါးစည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့က တရားဝင်ခွင့်ပြုချက်ပေးထားသလား ဆိုသည်နှင့်ပတ်သက်ပြီး အသေးစိတ်ကို ဖော်ပြခြင်း မရှိပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Sinopharm ကာကွယ်ဆေးကို အရေးပေါ် ခွင့်ပြုချက် မေလက ထုတ်ပေးထားခဲ့သည်။

ကျူးဘားအာဏာပိုင်များက ၎င်းတို့အနေဖြင့် စက်တင်ဘာလနောက်ဆုံးထားပြီး ပြည်သူအားလုံးအတွက် ကာကွယ်ဆေး အလုံအလောက် ထုတ်လုပ်ပေးနိုင်စွမ်း ရှိမည် ဖြစ်ကြောင်း ယခုလအစောပိုင်းက ပြောထားခဲ့သည်။ သို့သော် ပြည်ပ ကာကွယ်ဆေးတစ်မျိုးကို ယခုအခါ မည်သည့်အတွက်ကြောင့် ရွေးချယ်အသုံးပြုရသလဲ ဆိုသည်၏ အကြောင်းရင်းကို ၎င်းတို့က ရှင်းပြခဲ့ခြင်း မရှိ‌ပေ။

“ကြည့်ရတာတော့ စီယန်ဖူးဂို့စ်မှာ ဆိုင်နိုဖမ်း ကာကွယ်ဆေး အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာကတော့ ကျူးဘားကာကွယ်ဆေးတွေ အကန့်အသတ်နဲ့သာ ရနေတာနဲ့ လက်ရှိကာလ ဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် ထိုးတက်လာမှုကြောင့် အလျင်စလို ဖြစ်နေတာတို့နဲ့ ဆက်နွယ်နေပုံ ရပါတယ်” ဟု ဘရားဇီး အခြေစိုက် ကျူးဘား ရောဂါပိုးမွှားဗေဒပညာရှင် အေမီလ်ကာ ပါရက်ဇ် ရီဗာရိုလ်က ပြောသည်။

ကျူးဘား ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ နောက်ဆုံးထားပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံထားပြီး ဖြစ်စေရေး လုပ်ဆောင်ရန် စီစဥ်ထားသည်ဟု မေလက ပြောထားခဲ့သော်လည်း ယခုလက်ရှိအချိန်အထိ ယင်းအစီအစဥ်တွင် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရောက်ရှိထားသေးကြောင်း ကျူးဘား၏ COVID-19 ဒေတာ အကဲဖြတ်မှုဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည့် ရီဗာရိုလ်က ဖေ့ဘွတ်တွင် ပြောခဲ့သည်။

လက်ရှိအချိန်တွင် ကျူးဘားသည် ကမ္ဘာပေါ်တွင် COVID-19 လူနာဦးရေ များပြားသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး ရောဂါကာကွယ်ရေးနှင့် အဓိက ပြုစုစောင့်ရှောက်ရေးကိုသာ အာရုံစိုက်နေရသည့် ယင်းနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ်တွင်လည်း ဖိအားများ ကျရောက်စေလျက် ရှိသည်။

ဆေးဝါးများအပါအဝင် အခြေခံ ကုန်ပစ္စည်းများ ပြတ်လပ်မှု ဖြစ်နေချိန် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အခြေခံ ကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့်လည်း အစိုးရအပေါ် အမျက်ဒေါသများ ဖြစ်စေခဲ့ပြီး ယင်းနိုင်ငံတဝန်း မကြုံစဖူးသည့် အစိုးရဆန့်ကျင်ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်ထားခဲ့သည်။

နိုင်ငံတွင် စီးပွားရေး အကျပ်အတည်း ကြုံရခြင်းမှာ အမေရိကန်၏ အ‌ရေးယူဒဏ်ခတ်မှု တင်းကျပ်လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်ဟု ကျူးဘား အာဏာပိုင်များက အပြစ်ဖို့ထားသည်။ တစ်ချိန်တည်းမှာပင် ကျူးဘားသည် ဆန္ဒပြပွဲများနောက်ပိုင်း တရုတ်ကဲ့သို့ မဟာမိတ်နိုင်ငံများထံမှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် အစားအစာများ လှူဒါန်းမှုများကို လက်ခံရရှိထားသည်။ သို့သော် ယခု ကာကွယ်ဆေးများမှာ တရုတ်ဆီကနေ ဝယ်ယူထားခဲ့ရသလား သို့မဟုတ် တရုတ်က လှူဒါန်းပေးခြင်းလား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရ‌ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly