ကဘူးလ်၌ အမေရိကန်တို့ လုပ်ဆောင်နေသည့် ရွှေ့ပြောင်းကယ်ထုတ်မှုများ နောက်ဆုံးအဆင့် ရောက်ရှိ

ကဘူးလ်၌ အမေရိကန်တို့ လုပ်ဆောင်နေသည့် ရွှေ့ပြောင်းကယ်ထုတ်မှုများ နောက်ဆုံးအဆင့် ရောက်ရှိ

အမေရိကန်တပ်ဖွဲ့များသည် ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှ ထွက်ခွာတော့မည့် နောက်ဆုံးအပြီးသတ် အဆင့်တွင် ရောက်ရှိနေပြီဖြစ်ပြီး တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုမတိုင်မီ လေဆိပ်၌ လေကြောင်းဖြင့် ကယ်ထုတ်ပျံသန်းပေးရန် အရပ်သား ၁,၀၀၀ ကျော်မျှသာ ကျန်တော့ကြောင်း အနောက်အုပ်စု လုံခြုံရေးအရာရှိတစ်ဦးက သြဂုတ် ၂၉ ရက်တွင် ပြောသည်။

တချိန်တည်းမှာပင် အာဖဂန်နစ္စတန်၏ တာလီဘန်တို့ကလည်း ကဘူးလ်လေဆိပ်ကို ထိန်းချုပ်ရန် အသင့်ဖြစ်နေကြောင်း တာလီဘန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

ရွှေ့ပြောင်းကယ်ထုတ်မှု လုပ်ငန်း၏ အလုံးစုံ အပြီးသတ်မည့် နေ့ရက်နှင့် အချိန်နာရီတို့ကို လက်ရှိအချိန်အထိ မဆုံးဖြတ်ရသေးဟု အမည်မဖော်လိုသူ အနောက်အုပ်စု လုံခြုံရေးအရာရှိကြီးက ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၎င်းအနေဖြင့် အာဖဂန်နစ္စတန်ကနေ အမေရိကန်စစ်သည်အားလုံး တပ်ရုပ်မှုကို သြဂုတ် ၃၁ ရက် နောက်ဆုံးအပြီးသတ် သတ်မှတ်ချက်အတိုင်းသာ ပြီးစီးအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

၂၀၀၁ခုနှစ်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုများ၏ လက်သည်တရားခံများကို ကာကွယ်ပေးမှုအတွက် အမေရိကန်တပ်ဖွဲ့များက အာဖဂန်နစ္စတန်ကို ဝင်ရောက်ပြီး တာလီဘန်အစိုးရကို ဖြတ်ချခဲ့ပြီးနောက် နှစ် ၂၀ အကြာတွင် ယခုအခါ ယင်းနိုင်ငံကနေ ပြန်လည်ထွက်ခွာပြီ ဖြစ်သည်။

“ပြည်ပ အရပ်သားအားလုံးနဲ့ အန္တရာယ်နဲ့ ကြုံရနိုင်သူတွေကို ဒီနေ့မှာ ရွှေ့ပြောင်းခေါ်ထုတ်နေပါပြီ၊ ဒီလုပ်ငန်းစဥ် ပြီးတာနဲ့ တပ်ဖွဲ့ဝင်တွေ စတင်ထွက်ခွာပျံသန်းမှာ ဖြစ်ပါတယ်” ဟု လေဆိပ်တွင် နေရာယူထားသည့် အရာရှိကြီးက ပြောသည်။

အမေရိကန်နှင့်အကြား သဘောတူညီချက်တစ်ခုအောက်တွင် ယင်းအနေဖြင့် နိုင်ငံကနေ ထွက်ခွာပျံသန်းရန် ဆန္ဒရှိသည့် နိုင်ငံခြားသားများနှင့် အာဖဂန်များကို ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း တာလီဘန်တို့က ပြောထားခဲ့သည်။ ပြီးခဲ့သည့်နှစ်ပတ်အတွင်း အမေရိကန်နှင့် မဟာမိတ်များသည် ယင်းနိုင်ငံကနေ လူပေါင်း ၁၁၃,၅၀၀ ခန့်ကို ခေါ်ထုတ်ပေးထားခဲ့သည်။ သို့သော် ယင်းနိုင်ငံကနေ ထွက်ခွာလိုသည့် လူပေါင်းသောင်းချီ ကျန်ရစ်ခဲ့ဦးမည် ဖြစ်သည်။

အမေရိကန်အရာရှိတစ်ဦးက ယမန်နေ့က ရိုက်တာကို ပြောခဲ့ရာတွင် ကဘူးလ်လေဆိပ်၌ ကယ်ထုတ်ရေးမစ်ရှင် အထွတ်အထိပ်ကာလအတွင်း တပ်ဖွဲ့ဝင် ၅,၈၀၀ ခန့် ရှိခဲ့ရာကနေ ယခုအခါ တပ်ဖွဲ့ဝင် ၄,၀၀၀ အောက်သာ ရှိနေတော့သည်ဟု ပြောခဲ့သည်။ တပ်ဖွဲ့ဝင်တစ်ချို့ ရုပ်သိမ်းထားခဲ့ပြီ ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောသော်လည်း တပ်ဖွဲ့ဝင်အင်အား မည်မျှ ဆက်ကျန်နေသလဲ ဆိုသည်ကို အတိအကျ ပြောရန် ငြင်းဆန်ခဲ့သည်။

တချိန်တည်းမှာပင် အမေရိကန်တပ်များ အပြီးသတ်ထွက်ခွာသွားသည်နှင့် ကဘူးလ်လေဆိပ်ကို ထိန်းချုပ်ရန် အသင့်ရှိနေပြီဟု တာလီဘန်တာဝန်ရှိသူတစ်ဦးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly