ထိုင်း၌ COVID-19 အနီရင့်ဇုန်အတွင်းမှ ပြည်တွင်လေကြောင်းခရီးသွားမှုများ ပြန်စမည်

ထိုင်း၌ COVID-19 အနီရင့်ဇုန်အတွင်းမှ ပြည်တွင်လေကြောင်းခရီးသွားမှုများ ပြန်စမည်

ထိုင်းနိုင်ငံတွင် ကန့်သတ်စည်းမျဉ်းများကို ဖြေလျှော့ပေးပြီးနောက် COVID-19 အနီရင့်ဇုန်အတွင်းမှ ပြည်တွင်းလေကြောင်းခရီးသွားမှုများကို သတ်မှတ်ချက်အချို့ဖြင့် စက်တင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Airports of Thailand အရ သိရသည်။ 

လေယာဉ်စီး ခရီးသည်များအနေဖြင့် သွားရောက်မည့် လေဆိပ်များက ပြဋ္ဌာန်းသော သတ်မှတ်ချက်များကို လိုက်နာကြရလိမ့်မည်ဟု ထိုင်း အရပ်ဘက်လေကြောင်းအာဏာပိုင်ရုံးကို ကိုးကားပြီး အာဏာပိုင်များက ပြောသည်။ 

လေဆိပ်များအနေဖြင့် ခြေရာကောက် မိုဘိုင်းအက်အချို့အား အသုံးပြုခြင်း၊ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် စစ်ဆေးခြင်းမှသည် COVID-19 စမ်းသပ်ထားသည့် ရလဒ်အား စစ်ဆေးခြင်း စသဖြင့် ဆောင်ရွက်သွားကြမည်ဖြစ်သည်။ 

လေကြောင်းလိုင်းများအတွက်လည်း လေယာဉ်လက်မှတ်ခ သက်သာစွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် တင်ဆောင်နှုန်းပမာဏကို ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွင့်ပြုပေးသွားမည် ဖြစ်သည်။ 

အနီရင့်ဇုန်အဖြစ် သတ်မှတ်ထားသော ပြည်နယ် ၂၉ ပြည်နယ်က လေဆိပ်ဝင်ပေါက်များတွင် ပြည်တွင်းလေယာဉ်စီးသူများ လိုက်နာရမည့် သတ်မှတ်ထားချက်များမှာ ပီဆာနိုလောနှင့် ချွမ်ဖွန်းလေဆိပ်တို့တွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်းနှင့် ၁၄ ရက် ကွာရန်တင်းဝင်ရခြင်း၊ ဖူးခက်နှင့် ကရာဘီးတွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်း၊ ဆရာဝန်များက RT-PCR သို့မဟုတ် ATK ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးခြင်းနှင့် အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် သို့မဟုတ် ရက် ၉၀ အတွင်း ကူးစက်မှု မရှိထားသည့် သက်သေခံချက် ပြသရန် လိုခြင်း သတ်မှတ်ထားသည်။ 

ဟွာဟင်းနှင့် ထရန်းတွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်းနှင့် အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် သို့မဟုတ် ရက် ၉၀ အတွင်း ကူးစက်မှု မရှိထားသည့် သက်သေခံချက် ပြသရန် လိုခြင်း၊ ဖယ်၊ နန်၊ ဆက်ကွန်နက်ခွန်၊ ဥဒွန်ဌာနီ၊ ချင်းမိုင်နှင့် ဘူရီရမ်တို့တွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်း၊ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် စစ်ဆေးခြင်းနှင့် လိုအပ်လျှင် ဆိုက်ရောက်ရာ၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်ခြင်း သတ်မှတ်ချက်များ ချမှတ်ထားသည်။ 

ခွန်ကန်း၊ ဥဘွန်သရချာ့ဌာနီနှင့် လမ်ပန်းတွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်း၊ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် စစ်ဆေးခြင်းနှင့် RT-PCR ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးခြင်း၊ ချင်းရိုင်၊ ဟတ်ယိုင်၊ နက်ခွန်ဖန်နွမ်နှင့် နက်ခွန်ဆီသမ်မာရတ်တွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်း၊ ဆရာဝန်များက RT-PCR သို့မဟုတ် ATK ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးခြင်းနှင့် အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် စစ်ဆေးခြင်း ချမှတ်ထားသည်။ 

ရနောင်းတွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်း၊ ဆရာဝန်များက RT-PCR သို့မဟုတ် ATK ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးခြင်းနှင့် အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံချက် စစ်ဆေးခြင်း၊ ဆူရတ်ဌာနီတွင် မိုဘိုင်ခြေရာကောက်အက်ပ်များ အသုံးပြုခြင်း သတ်မှတ်လိုက်နာရမည် ဖြစ်သော်လည်း ဘန်ကောက်ရှိ ဒွန်မောင်းနှင့် သုဝဏ္ဏဘူမိ၊ နာရတ်သီဝတ်နှင့် ဥတာပါအိုလေဆိပ်တို့တွင်မူ သတ်မှတ်ချက်များ ပြဋ္ဌာန်းချမှတ်ထားခြင်း မရှိပေ။ 

အဆိုပါ အနီရင့်ဇုန်၌ COVID-19 အခြေအနေ စီမံရေးစင်တာက ကန့်သတ်ချက်များ ဖြေလျှော့ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ သတ်မှတ်ချက်အချို့ဖြင့် ပြည်တွင်းလေကြောင်းခရီးသွားများကို ခွင့်ပြုပေးလာခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly