မန္တလေး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်

မန္တလေး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်

မန္တလေး၊ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် လမ်း ၉၀ အနီးရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံး အဆောက်အဦးတွင် ယနေ့(ဩဂုတ်လ ၂၉ရက်) ညနေ ၅နာရီကျော်က ပေါက်ကွဲမှုဖြစ်ခဲ့သည်။ 

ထိုပါတီရုံးသည် အမှတ် (၇)နယ်မြေရဲစခန်းအနီးတွင် တည်ရှိသည်။ ပေါက်ကွဲမှုဖြစ်အပြီး မိနစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ်များဖြင့် ရောက်လာကြသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် အရပ်ဝတ်လက်နက်ကိုင်များပါ ရောက်လာကြောင်း ဒေသခံများကပြောသည်။ 

"ဘာထိခိုက်မှုမှမရှိဘူး။ ရုံးအတွင်းပိုင်းတော့ ပျက်စီးမှုရှိတယ်လို့ပြောတာပဲ" ဟု စိန်ပန်းရပ်ကွက်တွင်နေထိုင်သူ  သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ပေါက်ကွဲမှုကြောင့် ရုံးအတွင်းမျက်နှာကျက်နှင့် ပရိဘောဂအသုံးအဆောင်ပစ္စည်းများ ပျက်ဆီးခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း းပါတီနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ 

ထို့နောက် အနီးအနား ရပ်ကွက်များအတွင်း စစ်တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ရပ်ကွက်နေဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။ 

မြို့အနှံ့အတားအဆီးပိတ်ဆို့မှုများ တင်းတင်းကြပ်ကြပ် လုပ်ထားသည့် မန္တလေးမြို့တွင် ယနေ့ နံနက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် နှစ်ခုကြားက စစ်ကောင်စီ၏ တားဆီးစစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly