စစ်ကောင်စီတပ်ဖွဲ့က NLD ရုံးကို ဝင်ရောက်ဖျက်ဆီးပြီးနောက် ရုံးရှေ့တွင်ဗုံးပေါက်ကွဲမှုထပ်ဖြစ်

စစ်ကောင်စီတပ်ဖွဲ့က NLD ရုံးကို ဝင်ရောက်ဖျက်ဆီးပြီးနောက် ရုံးရှေ့တွင်ဗုံးပေါက်ကွဲမှုထပ်ဖြစ်

မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး နေအိမ်နှင့် ထိုအိမ်တွင်ဖွင့်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးကို ဩဂုတ် ၂၉ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီအဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။

"သူတို့က ညက တံခါးတွေဖျက်ဝင်လာတယ်။ သူတို့ထဲကတစ်ယောက်က ဒီထဲမှာ မိန်းမသားတွေပဲရှိတယ်ဆိုပြီးပြောသံကြားလိုက်တယ်။ ဒါကို နောက်တစ်ယောက်က မရဘူးဆိုပြီးဖျက်ဝင်တာ၊ အိမ်အတွင်းပိုင်းကို ဖျက်ဆီးပြီး Laptop တွေ ဖုန်းတွေ ယူသွားတယ်" ဟု ပါတီဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။ 

၈၉ လမ်း၊ ၃၅-၃၆ ကြား မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့တွင်ရှိသောရုံးသို့ အာဏာသိမ်းတပ်လာရောက်ဖျက်ဆီးအပြီး မိနစ်အနည်းငယ်အတွင်း ရုံးရှေ့တွင် ဗုံးပေါက်ကွဲခဲ့မှုထပ်မံဖြစ်ပေါ်ခဲ့သည်။ ယင်းပေါက်ကွဲမှုသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်း လက်ရှိအချိန်ထိ မသိရှိရသေးသော်လည်း ပျူစောထီးတို့လက်ချက်ဟု ပါတီအသိုင်းအဝိုင်းက ယုံကြည်နေကြသည်။
  
ဦးအောင်ကျော်ဦးနှင့်သူ၏သားဖြစ်သူသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဖမ်းခံထားရသည်။

အကြမ်းဖက်စစ်တပ်က ဦးအောင်ကျော်ဦး၏ ချွေးမနှင့် အိမ်ရှိသူများ ရိုက်နှက်ကာ တပ်ဆင်ထားသည့် CCTVကိုလည်း ဖြုတ်ယူသွားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required