ကပေါင်းကျ ကျေးရွာသား ၆ ဦးကို စစ်ကောင်စီ သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်

ကပေါင်းကျ ကျေးရွာသား ၆ ဦးကို စစ်ကောင်စီ သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ကပေါင်းကျကျေးရွာ ဒေသခံအမျိုးသား ခြောက်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ကာ ၎င်းတို့၏ရုပ်အလောင်းများအား ရွာသင်္ချိုင်းတွင် စွန့်ပစ်ထားကြောင်း ဒေသခံများကပြောသည်။

ယနေ့ (သြဂုတ်၂၉ ရက်)မွန်းလွဲပိုင်း အချိန်တွင်  ရွာသင်္ချိုင်း၌ အသက်၂၄ နှစ်အရွယ် မောင်လွင်မိုး၊ အသက် ၂၈ နှစ်မှ ၃၀နှစ်အတွင်းအရွယ်များဖြစ်ကြသည့် ကိုဇော်မင်းလေး၊ ကိုဟိန်းဇာ၊ ကိုကျော်နိုင်လင်းနှင့် အသက် ၄၅ နှစ်အရွယ် ဦးမောင်ကြီးတို့၏ ရုပ်အလောင်းများအား ဒေသခံများကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် သြဂုတ် ၂၇ ရက်က မောင်ပူစီ၏ ရုပ်အလောင်းကို ၎င်း၏ဆိုင်ကယ်နှင့်အတူ ရွာသင်္ချိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သေးသည်။ 

“မွန်းလွဲ ၂နာရီ ဝန်းကျင်လောက်က ရွာကသင်္ချိင်းနားမှာ သူတို့ ငါးယောက်ကိုတွေ့တာ၊ ဖမ်းခံရတာက စုစုပေါင်း ၁၃ ယောက်လောက်ရှိတယ်။ အခုသေတာ ၅ ယောက်၊ ဟိုနေ့က ၁ယောက်။ သူတို့ရဲ့ ရုပ်အလောင်းကို လာပစ်ထားတယ်။ လက်ရှိမှာ အဖမ်းခံထားရတာ ၇ ယောက် ကျန်သေးတယ်။ သူတို့သတင်းလည်း ဘာမှမကြားရသေးဘူး" ဟု ဒေသခံတဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့ရှိ ကပေါင်းကျေးရွာကို သြဂုတ် ၂၆ ရက် ညနက်ပိုင်းတွင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ခြင်းဖြစ်သည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကပေါင်းကျကျေးရွာတွင် တပ်အထိုင်ချပြီး လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်၃၀ခန့်ကို အစောင့်အဖြစ်ထားရှိပြီးနောက် ကျေးရွာအနီးရှိ သစ်တောနှင့် နနွင်းကျေးရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် မိုင်သုံးဆယ်အကွာရှိ လိပ်ခြံရွာဘက်သို့ စစ်ကြောင်း တစ်ကြောင်း ထွက်ခွာသွားသည်ဟုသိရသည်။ 

လက်ရှိအချိန်တွင် လိပ်ခြံရွာ အနီးတွင် လက်နက်ကြီးသံများ ငါးချက်ခန့် ကြားရကြောင်း ဒေသခံများက ဆိုသည်။ 
သေဆုံးသူ မောင်လွင်မိုး၊ ကိုဇော်မင်းလေးနှင့် ကိုဟိန်းဇာတို့မှာ စစ်ကောင်စီတပ်များ ဝင်ဝင်ခြင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန်ဒေသခံများမှာ နောက်တစ်ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။  

“တန့်ဆည်မြို့ပေါ်မှာ ဇီဝက ဆေးဆိုင်ရှိတယ်။ ပိုင်ရှင်က ကြံခိုင်ရေးအမတ် ကျော်ကျော်ဦး သူရဲ့ညီ သတင်းပေးက အသတ်ခံလိုက်ရတယ်။ နောက်ကျေးရွာအတွင်းက ညွှန့်ခိုင်ရဲ့ ညီနှစ်ယောက်လည်း အသတ်ခံရတယ်။ သူတို့ကသတင်းပေး ဒလန်တွေ၊ အခုစစ်ကြောင်းတွေ ခေါ်တာကလည်း ကျော်ကျော်ဦးက ပိုက်ဆံပေးပြီး ခေါ်ထားတယ်လို့ကြားမိတယ်" ဟု ဒေသခံတွေက ဆိုသည်။ 

ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကြောင်းထွက်ခွာရာ စကျင်ချောင်း ရွှေတော အရောက်တွင် ၎င်းတို့တွေ့ရှိရသည့် ဆိုင်ကယ်စီးနှင်းလာသူ အမျိုးသားနှင့် အမျိုးသမီးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသားမှာ ဗိုက်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားပြီး ကျန်ရှိသည့် အမျိုးသမီးကို ပရဟိတအဖွဲ့များက တန့်ဆည်မြို့ရှိဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

တန့်ဆည် မြို့အနီးတဝိုက်ရှိ တောထဲတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များ ရှိနိုင်သည်ဟု အကြောင်းပြကာ ယခုကဲ့သို့ စစ်ကြောင်းများဖြင့် တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ကပေါင်းကျ ကျေးရွာနှင့် ယင်းရွာအနီးတဝိုက်ရှိ ဒေသခံများသည်  ထွက်ပြေးတိမ်းရှောင် နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required