အမေရိကန် ကယ်ထုတ်ရေးမစ်ရှင် ပြီးစီးကာနီးချိန် ကဘူးလ်ကောင်းကင်မှာ ဒုံးကျည်တွေ ပျံဝဲနေ

အမေရိကန် ကယ်ထုတ်ရေးမစ်ရှင် ပြီးစီးကာနီးချိန် ကဘူးလ်ကောင်းကင်မှာ ဒုံးကျည်တွေ ပျံဝဲနေ

ဖြစ်နိုင်လာတဲ့ ကားဗုံးဖောက်ခွဲမှုတစ်ရပ်ကို လေကြောင်းတိုက်ခိုက်ကာ ချေမှုန်းပစ်ခဲ့ရတယ်လို့ အမေရိကန်က ပြောပြီး နောက်တစ်ရက် တနင်္လာနေ့ နံနက်ပိုင်းမှာ အာဖဂန်နစ္စတန် ကဘူးလ်မြို့တော်ကောင်းကင်မှာ ဒုံးကျည်ပျံဝဲနေသံတွေကို အေအက်ဖ်ပီသတင်းထောက်က ကြားလိုက်ရအပြီး ကဘူးလ်လေဆိပ်အနီး မီးခိုးလုံးတွေ လွင့်တက်လာတာကို မြင်နေခဲ့ရပါတယ်။ 

အရပ်သားတွေ ကယ်ထုတ်ရေး ပြီးစီးကာနီးနဲ့ အကြမ်းဖက်တိုက်ခိုက်မှု စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ကြား အမေရိကန်ဟာ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းရေး အပြီးသတ်နိုင်ဖို့ တက်သုတ်ရိုက် ဆောင်ရွက်နေချိန်မှာ မြို့တော်တစ်လွှား ဒုံးကျည်တွေ ပျံဝဲနေတော့တာ ဖြစ်ပါတယ်။ 

အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေအားလုံး ရုပ်သိမ်းဖို့ အင်္ဂါနေ့ကို နောက်ဆုံးရက်အဖြစ် သမ္မတ ဂျိုးဘိုင်ဒင်က သတ်မှတ်ထားတာပြီး စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးကြောင့် တုံ့ပြန်ရာမှ စတင်တဲ့ ၎င်းနိုင်ငံရဲ့ ကာလရှည်စစ်ပွဲကို အဆုံးသတ်ဖို့ နီးကပ်လာတာလည်း ဖြစ်ပါတယ်။ 

၂၀၀၁ ခုနှစ်က ဖြုတ်ချခံခဲ့ရပေမယ့် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ အာဏာပြန်သိမ်းပိုက်နိုင်ခဲ့ကြတဲ့ သဘောထားတင်းမာတဲ့ အစ္စလာမ္မစ် တာလီဘန်လှုပ်ရှားမှု တစ်ကျော့ပြန်လာတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတဲ့ ပြည်သူတွေဟာ အမေရိကန်ဦးဆောင်တဲ့ ကယ်ထုတ်ရေးလေယာဉ်တွေပေါ် လိုက်ပါကြပြီး လူအစုပြုံလိုက် ထွက်ခွာမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတော့တာပါ။ 

ကဘူးလ်လေဆိပ်ကနေ လူပေါင်း ၁၁၄၀၀၀ ကျော်ထက်မနည်း ကယ်ထုတ်ပြီးတဲ့ ဒီ လေယာဉ်ပျံသန်းမှုတွေဟာ အမေရိကန် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ တပ်ရုပ်သိမ်းမယ့် အင်္ဂါနေ့မှာ တရားဝင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အမေရိကန်တပ်တွေဟာ လက်ရှိမှာ သူတို့တပ်တွေနဲ့ အမေရိကန် သံတမန်တွေ ဘေးကင်းစွာ ပျံသန်းထွက်ခွာနိုင်ဖို့ကို အဓိကဦးတည်ထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းမှာ အသေခံဗုံးခွဲမှုတစ်ရပ် လုပ်ဆောင်ခဲ့တဲ့ တာလီဘန်ရဲ့ ပြိုင်ဖက် အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ဟာ အမေရိကန် တပ်ရုပ်သိမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ အိုင်အက်စ်ရဲ့ အဲဒီ အသေခံဗုံးခွဲမှုမှာ အမေရိကန်စစ်သား ၁၃ ဦးအပါအဝင် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးတယ်လို့ အတည်ပြုထားပါတယ်။ 

နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာဖို့ များကြောင်း ဂျိုးဘိုင်ဒင်က သတိပေးထားပြီး အမေရိကန်တာဝန်ရှိသူတွေက ကဘူးလ်မြို့မှာ တနင်္ဂနွေနေ့ညက ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ယာဉ်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောကြပါတယ်။ 

အဲဒီနောက် တနင်္လာနေ့ နံနက်ပိုင်းမှာ ကဘူးလ်မြို့အနှံ့ ဒုံးကျည် ပျံဝဲနေသံတွေ ကြားရကြောင်း  မြို့ရှိ အေအက်ဖ်ပီသတင်းထောက်တွေက ပြောကြပါတယ်။ 

လေဆိပ်အနီး နေထိုင်သူတွေကလည်း ဒုံးကျည်ကာကွယ်ရေးစနစ် အလုပ်လုပ်ဆောင် လည်ပတ်နေတဲ့ အသံတွေကို ကြားရတယ်လို့ ပြောကြပါတယ်။ 

လေဆိပ်အနီးမှာ မီးခိုးလုံးတွေ လွင့်တက်နေတာကိုလည်း မြင်ကြတွေ့ကြရပါတယ်။ 

တနင်္ဂနွေနေ့က ဖြစ်စဉ်ကို တာလီဘန်ပြောခွင့်ရသူတစ်ဦးကလည်း အတည်ပြုပြီး လေဆိပ်ဆီ ဦးတည်တဲ့ ကားဗုံး ဖျက်ဆီးချေမှုန်းခံရတာဖြစ်တယ်လို့ ပြောသလို ဒုတိယ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်လည်း ဖြစ်ခဲ့ပုံရပြီး အနီးက အိမ်တစ်လုံးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန်ဟာ အာဖဂန်ပြည်တွင်းထောက်ခံမှု ဆုံးရှုံးရတဲ့ အကြောင်းရင်းခံတစ်ရပ်အဖြစ် စစ်ပွဲကာလတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားများစွာကို သေဆုံးစေခဲ့တယ်လို့ စွပ်စွဲခံထားရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly